DVB Logo
Home
မြန်မာသတင်း
လေသူရဲ ဗိုလ်မှူးအာကာဝင်းကို ကာကွယ်ရေးဦးစီးချုပ် ချီးကျူးဂုဏ်ပြု
DVB
·
April 5, 2018
လေသူရဲ ဗိုလ်မှူးအာကာဝင်းကို ကာကွယ်ရေးဦးစီးချုပ် ချီးကျူးဂုဏ်ပြု
Donate to DVB

 

ရွာပေါ်ကို လေယာဉ်မပျက်ကျစေဖို့အတွက် လေယာဉ်အားအတတ်နိုင်ဆုံး ထိန်းကျောင်းမောင်းနှင်ခဲ့စဉ် အသက်ဆုံးရှုံးခဲ့ရတဲ့ လေသူရဲဗိုလ်မှူးအာကာဝင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ဗိုလ်မှူးအာကာဝင်းဟာ လေယာဉ်ပေါ်ကနေ အလွတ်ရုန်းပြီး ခုန်ထွက်ရင် လွတ်မြောက်နိုင်ပေမယ့် ကျွန်းကုန်းရွာအပေါ် လေယာဉ်ပျက်ကျသွားနိုင်တာကြောင့် ခုန်မထွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ချီးကျုးဂုဏ်ပြု ခဲ့တာဖြစ်ပါတယ်။

လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းဟာ ဧပြီ ၃ ရက် မနက် ၁၀ နာရီ ၃၆ မိနစ်မှာ လေယာဉ်လေ့ကျင့်ပျံသန်းမှု စတင်ခဲ့ပြီး ၁၀ နာရီ ၄၄ မိနစ်မှာ လေယာဉ်ပြန်လည် ဆင်းသက်ဖို့ လေကြောင်းထိန်းတာဝါကို သတင်းပို့ခဲ့ပြီး လေယာဉ်ဆင်းပတ်လမ်းအတွင်းကို ချဉ်းကပ်ဝင်ရောက်ချိန် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့လို့  အင်ဂျင်စက်ရပ်တန့်ခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီလိုဖြစ်ပွားချိန်မှာ အနောက်ကနေ မောင်းနှင်လိုက်ပါလာတဲ့ အက်ဖ်-၇ လေ့ကျင့်ရေး လေယာဉ်တစီးရှိ ၀ါရင့်လေသူရဲတဦးက (Air Start) (လေထဲတွင် စက်နှိုးခြင်း) ပြုလုပ်ဖို့နဲ့  စက်မနှိုးပါက လုပ်ဆောင်သင့်တာတွေ လုပ်ဆောင်သွားဖို့ ညွှန်ကြားခဲ့တယ်။

လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းဟာ အဲဒီနေရာကနေ ၃၀ စက္ကန့်အထိ လေယာဉ်စက်ပြန်နိုးဖို့ ကြိုးစားခဲ့ပေမယ့် စက်နှိုးခြင်းမရှိလို့  အမြင့်မီတာ ၃၀၀ နဲ့ ပျံသန်းနှုန်း ၁ နာရီ ၃၂၀ ကီလိုမီတာနှုန်းကို ရောက်ရှိချိန်မှာ အရေးပေါ် အသက်ကယ်လေထီးပါထိုင်ခုံနဲ့ ခုန်ထွက်မယ်လို့ တာဝါကို ထပ်မံ သတင်းပို့ခဲ့တယ်။

မျက်မြင်စစ်ဆေးချက်တွေနဲ့ ကျွန်းကုန်းကျေးရွာက ကျေးရွာသားအချို့ရဲ့ မျက်မြင်တွေ့ရှိ ပြောကြားချက်တွေအရ အဲဒီနေရာဟာ အင်ဒိုင်းရွာအထက် အမြင့်မီတာ ၃၀၀ လောက်မှာ ရောက်ရှိနေပြီး လေယာဉ်ရဲ့ ဦးတည်ရာအရပ်ဟာ ကျွန်းကုန်းရွာကို ဦးတည်လျက်ရှိကြောင်း တွေ့ရှိရတယ်။

အဲဒီအချိန်မှာ အရေးပေါ်လေထီးနဲ့ ခုန်ထွက်မယ်ဆိုရင် လေသူရဲတဦးအတွက် လုံလောက်တဲ့ အချိန်နဲ့ အမြင့်ပေမှာရှိနေနိုင်ပြီး အသက်အန္တရာယ်လွတ်ကင်းနိုင်တဲ့ အခြေအနေရှိကြောင်းတွေ့ရှိရပြီး အသက်ကယ် လေထီးပါထိုင်ခုံရဲ့ တွန်းကန်အားကြောင့် လေယာဉ်ပေါ် ဖိအားသက်ရောက်စေလို့  ကျွန်းကုန်းရွာအတွင်းသို့ လေယာဉ်ပျက်ကျနိုင်တဲ့ အနေအထားတွင်ရှိကြောင်းတွေ့ရှိရတယ်။

လေသူရဲ ဗိုလ်မှူး အာကာဝင်းဟာ အဲဒီနေရာမှာ အရေးပေါ်ခုန်ထွက်ခြင်းကို ပြုလုပ်ခဲ့ခြင်းမရှိဘဲ လေယာဉ်ကို ကြိုးစားဆက်လက်ထိန်းသိမ်းခဲ့ပြီး ကျွန်းကုန်းရွာအလွန် အမြင့်ပေ ၃၀ မီတာခန့် ရောက်ရှိချိန်မှာသာ အရေးပေါ်ခုန်ထွက်ခြင်း ပြုလုပ် ခဲ့ကြောင်းတွေ့ရှိရတယ်။

လုံလောက်တဲ့ အချိန်နဲ့ အမြင့်ပေရရှိတော့ခြင်းမရှိဘဲ လေယာဉ်မြေပြင်နဲ့ ဆောင့်မိချိန်နဲ့ တပြိုင်နက်တည်းခုန်ထွက်ခဲ့တဲ့ အခြေအနေမျိုးရောက်ရှိခဲ့တဲ့အတွက် ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ပြီး တပ်မတော်ဆေးရုံကို ဆက်လက်ပို့ဆောင်ချိန် သေဆုံးခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

တောင်ငူလေတပ်စခန်းဌာနချုပ်မှာ လေ့ကျင့်ပျံသန်းနေတဲ့  အက်ဖ်–၇ လေယာဉ်တစီးဟာ ဧပြီ ၃ ရက်မနက်က လေယာဉ်ကွင်းရဲ့ အနောက်ဘက် ၃ မိုင်လောက် အကွာ အမြင့်မီတာ ၅၀၀ ခန့်အရောက်မှာ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ပြီး လေယာဉ်မှူး သေဆုံးသွားခဲ့တာဖြစ် ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013