DVB Logo
Home
မေးမြန်းခန်း
ရွှေတွင်းအလုပ်သမားဆန္ဒပြမှုအခြေအနေ မေးမြန်းချက်
DVB
·
June 4, 2012
ရွှေတွင်းအလုပ်သမားဆန္ဒပြမှုအခြေအနေ မေးမြန်းချက်
Donate to DVB

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်းက မိုးထိမိုးမိတောင်ပေါ် ရွှေတွင်း လုပ်ကွက်မှာ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီက အလုပ်ရပ်နားလိုက်တဲ့ အတွက် အလုပ်လက်မဲ့ဖြစ်သွားတဲ့ သောင်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ ဒီနေ့ ၄ ရက်မြောက်နေ့ အဖြစ် ဆက်လက် ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြ အလုပ်သမားတွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မိထ္ထီလာမြို့နယ် ကနေ တသီးပုဂ္ဂလိက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ပြိုင်ခဲ့တဲ့ ဒေါ်မြင့်မြင့်အေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မိုးထိမိုးမိ တောင်ပေါ်က ရွှေတွင်းအလုပ်သမားတွေ ဘာကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတယ် ဆိုတာ ပြောပြပေးပါလား။

“အရင်တုန်းကတော့ မိုးထိမိုးမိတောင်က ၁၈ မိုင်ပတ်လည်၊ ဧကပေါင်း ၆၁၀၅ ဧက ရှိတယ်။ အရင်ကတော့ ကန့်သတ်နယ်မြေ၊ ၁၄၄ ထုတ်ထားတယ်။ အဲဒီတုန်းကတော့ ခိုးတူးတာရှိကောင်းရှိမယ်။ အဲဒီတုန်းက စောင့်တာတော့ သတ္တုတွင်းတို့၊ ရဲတို့ ဒေသဆိုင်ရာတွေ၊ ရွာလူကြီးတွေ စောင့်တာဖြစ်လိမ့်မယ်။ အခုနောက်ပိုင်းမှာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ လီမိတက်ကနေ သူတို့အနေနဲ့ နိုင်ငံတော်ကို ၅ နှစ်အတွင်း ၅ ဒဿမ ၅၇၇ ရွှေတန်ချိန် ပေးသွင်းမယ်ဆိုတဲ့ စာချုပ်စာတမ်းနဲ့ သူတို့က လုပ်ပိုင်ခွင့် နိုင်ငံတော်ကနေ တရားဝင်ရတယ်။ ရတဲ့အခါမှာ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီအနေနဲ့ တောင်ပေါ်ကိုရောက်လာပြီးတော့ အင်းသား၊ အင်းပိုင် လူ ၅ သိန်းလောက်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ခေါ်ပြီးတော့ အားလုံးပူးပေါင်းလုပ်ကြမယ်လို့ ပြောတယ်။ စက်တွေထောင်ကြ၊ အင်းသားတွေမွေးကြ၊ တဲကနေ တိုက်ဖြစ်စေရမယ်၊ ၅ နှစ်သက်တမ်း တွဲလုပ်ကြမယ်။ သူတို့ကုမ္ပဏီကလည်း ဆက်လုပ်ခွင့်ရမယ်။ ဒီကလူတွေကလည်း အပြစ်အနာအဆာမရှိဘူးဆိုရင် လုပ်ငန်းတွေ မရပ်ဆိုင်းဘဲ ဆက်လုပ်ကြမယ်ဆိုပြီး အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ကိုယ်တိုင်က အဲဒီတောင်ပေါ်မှာ လူ ၅ သိန်း ရှေ့မှာ စကားပြောခဲ့တယ်။ ရိက္ခာပေးမယ်၊ ငွေလည်းပေးမယ်၊ အစစအရာရာ ထောက်ပံ့မယ်၊ ၀ိုင်းဝန်းလုပ်ကြမယ်လို့ ပြောခဲ့တယ်။ ပြောတော့ အင်းပိုင်တွေက သူတို့လယ်တွေ၊ ယာတွေ၊ မြေတွေ ကျွဲ၊ နွားတွေရောင်းပြီးတော့ အဲဒီအပေါ်မှာ ရင်းနှီးမြှုပ်နှံကြတယ်။ တရားဝင် လုပ်ခွင့်ရသွားပြီလို့ သူတို့နားလည်တာကို။ အခုကျတော့ ဧပြီလ ၁၈ ရက်နေ့မှာ စပြီးတားတယ်။ လုံးဝကို အလုပ်တွေကို လုပ်ခွင့်မပေးဘဲ ရပ်နားလိုက်တယ်။”

အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမားဦးရေက လက်ရှိဘယ်လောက်လောက် ရှိပါသလဲ။ သူတို့ကို မှီခိုနေတဲ့ မိသားစုနဲ့ဆိုရင် ဘယ်လောက်လောက်ရှိမလဲ။

“၅ သိန်းလောက်ရှိတယ်လို့ ပြောတယ်။ အဆင့်ဆင့်ပြောရရင် အမျိုးသား ကြီးပွားရေး ကုမ္ပဏီမှာ အဖွဲ့ဝင်ဆိုတော့ အဲဒီအောက်မှာ စက်ပိုင်လို့လည်း ခေါ်တယ်။ အင်းပိုင်လို့လည်းခေါ်တယ်။ သူတို့ကနေ အင်းသားလေးတွေကို မွေးတယ်။ အင်းသားထက် တဆင့်နိမ့်တာကတော့ လက်လုပ်လက်စားလေးတွေ၊ ဆံပင်ညှပ်သမား၊ ဈေးသည်ကအစ အဲလိုမျိုးအဆင့်ဆင့်ရှိတော့ လူ ၅ သိန်းလောက်ရှိတယ်။ အင်းပိုင်၊ စက်ပိုင်ကတော့ ငွေကုန်ကြေးကျခံပြီး ရောက်လာတာ ဆိုတော့ ပြန်စရာမြေလည်း မရှိတော့ဘူး။ လယ်ယာမြေတွေ နွားတွေရောင်းပြီး တရားဝင်လုပ်လို့ ရပြီဆိုပြီး၊ ပြောချင်တာက ဒီတောင်ကြီးက ရွှေတအားထွက်တယ်။ အဲဒါကို ရှေ့ကလမ်းကြောင်းသွားလို့ အင်းပိုင်လေးတွေ၊ အင်းသားလေးတွေက မြန်မာလူမျိုးတွေ၊ ရှမ်းလူမျိုးတွေ ကိုယ့်တိုင်းရင်းသား လူမျိုးတွေက လမ်းဖော်လိုက်လို့ ရွှေကြောတွေ့ပြီဆိုမှ မောင်းချတယ်။ စက်ကြီးတွေနဲ့လုပ်မယ်။ သဘာဝပတ်ဝန်းကျင်တွေမှာ အင်းသေးသေးလေးတွေ မရှိသင့်ဘူးဆိုပြီး အင်းတွေဖောင်းပွတယ်။ စက်ကြီးတွေနဲ့ပဲ အများစုလုပ်တာပဲ ဖြစ်သင့်တယ်။ ဒါကြောင့် မင်းတို့ကို ၇ လလောက် လုပ်ပိုင်ခွင့် ပေးပြီးပြီ ဆိုတော့ ဘာမှမစားရသေးဘူး။ ဗြုန်းတောင်မှ တအိတ်မှ မပစ်ရသေးတဲ့ အဖွဲ့တွေ ရှိတော့ အရှုံးနဲ့ပေါ့၊ လူတွေက ဘယ်လိုမှ မခံနိုင်ဘူး။ မေလ ၄ ရက်နေ့က တခါဆန္ဒပြတယ်။ မေလ ၆ ရက်နေ့က တခါပြတယ်။ ဒါပေမယ့် ဘယ်သူမှ မသိလိုက်ဘူး။ ဇွန် ၁ ရက်နေ့မှာ အဲဒီအမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ လီမိတက်ရဲ့ ပင်မစခန်းကြီးမှာ သူတို့ဆန္ဒပြတယ်။”

ဘယ်လိုပုံစံနဲ့ ဆန္ဒပြကြတာလဲ။

“လူတွေအကုန်လုံး မတ်တပ်တွေရပ်ပြီး အရှေ့က တိုင်ပေးတဲ့သူက တိုင်ပေးတယ်။ ကြွေးကြော်သံ ၅ ခုကို တိုင်ပေးပြီး လူတွေက ဒို့အရေးလိုက်ဆိုတယ်။ ကြွေးကြော်သံတွေကတော့ တစ်က အင်းများ ယခင်ပုံစံအတိုင်း ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေး၊ ဇုန်အတွင်း စက်များ ယခင် ပုံစံအတိုင်း ပြန်လည် လည်ပတ်ခွင့် ရရှိရေး၊ လုပ်သားများ ယခင်ပုံစံအတိုင်း အစုခံစားခွင့်ရရှိရေး၊ လက်ဝါးကြီးအုပ် အရင်းရှင် ကုမ္ပဏီစရိုက် အလိုမရှိ၊ ဒီမိုကရေစီ စီးပွားရေးစနစ် အောင်ရမည်၊ ဆိုတာတွေ ကြွေးကြော် တယ်။ ပြီးတော့ ကမ္ဘာမကျေ သီချင်းကို တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ တို့ပြည်တို့မြေဆိုတဲ့ အရင်နိုင်ငံတော် သီချင်းကို ပြိုင်တူဆိုကြတယ်။ မနက် ၈ နာရီကနေ ဆန္ဒပြနေကြတယ်။”

