
ကရင်အမျိုးသမီးအစည်းအရုံးရဲ့ ၃၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲကို တောင်ငူ ခရိုင် ထန်းတပင်မြို့နယ်ရှိ ထိုလွီဝါး အထက်တန်းကျောင်းမှာ ဒီမနက် ပထမဆုံးအကြိမ်ကျင်းပပြီး ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမျိုးသမီး ၁၅၀ ကျော်ကို ဂုဏ်ပြုခဲ့ပါတယ်။
ကရင်အမျိုးသမီးအစည်းအရုံးရဲ့ဗဟိုကော်မီတီတွေက ဦးဆောင်ပြီး နယ်ပေါင်းစုံကပါဝင်တဲ့ အခမ်းအနားကို ပထမဆုံးအကြိမ် ပြည်တွင်းမှာလွတ်လွတ်လပ်လပ်ကျင်းပတာဖြစ်တယ်လို့ ကရင်အမျိုးသမီးအစည်းရုံးရဲ့ ဗဟိုကော်မီတီဝင် နော်ဆဲဆဲ ကပြောပါတယ်။
“ကရင်အမျိုးသမီးနေ့က ကျမတို့ အမြဲတမ်းကိုယ့်ဒေသ၊ ကိုယ့်အဖွဲ့အစည်းမှာလုပ်တာပေါ့။ ဒါပေမယ့် အဲလောက်ထိ ပေါ်ပေါ်လွင်လွင်မလုပ်နိုင်ခဲ့ဘူး။ ဒေသအခြေအနေရပေါ့နော်။ ဒါပေမယ့် ဒီနေ့မှာကျတော့ ကျမတို့ ရှိသမျှ ခရိုင်အဆင့်၊ ကျေးရွာအဆင့်ပြီး နယ်စပ်တရှောက်မှာရှိတဲ့ KWO၊ ဒုက္ခသည်စခန်းမှာ ဖွဲ့စည်းခဲ့တဲ့ KWO အဖွဲ့တွေရော အကုန်လုံး ပူးပေါင်းပြီးတော့ ကျမတို့ ဒီလိုမျိုး ကျင်းပနိုင်တာ ဖြစ်ပါတယ်။”
ထိုလွီဝါးအထက်တန်းကျောင်းဟာ ကရင်အမျိုးသားအစည်းအရုံးရဲ့ ပညာရေးဌာနက သင်ရိုးညွန်းတန်းအတိုင်း သင်ကြားပေးနေတဲ့ ကျောင်းဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအခမ်းအနားမှာ ကရင်အမျိုးသမီးအဖွဲ့အစည်းမှာ ပါဝင်လုပ်ဆောင်ခဲ့တဲ့ အမျိုးသမီး ၁၅၁ ဦးနဲ့ အမျိုးသား ၂ ဦးကို ဂုဏ်ပြုခဲ့တယ်လို့ နော်ဆဲဆဲက ပြောပါတယ်။
“တစိုက်မတ်မတ် သူ့ဒေသ၊ သူ့နေရာမှာ အမျိုးသမီးအစည်းအရုံးထဲမှာပဲ လှုပ်ရှားနေတယ်။ တစိုက်မတ်မတ် အမျိုးသမီးရဲ့ တန်းတူအခွင့်အရေးအတွက်သော်လည်ကောင်း၊ ကျမတို့ ရည်ရွယ်ချက်တွေဖြစ်မြောက်ဖို့အတွက် တစိုက်မတ်လုပ်နေတဲ့အပေါ်မှာ အမျိုးသမီးအဖွဲ့နေတဲ့ အသိအမှတ်ပြုတယ်ပေါ့နော်။ ကျမတို့ဒီအမျိုးသမီးတွေကိုလည်း ပိုပြီးတော့သူတို့စိတ်ဓါတ်တွေကို ဒီလှုပ်ရှားမှုထဲမှာ ပိုပြီးတော့ စိတ်ဓါတ်မကျအောင်၊ တက်တက်ကြွကြွ ပိုလုပ်နိုင်အောင်၊ သူတို့ရဲ့ ပေးဆပ်မှု၊ လှုပ်ရှားမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုတာဖြစ်တယ်။”
ဒီလိုဂုဏ်ပြုတဲ့နေရာမှာ ကရင်အမျိုးသမီးအဖွဲ့အတွင်း ၅နှစ်၊ ၁၀နှစ်၊ ၁၅နှစ်၊ ၂၀ နှစ်နဲ့ ၂၅ နှစ်ပါဝင်လာတဲ့တဲ့ သူတွေကို သီးခြားစီ ဂုဏ်ပြုခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ကရင်အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိရေးအတွက် ကြိုးပမ်းနေတဲ့ ကရင်သတင်းစဉ်အယ်ဒီတာချုပ် နန်းဖောဂေကိုလည်း ထူးချွန်အမျိုးသမီးအဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာပဲ ၂၀၁၇ ခုနှစ်အတွက် ဖန်းဖောင်ဒေးရှင်းကပေးအပ်တဲ့ ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုရရှိတဲ့ ထိုင်းနိုင်ငံအခြေစိုက် ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှော
က်ရေးအဖွဲ့(OKRSO)မှ စောအဲသိုနဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားနေသူ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ နော်ဆဲဆဲ တို့ကိုလည်း ဂုဏ်ပြု လက်မှတ်တွေက ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဆုရရှိတဲ့ (OKRSO) အတွင်းရေးမှူးစောအဲသိုက “ဒီဆုရတယ်ဆိုတာကိုယ့်ရဲ့ တဦး တယောက်ထဲရဲ့ အရည်အချင်းမဟုတ်ဘူးပေါ့နော်။ OKRSO အဖွဲ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြိုးစားမှုလည်းပါတယ်။ ပြီးတော့ ကရင်အမျိုးသားကွန်ယက်၊ ဘန်ကောက်မှာအခြေစိုက်တဲ့ ကွန်ယက်အဖွဲ့တွေရဲ့ ကြိုးစားအားထုတ်မှုတွေလည်းပါတယ်။ သူတို့ရဲ့အားထုတ်လုပ်ဆောင်မှု တွေကြောင့် ဒီဆုချီးမြှင့်ခံရတယ်လို့ပဲ ကျနော်ခံစားရတာပေါ့နော်”လို့ပြောပါတယ်။
ဆုကိုပူးတွဲရရှိတဲ့ နော်ဆဲဆဲကလည်း ဒီဆုကိုရရှိခြင်းဟာ ပဒိုမန်းရှာဖြစ်စေချင်တဲ့ဆန္ဒ၊ အမျိုးသားရေး၊ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်ကို ဒီထက်မက လုပ်ဆောင်ဆောင်ဖို့ သတိပေးတာဖြစ်တယ်လို့လည်း ပြောပါတယ်။
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ကရင်လူမှုအဖွဲ့အစည်းအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အသက် ၃၅ နှစ် ထက်မကျော်သေးတဲ့ ကရင်လူငယ်တွေကို ချီးမြှင့်တာဖြစ်ပြီး ဆုကြေး အမေရိကန်ဒေါ်လာ ၂၀၀၀ ပေးအပ်တာဖြစ်ပါတယ်။











