
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ငွေကျပ် တသောင်းတန်အတု ပြုလုပ်သူတွေကို တသောင်းတန်အတု ၉ ရွက်နဲ့အတူ ဧပြီ ၄ ရက်က ဖမ်းဆီးရမိခဲ့ပါတယ်။
မြိတ်မြို့၊ တညက်ကျေးရွာအုပ်စု၊ ပလုံးကျေးရွာကို ဧပြီ ၃ ရက်က လူငယ် ၂ ဦး ရောက်ရှိလာပြီး ကုန်စုံဆိုင်တွေမှာ စီးကရက်နဲ့ ငွေဖြည့်ကတ်တွေ လိုက်လံဝယ်ယူရာမှာ ငွေစက္ကူအတုတွေ ပေးချေသွားတယ်လို့ သတင်းပေးချက်အရ သက်ဆိုင်ရာက ဖမ်းဆီးခဲ့တာပါ။
ကြေးနန်းတိုင်ကျေးရွာထိပ်မှာ ရဲတပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့အတူ ကျွန်းစုမြို့နယ် ရေကန်အော်ကျေးရွာနေ သက်ပိုင်ဦး (၁၉-နှစ်) ကို ရှာဖွေစစ်ဆေးရာမှာ ငွေစက္ကူ အတုတွေ မတွေ့ရဘဲ သူနဲ့အတူပါလာတဲ့ မြိတ်မြို့၊ သာကေတရပ်၊ ကန်ကြီးနယ်မြေနေ ကိုဝတုတ် (၂၆-နှစ်)ကတော့ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
မြိတ်မြို့နယ် ရဲမှူးအေးမင်းက “ဒီလူငယ်နှစ်ဦးက သူတို့လုပ်ထားတဲ့ ငွေစက္ကူအတုတွေကို ပလုံးကျေးရွာမှာ လာသုံးကြတယ်။ အစမ်းသဘော လုပ်ကြည့်တဲ့ အနေအထားရှိတယ်။ ဖမ်းဆီးရမိတဲ့သူကို မေးကြည့်တော့ ငွေစက္ကူအတုတွေကို ပလုံးရွာမှာ သုံးစွဲထားကြတယ်။ ကျနော်တို့လည်း ရွာကို ဝင်သွားပြီး ဆိုင်တွေမှာ မေးကြည့်တော့ ကနဦး အတု ၅ ရွက် မိတယ်။ နောက်ထပ်စုံစမ်းကြည့်တော့ ၄ ရွက် ထပ်မိတယ်။ ကုန်စုံဆိုင် ၆ ဆိုင်မှာ ဆေးလိပ်နဲ့ ဖုန်းငွေဖြည့်ကတ်တွေ ဝယ်သွားကြတယ်။ အားလုံး တသောင်းတန် ၉ ရွက် မိပါတယ်။ ထွက်ပြေးသွားတဲ့ ဝတုတ်ကိုလည်း ဧပြီလ ၄ ရက်နေ့မှာ ဖမ်းမိခဲ့ပါပြီ” လို့ ပြောပါတယ်။
ဝတုတ်ကို မြိတ်မြို့၊ ကမ်းနားလမ်းရှိ လက်ဖက်ရည်ဆိုင်တဆိုင်မှာ မြို့နယ်ရဲမှူးကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးခဲ့ကာ ငွေစက္ကူအတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ကာလာမိတ္တူစက်နဲ့ တခြားဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
ငွေစက္ကူအတုပြုလုပ်သုံးစွဲသူ သက်ပိုင်ဦး (၁၉-နှစ်)နဲ့ ဝတုတ် (၂၆-နှစ်)တို့ကို တောင်ရှည်နယ်မြေ ရဲစခန်းက (ပ)၃/၂၀၁၈၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)











