
တောထဲဟင်းစားရှာထွက်စဉ် မောင်တောမြို့နယ်၊ ဘော်တလာကျေးရွာ ရွှေဇံချောင်းအနီးမှာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရလို့ သေဆုံးခဲ့ရတဲ့ မြိုတိုင်းရင်းသူ ဒေါ်ဆောင်ရွေးရဲ့ နာရေးကို မောင်တောမြို့သုဿန်မှာ ဒီနေ့ ဧပြီ ၅ ရက် မွန်းလွဲပိုင်းက ပြုလုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။
ဧပြီ ၄ ရက် မနက်ပိုင်းက သေဆုံးသူအပါအဝင် မြိုရွာသား ၈ ယောက်ဟာ ဘော်တလာကျေးရွာဘက် တောထဲမှာ ဟင်းသီးဟင်းရွက် သွားရှာတုန်း ဓားရှည်နဲ့ သံတုတ်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမား ၃ ယောက်က ရွှေဇံချောင်းနားမှာ လိုက်လံတိုက်ခိုက်လို့ ထွက်ပြေးလာတုန်း လူစုကွဲသွားပြီး အသတ်ခံခဲ့ရတာလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ကေဒီရွာတာဝန်ခံ ဦးထွန်းအေးကျော် က “ကျနော်တို့ ရွာသားတွေက ပြန်လာပြောလို့ ရဲကို အကြောင်းကြားပြီးလိုက်ရှာတော့ ဒေါ်ဆောင်ရွေးကို ဘော်တလာရွာမှာပဲ သေနေတာ တွေ့တယ်။ နောက်တယောက် အမျိုးသမီးတယောက်က ဒိုင်းနက်ရွာကိုရောက်တယ်လို့ ဖုန်းဆက်လာလို့ သွားခေါ်ရတယ်။ သူတို့တွေ ထွက်ပြေးတော့ လူစုကွဲပြီး အသတ်ခံရတာပါ”လို့ ပြောပါတယ်။
သေဆုံးသူကို သင်္ဂြိုဟ်ဖို့ မောင်တောနာရေးကူညီမှုအသင်း၊ ရခိုင်လူမှုကွန်ရက်၊ အရေးပေါ်ကူညီထောက်ပံရေးအဖွဲ့၊ ဘူးသီးတောင်လူမှုရေးအဖွဲ့တွေနဲ့ သံဃာတော်တွေ စုပေါင်းကူညီခဲ့ကြပါတယ်။
အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့က လူသတ်မှုနဲ့ အမှုဖွင့်အရေးယူထားပြီး အကြမ်းဖက်သမားတွေကို ဖမ်းမိဖို့ ပိတ်ဆို့ရှာဖွေမှုတွေ ဆက်လုပ်နေတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
သတင်း-ကိုအောင်
ဓာတ်ပုံ - စိန်လှဖြူ