ဒီဆန္ဒပြပွဲကို အာဏာပိုင်တွေက ကုမ္ပဏီနဲ့ကြားမှာ ကြားဝင်ဆောင်ရွက်ပေးတာ ရှိပါသလား။ ဘယ်လိုမျိုးကြားသိရလဲ။ ရှေ့ဆက်ဘယ်လို ဖြစ်မယ်ဆိုတာကို ခန့်မှန်းလို့ရသလဲ။

“ကြားဝင်ရအောင်က ကျမတို့ အဲဒီမှာမြင်တာက စစ်တပ်မရှိဘူး၊ ရဲပဲရှိတယ်။ တောင်ကုန်းတဖက်ပေါ်မှာ ရဲကင်းပဲရှိတယ်။ ပြန်ကြားသိတာကတော့ ရဲတွေကို အမျိုးသားအကျိုးကြီးပွားတိုးတက်ရေး ကုမ္ပဏီ ရုံးခန်းဘက်ကနေ ရဲကိုလှမ်းပြောတယ်။ ရဲကလည်း ဒါ ငါတို့ကို ပြတာမဟုတ်ဘူး။ မင်းတို့ကိုပြတာဆိုပြီး ရဲကလည်း ဘာမှဝင်ရောက် စွက်ဖက်တာမရှိဘူး။

လူထုကတော့ သောင်းဂဏန်းကနေ သိန်းဂဏန်းလောက်ထိအောင် ဆန္ဒပြနေတယ်။ အားလုံး ဇုန် ၁၂ ဇုန် ရှိတယ်။ ဇုန် ၁၂ ခုလုံးမှာပြလိမ့်မယ်။ မနက်ဖြန်မှာတော့ စခန်းကြီးမှာ ပြလိမ့်မယ်။ အဲဒီလိုနဲ့ ၇ ရက်နေ့ထိအောင် ချိန်းလိုက်တယ်။ ၇ ရက်နေ့မှာတော့ အဲဒီ အမျိုးသားကြီးပွားရေး ကုမ္ပဏီကနေပြီးတော့ အကြောင်းပြန်မယ်လို့ ပြောတယ်။ ဒီကြားထဲမှာပြောချင်တာက သူတို့ဒီဇင်ဘာ ၂၅ ရက်နေ့က သူတို့လုပ်ပိုင်ခွင့် ဆိုတဲ့ တောင်ယာကုမ္ပဏီ နာမည်နဲ့ အင်းဦးစီးနာမည်တို့ အင်းအမှတ်တို့နဲ့ တရားဝင်လုပ်ပိုင်ခွင့် လိုင်စင်စာရွက်လေး ထုတ်ပေးထားတာရှိတယ်။ နှုတ်ကတိအားဖြင့် ၅ နှစ်လုပ်ဖို့ ပြောပြီးကာမှ အခုလို ချက်ချင်းကြီး မောင်းချတယ်ဆိုတော့ မဖြစ်သင့်ဘူး။ လက်လုပ်လက်စားတွေကော အကုန်လုံး မောင်းချလိုက်တော့ အရင်တုန်းကဆိုရင် ဘယ်နေရာမှာဖြစ်ဖြစ် ပိုက်ဆံချေးရင်လည်း လွယ်တယ်။ ဈေးစားစရိတ်ကိုလည်း အကြွေးစားလို့ရတယ်။ အခုက အကုန်လုံးရပ်တန့်သွားတော့ စားသောက်ဆိုင်တွေလည်း အကြွေးတွေရဖို့ စောင့်နေတယ်။ စားသောက်ဆိုင်တွေကလည်း သိန်း ၄၀ - ၅၀ - ၆၀ အကြွေးတွေ ရစရာဖြစ်ကုန်တယ်။ ကျန်တဲ့လုပ်ငန်းတွေ ရပ်ဆိုင်းသွားပြီ။ တယောက်နဲ့ တယောက်လည်း အကြွေးမပေးနိုင်တော့ဘူး။ စားစရာမရှိလို့ ငှက်ပျောဖူးတွေတောင် စားနေရပြီ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013