DVB Logo
Home
Lead Story
ရဲဘော်လှတင်အောင် (၂)
DVB
·
April 6, 2018
ရဲဘော်လှတင်အောင် (၂)
Donate to DVB

၁၉၈၆ ခု နှစ်ကုန်ပိုင်း စက်တင်ဘာ၊ အောက်တိုဘာလောက် ဖြစ်မည်ထင်သည်။ ၁၉၈၂ ခုနှစ်က ပုဒ်မ ၅(ည) နှင့် ထောင်ဒဏ် ၅ နှစ်ချခံရပြီး ကျနော့်ကို အင်းစိန်ထောင်မှနေ ပြည်ထောင်သို့ ပို့လိုက်၏။ ၈၆ နှစ်ကုန်ပိုင်းရောက်မှသာ ထောင်သက်တမ်း အကျဉ်းကျကာလ ပြည့်ပြီဖြစ်၍ ပြည်ထောင်မှနေ ကျနော့်ကို လွှတ်လိုက်ပါသည်။ ယခင့် ယခင်က လွတ်သလို ပုဒ်မ ၅ ဖြင့်ဖမ်း၊ ဘယ်နေ့ဘယ်ရက် လွတ်မည်မှန်း မသိခြင်း မဟုတ်တော့ဘဲ ဘယ်နေ့ ဘယ်ရက် လွတ်မည်မှန်း သိနေ၍ အိမ်ကလည်း လာကြိုပါသည်။ ထိုအချိန်တွင် ပြင်ပနိုင်ငံရေး အခြေအနေ၊ ယူဂျီလှုပ်ရှားမှုများကို ကျနော် မသိပါ။ ထောင်ထဲ ရောက်နေ၍ အဆက်အသွယ်လုပ်မည့်သူလည်း မရှိပါ။ ဤသို့ဖြင့် အပြင်ရောက်သည့်အခါ ယခင်ပုဒ်မ ၅ ထိန်းသိမ်းစဉ် ကာလကလို မိမိအလုပ်ဌာနကလည်း အလုပ်မခန့်၊ ရာထူးချ လစာလည်း မပေးတော့ပေ။ စာရေးဖို့ မဂ္ဂဇင်းများနှင့်လည်း အဆက်အသွယ် မလုပ်နိုင်သေးပေ။ ထို့ကြောင့် စာအုပ်အငှားဆိုင်လေးတဆိုင် ဖွင့်ဖို့ ကြိုးစားရပါတော့သည်။ ထိုအခါ စစ်ထောက်လှမ်းရေးက လွှတ်ထားသော သတင်းပေး Informer သည် အိမ်သို့ ရောက်လာပါတော့သည်။ စစ်ထောက်လှမ်းရေးကိုယ်တိုင် လွှတ်လိုက်ခြင်းလည်း ဖြစ်ပုံရသည်။ သူမသည် တောထဲမှ လက်နက်ချလာသော အမျိုးသမီးတဦး၊ သူမ၏ မိဘများမှာ ဗကပ ဗဟိုကော်မတီမှ ဖြစ်ပါသည်။ ပြင်ပလောကနှင့် စိမ်းနေသော ကျနော်သည် ဧည့်သည်ကို ဧည့်သည်လို ဆက်ဆံခဲ့သည်။ မည်သူကမှလည်း သူမနှင့်ပတ်သက်ပြီး သတိမပေးကြသဖြင့် ထိုမိန်းမကို လက်ခံခဲ့မိခြင်း ဖြစ်ပါသည်။ ထိုအချိန်မှာပင် ထောင်မှလွတ်ပြီး လပိုင်းအတွင်း သမီးဖြစ်သူ မင်္ဂလာဆောင်၊ အိမ်အနီးအနားတွင် နေထိုင်သော ကိုလှရွှေ၊ ကိုလှတင်အောင်၊ ကိုမြစိန်၊ ကိုမောင်မောင်ထူး စသည့် ရဲဘော်ဟောင်းများကို ဖိတ်၊ သူတို့လည်း မင်္ဂလာဧည့်ခံပွဲကို တက်၊ ထိုမင်္ဂလာဧည့်ခံပွဲအပြီး နောက်တရက်၊ နှစ်ရက်မှာပင် ဧည့်ခံပွဲလာသော နိုင်ငံရေး အကျဉ်းသားဟောင်းအားလုံးကို စစ်ဆင်ရေးတရပ်အဖြစ် စစ်ထောက်လှမ်းရေးက ဖမ်းဆီးသွားပါတော့သည်။ ထိုထဲတွင် ကိုလှတင်အောင်လည်း ပါပါသည်။

