မြောင်းမြကြိုးတံတား ကွန်ကရစ်ထဲ ထည့်မြှုပ်သည့်သံမဏိကြိုးများဆွေးမြေ့ပြီး ကြိုးပြတ်ဟု ဆောက်လုပ်ရေး ထုတ်ပြန်

ကွန်ကရစ်ကြိုးထိန်းခုံ အတွင်းပိုင်းကွန်ကရစ်ထဲမှာ ထည့်ပြီးမြှုပ်နှံထားတဲ့ သံမဏိကြိုးများ ဆွေးမြေ့ပြီး ကြိုးပြတ်လို့ မြောင်းမြကြိုးတံတားကျိုးကျပျက်စီးခဲ့တာဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
တံတားကျိုးပြီး ၃ ရက်အကြာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ တာဖြစ်ပြီး နိုင်ငံအတွင်းမှာရှိတဲ့ ကြိုးတံတားပေါင်း ၂၉ခုအတွက် ပြည်သူတွေ မစိုးရိမ်ကြဖို့နဲ့ အဲ့ဒီ ကြိုးတံတားတွေ ရေရှည်တည်တံ့ခိုင်မြဲဖို့ အလေးပေးလုပ်ဆောင်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြောင်းမြကြိုးတံတားဟာ တံတားတည်ဆောက်စဉ်ကပဲ တန်ချိန် ၈၅၀၀ အလေးချိန်ရှိတဲ့ ကွန်ကရစ် ကြိုးထိန်းခုံ နိမ့်ကျမှုဖြစ်စဉ် ရှိခဲ့လို့ ပြန်လည်ပြင်ဆင်ခဲ့ရတဲ့ တံတား ဖြစ်တယ်။
တံတားရဲ့ တာဝါတိုင်ဟာ ပုံမှန်ရှိရမယ့် အနေအထားထက် စတင်ဆောက်လုပ်ပြီး ကတည်းက ၁၈ လက်မ တိမ်းစောင်းနေတယ်လို့ ဆိုပါတယ်။
မြောင်းမြဘက်ကမ်းက ကွန်ကရစ်ကြိုးထိန်းခုံနိမ့်ကျခဲ့တာကြောင့် တာဝါတိုင်ဟာ မြစ်ရဲ့ ဆန့်ကျင်ဘက်ကို ၁၁ လက်မ စောင်းရမယ့်အစား မြစ်ဘက်ကို ၇ လက်မ စောင်းနေလို့ တံတားတည်ဆောက် ပြီးစီးချိန်ကစပြီး နှစ်စဉ်စောင့်ကြည့် စစ်ဆေးခဲ့ရတယ်။
တံတားသက်တမ်း နှစ် ၂၀ ပြည့်မြောက်တဲ့ ၂၀၁၆ ခုနှစ်မှစပြီး လစဉ် စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်။
စစ်ဆေးရာမှာ တံတားကြမ်းခင်းများ၊ မူလီများ၊ Expansion Joint များ၊ Suspender Rod များ မကောင်းလျှင် လဲလှယ်မှုများ ချက်ချင်းပြုလုပ်ခဲ့တယ်။
အခုဖြစ်စဉ်ကို စစ်ဆေးရာမှာ ကွန်ကရစ်ကြိုးထိန်းခုံရဲ့ အတွင်းပိုင်း ကွန်ကရစ်ထဲတွင် ထည့်ပြီး မြှုပ်နှံထားတဲ့ သံမဏိကြိုးများ ဆွေးမြေ့ပြီး ကြိုးပြတ်လို့ တံတားကျိုးကျပျက်စီးခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဌာနကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ အခုကျိုးကျသွားတဲ့ ကြိုးတံတားနဲ့အပြိုင် တံတားအသစ် တစီးတည်ဆောက်နေပြီး အဲ့ဒီတံတားအသစ်ကို ဂျပန်နည်းပညာနဲ့ တနှစ်အတွင်း အပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တည်ဆောက်ပြီးစီးတဲ့ တံတားတွေကို တနှစ် ၂ ကြိမ် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းနေတယ်လို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
နိုင်ငံတွင်းမှာရှိတဲ့ ကြိုးတံတားတွေ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဂျပန်အင်ဂျင်နီယာ ပညာရှင်များ၊ တရုတ်အင်ဂျင်နီယာပညာရှင်များနဲ့ ပူးပေါင်းပြီး တံတားများရဲ့ ကြံ့ခိုင်ရေး အခြေအနေများကို စစ်ဆေးသွားမယ်လို့လည်း ကြေညာချက်မှာ ပါပါတယ်။











