DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ သဘာဝဘေးအန္တရာယ် လျော့ပါးရေးစီမံကိန်း ကျေးရွာ ၃၂ ရွာတွင် လုပ်မည်
DVB
·
April 6, 2018
မသန်စွမ်းသူများ သဘာဝဘေးအန္တရာယ် လျော့ပါးရေးစီမံကိန်း ကျေးရွာ ၃၂ ရွာတွင် လုပ်မည်
Donate to DVB

ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာ ၃၂ ရွာမှာ မသန်စွမ်း အကျုံးဝင်သော သဘာဝဘေးအန္တရာယ် လျော့ပါးရေးစီမံကိန်း လုပ်ငန်းစဉ် ၂၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ မာလ်တီဆာ စီမံကိန်းညှိနှိုင်းရေးမှူးက ပြောပါတယ်။

ဧပြီ ၅ ရက် မနက် ၉ နာရီက တော်ဝင်ရတနာဟိုတယ်မှာ ပြုလုပ်တဲ့ မသန်စွမ်း အကျုံးဝင်သော သဘာဝဘေးအန္တရာယ် လျော့ပါးရေးစီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း မသန်စွမ်းလူထုရဲ့ အချိုးအစား မတူညီတဲ့ ဘေးအန္တရာယ် လျှော့ချနိုင်ရေး စီမံချက်အနေနဲ့ ဘားအံမြို့နယ်မှာ ကျေးရွာ ၁၃ ရွာ၊ လှိုင်းဘွဲ့မြို့နယ်မှာ ကျေးရွာ ၁၄ ရွာ၊ ဖာပွန်မြို့နယ်မှာ ကျေးရွာ ၅ ရွာ စုစုပေါင်း ကျေးရွာ ၃၂ ရွာမှာ လုပ်ငန်းစဉ် ၂၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

သဘာဝဘေးအန္တရာယ် ကြုံတွေ့တိုင်းမှာ မသန်စွမ်းတွေရဲ့ အခွင့်အရေးတွေကို လေးစားပြီး အလေးထား ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (မီလီ) စီမံခန့်​ခွဲရေး ဒါရိုက်တာ ဦးနေလင်းစိုးက ပြောပါတယ်။

“အထူးသဖြင့် သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ အခြေအနေတွေ ကြုံတွေ့တိုင်းမှာလည်း သူတို့ကို မေ့လျော့ချန်လှပ်ထားခြင်းမရှိဘဲနဲ့ ကမ္ဘာမီးလောင် သားကောင် ဖင်ခုထိုင်ဆိုသလို မဟုတ်ဘဲနဲ့ ကျနော်တို့က ဘယ်လောက်ပဲ အရေးကြီးနေနေ၊ သဘာဝဘေးတွေ ဘယ်လောက်ပဲ ကျရောက်နေပါစေ သူတို့တွေရဲ့အခွင့်အရေးတွေကို လေးစားပြီးတော့မှ ထည့်သွင်းဆောင်ရွက်တဲ့ လူမှုဝန်းကျင် ဖြစ်လာဖို့အတွက်ကို အစိုးရ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေက အလေးထား ဆောင်ရွက်ပေးဖို့” ပြောပါတယ်။

ဘားအံမြို့နယ်၊ ဇင်းမသွယ်ကျေးရွာနေ ကိုစောကျော်ဟဲက “မသန်စွမ်းတွေအတွက် သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့လာမယ့် အခက်အခဲတွေကို ကျေးရွာတွေမှာ စီမံချက်အလိုက် အကောင်အထည်ဖော်ပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးသွားမယ် ဆိုတော့ ကောင်းတာပေါ့။ မသန်စွမ်းတွေလည်း အများနည်းတူ အခွင့်အရေးတွေရရှိလာတာ ဝမ်းသာတယ်။ ဒီလိုစီမံကိန်းလုပ်ငန်းတွေမှာ ကျနော့်လို မသန်စွမ်းတဲ့သူတွေ များများ ပူးပေါင်းပါဝင်စေချင်တယ်” လို့ ပြောပါတယ်။

အခမ်းအနားကို ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ် လျော့ပါးရေး ကော်မတီဝင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက်သူတွေက ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မယ့် မသန်စွမ်းပူးပေါင်းပါဝင်တဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးရေး စီမံကိန်းမှာ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အားကောင်းလာစေဖို့ ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။

အခမ်းအနားမှာ ပြည်နယ်အတွင်း မသန်စွမ်းလူထုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ တင်ပြခြင်းနဲ့ မသန်စွမ်း ပူးပေါင်းပါဝင်တဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးရေး စီမံကိန်းအကြောင်း စီမံကိန်းတာဝန်ရှိသူတွေက ရှင်းလင်းတင်ပြရာ တက်​ရောက်လာသူတွေက မရှင်းလင်းတာတွေကို ပြန်လည်​မေးမြန်းခဲ့ပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013