ဘယ်သူတွေ အဖမ်းခံရ၍ ဘယ်သူတွေပါလာမှန်း ကျနော်မသိပေ။ မနက် ၃ နာရီလောက် ကျနော့်အိမ်စုတ်လေးထဲ ထောက်လှမ်းရေးက ဝုန်းဒိုင်းကြဲပြီး ဝင်၊ ထောက်လှမ်းရေးတယောက်နှင့် ကျနော့်ကိုတွဲပြီး လက်ထိတ်ခတ်၊ စာရွက်စာတမ်းများကို ရှာဖွေစစ်ဆေး၊ မျက်နှာကို အဝတ်နက်ဖြင့်စည်းပြီး ကမ္ဘာပျက်သလို တအိမ်လုံးကို မွှေနှောက်ပြီးသည့်နောက် ကျနော့်ကို ရေကြည်အိုင် အကျဉ်းစခန်းသို့ ခေါ်ဆောင်သွားလေသည်။ ရေကြည်အိုင်တွင် ၃၊ ၄ ရက်လောက် စစ်၊ ဘာမှမသိ၍ ဘာမှမပြောနိုင်သောအခါ ထောက်လှမ်းရေး ၆ ကိုးမိုင်ခွဲသို့ ပို့ကာ စစ်လေသည်။ ကိုယ်ထိလက်ရောက် စစ်ဆေးမှုများလည်း ပါလာ၏။ ၅ ရက်၊ ၅ ည အစာ လုံးဝမစားရ၊ လက်ထိတ် နောက်ပြန်ခတ်၊ မျက်လုံး အဝတ်နက်စည်း၊ ၅ ရက်စလုံး ထိုင်နေရကာ မအိပ်ရပေ။ ဆက်တိုက်စစ်ဆေး၏။ အာအလွန်ခြောက်၍ ရေဆာလာလျှင် တဇွန်းစာရေကို နှုတ်ခမ်းတေ့၍ အာစွတ်ရုံတိုက်၏။ ရေအဝသောက်ခွင့် မရှိပေ။ လက် ခြေများမှာ သွေးသံရဲရဲဖြင့် ဖြစ်နေသည်။ စစ်နေရင်း ငိုက်ကျသွားလျှင် မျက်နှာကို ရေဖြင့်လောင်းကာ နိုးလာအောင် လုပ်သည်။ ရုပ်ရှင်ထဲတွင်ပါသော ဖက်ဆစ်တို့၏ စစ်ဆေးခြင်းနှင့် ဘာမှ မကွာခြားကြောင်း အာမခံပါသည်။ နောက်ဆုံး ၅ ရက်ပြည့်သည့်အချိန်၌ စစ်ကြောသည့် နေရာမှနေ အချုပ်ခန်းထဲ ထည့်လိုက်၏။ ထိုအခါမှ အိပ်ခွင့်ရပါသည်။ မနက်အိပ်ရာမှ နိုးသည့်အချိန် အချုပ်ခန်းထောင့်မှနေ အပြင်သို့ စောင်းကြည့်လိုက်ရာ ရေကန်လေးကို တွေ့ရ၏။ ထိုရေကန်လေးတွင် ရေလာချိုးသောလူများကိုလည်း အမှတ်မထင် တွေ့လိုက်ရပါသည်။ ကိုလှရွှေ၊ ကိုမြစိန်နှင့် ကိုလှတင်အောင်တို့ ဖြစ်လေသည်။ သူတို့ ဘာလို့ အဖမ်းခံရတာပါလိမ့်။ သူတို့ရော ငါရော ဘာလုပ်လို့ အဖမ်းခံရတာပါလိမ့်။ သေချာသည်မှာ ကျနော် ထောင်မှလွတ်လာသည်မှာ ၄ လသာရှိသေး၏။ ဘာမှမလုပ်ဆိုသည်မှာ ဘယ်ယူဂျီ၊ ဘယ်ပါတီနှင့်မျှ အဆက်အသွယ်မရှိခြင်းကို ဆိုလိုပါသည်။

မှတ်မိသည်မှာ ကျနော့်ကို ရေကြည်အိုင်၏ စစ်ဆေးသူများထဲတွင် နောင်အခါတွင် ထင်ရှားသော စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်သန်းထွန်း ပါဝင်လေသည်။ သူ့အထက်မှာ ဗိုလ်ခင်ညွန့်က ကွပ်ကဲပေလိမ့်မည်။ ကျနော့်ကို ထောင်ပို့သည့်နေ့၊ ဗိုလ်သန်းထွန်းမှာ ဗိုလ်မှူးတဦးဖြစ်ကြောင်း သူ့ယူနီဖောင်းကိုတွေ့မှ သိရလေသည်။ ဤသို့ဖြင့် အင်းစိန်ထောင် ရောက်လာသည်။ ပထမဆုံး ၁ တိုက်တွင် နေရ၏။ နောက် အထူးတိုက်ရောက်၏။ အထူးတိုက်မှနေ ၄ တိုက်အတိုသို့ ရောက်၏။ စစ်ခွေးတိုက်သို့ ရောက်သည်။ ထောင်ထဲရှိ တိုက်များကို လှည့်ကာ ရောက်ခဲ့ရလေသည်။ အထူးတိုက်ရောက်စဉ် ကိုလှရွှေနှင့် ကျနော်က တိုက်ခန်း ၁ နှင့် ၂ တွင် ကပ်လျက်နေရ၏။ ဘယ်သူဘယ်ဝါ ပါလာကြောင်း ကိုလှရွှေပြောမှ ကျနော်လည်း သိရလေသည်။ ကျနော်တို့ကို မကျေနပ်ကြောင်း၊ ကျနော်တို့ အနေအထိုင်မတတ်၊ အပေါင်းအသင်းမတတ်၍ မဆိုင်သူများပါ သိမ်းကျုံးအဖမ်းခံရကြောင်း ကိုလှတင်အောင်က ကိုမြစိန်နှင့် သူ့ကို ပြောကြောင်း ကိုလှရွှေက ပြောပြပါသည်။ မှန်ပါသည်။ ထိုအချိန်ထိ ကိုလှတင်အောင်နှင့် ကျနော် မဆုံဖြစ်သေးပါ။ မကြာခင်မှာပင် ကျနော်တို့ကို အထူးတိုက်မှနေ ၄ တိုက်အတိုသို့ ပြောင်းရွှေ့လိုက်တော့သည်။ ထိုအခါကျမှ သူနှင့် ကျနော် တခန်းတည်း အတူနေရလေသည်။ အတူနေရမှ ဖြစ်ကြောင်းကုန်စင်၊ ကျနော့်ဆီ သတင်းပေးမိန်းမ ရောက်လာသည့်အကြောင်း၊ စစ်မေးသည့်အခါ အောင်ခိုင်ဆိုသူကို သိ၊ မသိ။ ကျနော်ကိုယ်တိုင် အောင်ခိုင် ဟုတ်၊ မဟုတ် မေးကြကြောင်း၊ ကျနော်က ပြောပြသည်။ ထိုအခါကျမှ ကိုလှတင်အောင်နှင့် ကျနော် အလွန်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ခဲ့ကြပါသည်။ သူက ပွင့်လင်းသည်။ ကောက်ကျစ်စဉ်းလဲသူ မဟုတ်။ စိတ်ကတမျိုး၊ နှုတ်ကတမျိုး မဟုတ်။ စိတ်ထဲရှိသမျှ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သည်။ နိုင်ငံရေး သဘောထားကအစ လူပုဂ္ဂိုလ်အပေါ်ထားသည့် သဘောထားအထိ တသမတ်တည်း ရှိသည်။ မကြိုက်သူကို မကြိုက်၊ ကြိုက်သူကို ကြိုက်သည်ဟု ပွင့်ပွင့်လင်းလင်းရှိ၏။

ကျနော့်ကိုလည်း တွေ့သည်နှင့် ဝေဖန်၏။ ဗြောင်ပင်ပြော၏။ နောက်ပိုင်း သူနှင့် ငယ်ပေါင်းများလို ရင်းနှီးခဲ့ပါတော့သည်။ အတူအိပ်၊ အတူစားကာ သူ၏ ကိုယ်ကျိုးမငဲ့သော စိတ်၊ ရဲဘော်များအပေါ် အနစ်နာခံသောစိတ်များကို သိရှိလာရသည်။ အိမ်က ပါဆယ်လာလျှင် အားလုံးရှေ့ ချပေးလိုက်သည်။ ကြက်နှစ်တုံးပါလျှင် လူနှစ်ယောက်၊ တယောက် တတုံး၊ ဆေးလိပ် ၁ဝ လိပ်ပါလျှင် လူ ၅ ယောက် တယောက် ၂ လိပ်သောက် ဆိုသည့် သဘောပင်။ ၆ ပေ၊ ၁၀ ပေအခန်းထဲတွင် ကိုလှတင်အောင်၊ ကျနော်၊ ကိုလှရွှေ၊ ကိုမင်းသူ (ရိုက်တာသတင်းဌာန သတင်းထောက်ကြီး ဦးမင်းသူ ခေါ် နှုတ်ခမ်းမွေးဦးမင်းသူ)၊ နောက် ကိုသက်တင်လည်း ရောက်လာသည်။ မန္တလေးက ကိုကံချွန်လည်း ရောက်လာ၏။ ထိုအချန်းကျဉ်းလေးထဲတွင် ကျနော်တို့ ကျပ်ကျပ်တည်းတည်း ကျောတနေရာစာ အိပ်ရုံလေးဖြင့် နေရလေသည်။ သူက အသည်းနှင့်ပတ်သက်ပြီး ဆေးရုံတွင် ခွဲစိတ်ပြီးသည်မှာ နှစ်ပိုင်းလောက်သာ ရှိလိမ့်ဦးမည် ထင်ပါသည်။

ထိုအချိန်၌ ကိုလှရွှေမှာ အာရုံကြောအားနည်းသည့် ဝေဒနာ အပြင်းအထန် ခံစားရပါတော့သည်။ သွေးပေါင်ချိန်တက်သည် ဆိုသည်လည်း အလွန်အကျွံတော့ မဟုတ်။ သို့သော် အလွန်မူးဝေသော ဝေဒနာကို ခံစားရပါတော့သည်။ အိပ်၍လည်း မပျော်၊ သွေးကျဆေး သောက်ထားသော်လည်း အမူးက မပြေနိုင်ပေ။ နံရံတွင် အသာလေး မှီထိုင်နေက အနည်းငယ် သက်သာသည်။ သို့သော် ပျောက်ကင်းသွားသည် မဟုတ်။ ထိုအချိန်တွင် ဆီးသွားချင်၊ ဝမ်းသွားချင်လာလျှင် ဒုက္ခရောက်တော့သည်။ ဂန်ဖလားပေါ်တွင် သူ့ဟာသူ မှီထိုင်၍မရတော့ပေ။ ဘေးမှ ၂ ယောက်က သူ့လက်မောင်းကို ဆွဲကာ သူကလည်း ဘေးမှ လက်မောင်းကိုတွဲကာ ခေါင်းကိုမှီထားမှ ဝမ်းသွား၍ရသည်။ ထိုအခက်အခဲများကို ကျနော်နှင့် ကိုလှတင်အောင်က အမြဲကူညီဖေးမရလေသည်။ ကိုလှရွှေကလည်း ကျနော်တို့၏ ကူညီမှုကို အလေးအနက်ထား၏။ အလွန်မူးသည့် ကာလမျိုး၌ ခေါင်းအုံးပေါ် ခေါင်းချ၍မရပေ။ လူတယောက်က ပွေ့ပြီး လက်ပေါ် ခေါင်းအုံး၍ ထားရလေသည်။ ကျနော်က ခေါင်းအုံးနှင့် သူ့ခေါင်းကြား လက်ကိုထား၍ သူအိပ်မှ အသာလေး ခေါင်းအုံးပေါ်ချကာ ပေးရလေသည်။ ကိုလှတင်အောင်မှာလည်း ထိုအတိုင်းပင် ကူညီဖေးမလေသည်။ ကိုလှတင်အောင်မှာ ရဲဘော်များအပေါ် မညည်းမညူ မမြည်မတွန်ဘဲ ကူညီစောင့်ရှောက်သောစိတ်ကို ထိုအခါကျမှ ကျနော် တွေ့ရှိရလေသည်။ သူတို့ ဘိုကလေးမှ ကျောင်းသားရဲဘော်များ၊ နိုင်ငံရေးရဲဘော်များ၏ အကြောင်းကို ကိုလှတင်အောင် ပြောပြ၍ သိရှိရလေသည်။ ကိုလှရွှေလည်း ဘိုကလေးသား တကသ ခေါင်းဆောင်၊ ကိုလှတင်အောင်လည်း ဘိုကလေးသား တကသခေါင်းဆောင်၊ သူတို့ရှေ့တွင် ကိုဘဆွေလေး၊ နောက် ကျနော်တို့ ကျွန်းအတူနေရသော ကိုဘကြည်(ကျွန်းပြန်)၊ နောက် ကျနော်နှင့်လည်း အလွန်ရင်းနှီးပြီး အလွန်လည်း စိတ်သဘောထား ဖြောင့်မတ်ကာ ပျော်ပျော်နေတတ်သော ကိုသိန်းဆွေတို့အကြောင်းကို ကိုလှတင်အောင်က မှတ်မှတ်ရရ ပြောပြသည်။

သူ အမြဲပြောပြသည်မှာ ကျောင်းသားခေါင်းဆောင် ကိုထွန်းကြည် ဖြစ်၏။ သူ့ကို ကိုလှတင်အောင်က အလွန်လေးစားသည်။ သူ့ဆရာအဖြစ်ပင် သဘောထားသည်။ သူ့ကို နိုင်ငံရေးသဘောတရားများ သင်ပေး၊ နောက်ဆုံး သူ တောထဲ ကျဆုံးသွားသည်အထိ မမေ့နိုင်သောသူဖြစ်ကြောင်း ကိုလှတင်အောင်က ကျနော့်ကို ပြောပြလေသည်။ ကိုလှတင်အောင် ကျွန်းကပြန်လာပြီးသည့်နောက် ပတ်သက်ရာ ပတ်သက်ကြောင်းဖြင့် ထောင်ထဲ လပိုင်းလောက်သာ ရောက်ခဲ့ပြီး ယခုအချိန်က အကြာဆုံးဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ထောင်နှင့်အဆက်အဆံမှာ ကျနော့်လောက် အကြိမ်ရေမများ၊ နှစ်ကာလ မများခဲ့ပေ။ ကျနော်က ထောင်အကြောင်း နောကျေနေပြီဖြစ်၏။ နောက် ကျနော်တို့ကို စစ်ခွေးတိုက်သို့ ရုတ်တရက် ပြောင်းလိုက်လေသည်။ ဘာကြောင့်မှန်း မသိပေ။ မနက်စာ စားပြီးသည်နှင့် ကျနော်တို့ကို စောင်များအုပ်ကာ ခေါ်သွားကြ၏။ ကိုလှတင်အောင်နှင့် ကျနော်မှာ စောင်တထည်တည်း အအုပ်ခံရပြီး ထောင်ဝါဒါများက ဆွဲသွားကြ၏။ တိုက်မှနေ မိန်းဂျေးဘက်က အထွက်လမ်းပေါ်တွင် ဂက်စ်မီးခြစ်အသစ်လေးတလုံး ကျနေသည်ကို တွေ့လိုက်ရသည်။ ထောင်ဝါဒါလေးကလည်း တွေ့လိုက်ရာ ကောက်လိုက်ပြီး “ဘယ်သူ့ဟာလဲ” လို့ မေးရာ ကျနော်လည်း မတုံ့မဆိုင်းဖြင့် “ကျနော့်မီးခြစ်ပါ” ဟု ဖြေလိုက်သည့်အတွက် ဝါဒါလေးက “ရော့၊ ရော့” ဟု မီးခြစ်ကို ကမ်းပေးလိုက်ပါသည်။ အမှန်မှာ ကျနော့်မီးခြစ်လည်း မဟုတ်။ ထောင်ထဲ၊ အထူးသဖြင့် တိုက်ထဲတွင် မီးခြစ်ကိုင်ခွင့် မရှိပါ။ ဝါဒါလူသစ်ကလေးမှန်း သိသာပါသည်။ ဤသို့ဖြင့် ကျနော်တို့ အားလုံး စစ်ခွေးတိုက်သို့ ရောက်သွားပါသည်။ စောင်ကိုဖယ်၊ အခန်းထဲထည့်၊ တံခါးကိုပြန်ပိတ်ကာ ထောင်ဝါဒါလေး ထွက်သွားသည့်အခါတွင် ကိုလှတင်အောင်နှင့် ကျနော်တို့ ရယ်ကြပါတော့သည်။ ကိုလှတင်အောင်က “မင်း တော်တော်လက်ကောက်ကျတဲ့ကောင်ပဲ။ အေးပေါ့။ ထောင်ထဲ ခဏခဏရောက်တော့ ထောင်အကြောင်း ကောင်းကောင်းသိနေတာပေါ့ကွာ” ဟု ပြောရင်း ဘေးခန်းမှ ကိုလှရွှေကိုလည်း ထိုအကြောင်း အားပါးတရ ပြောပြနေပါတော့သည်။

ထက်မြက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013