
ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတွေကို ဆိုင်းငံ့ကြောင်း နိုင်ငံ တော်အဆင့် ကြေညာဖို့ လူမှုအဖွဲ့အစည်းနဲ့ ကွန်ရက်အဖွဲ့ ၁၃၀ ကျော်က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ ဘားအံမြို့အနီးရှိ ဝတ်ကြီးဒေသ သုံးအိမ်ကျေးရွာမှာ ကျင်းပတဲ့ ကျောက်မီးသွေးအလိုမရှိကြောင်း ဘောလုံးပြိုင်ပွဲ လှုပ်ရှားမှုမှာ လူမှုအဖွဲ့တွေက ထုတ်ပြန်တောင်းဆိုလိုက်တာပါ။
ဘားအံမြို့အနီးရှိ ဝတ်ကြီးဒေသမှာ မီဂါဝပ် ၁၂၈၀ လောက်ထုတ်လုပ်မယ့် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံကို မြန်မာအစိုးရအနေနဲ့ ခွင့်ပြုမှာ မဟုတ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မတ်လ ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီအပေါ် ဒေသခံတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ၀မ်းသာကြိုဆိုကြသလို ဒီထက်မက ပိုမိုသေချာတဲ့လုပ်ငန်းစဉ် ဖြစ်စေဖို့လည်း အချက် ၃ ချက်ကို တောင်းဆိုထားပါတယ်။
ကျောက်မီးသွေး စီမံကိန်းတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူထုအပေါ် ထိခိုက်ပျက်စီးမှုကြီးမားတဲ့အတွက် အစိုးရအနေနဲ့ ကျောက်မီးသွေးစီမံကိန်းတွေ ဆိုင်းငံ့ကြောင်း နိုင်ငံတော်အဆင့် ကြေညာချက်ထုတ်ပြန်ဖို့၊ ဒေသခံလူထုရဲ့ ဆန္ဒနဲ့ လိုအပ်ချက်တွေနဲ့ လိုက်လျောညီထွေတဲ့ ပြည့်မြဲစွမ်းအင်စီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရှေးရှုကာ မူဝါဒဆိုင်ရာ ပြင်ဆင်မှုတွေချမှတ်ဆောင်ရွက်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
၂၀၁၇ ဧပြီလက ကရင်ပြည်နယ် အစိုးရနဲ့ တိုယိုထိုင်း ကော်ပိုရေးရှင်း လီမိတက် (TTCL)တို့က ဝတ်ကြီးဒေသမှာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေး စမ်းသပ်လေ့လာဖို့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြပါတယ်။
၂၀၁၇ အောက်တိုဘာလမှာတော့ ကရင်ပြည်နယ်အစိုးရနဲ့ TTCL ကုမ္ပဏီတို့ စီမံကိန်း မြေဧက ၈၁၅ ဧကအား နှစ် (၄၀) စာချုပ်နဲ့ ငှားရမ်းဖို့ ပူးတွဲ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် အခြေစိုက် လူမှုအဖွဲ့အစည်း ၄၂ ဖွဲ့နဲ့ အခြား မြန်မာပြည်တ၀န်းက အဖွဲ့ပေါင်း ၁၃၀ ဖွဲ့က စီမံကိန်းဖျက်သိမ်းပေးဖို့ ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
ဒီလိုကန့်ကွက်မှုကြားကပဲ TTCL ကုမ္ပဏီက ကရင်ပြည်နယ်အစိုးရနဲ့ ဘားအံဒေသရှိ ပြည်သူအချို့ကို ဂျပန်နိုင်ငံရှိ ဟီကီနန် (Hekinan) ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို လေ့လာရေးခေါ်ဆောင်ကာ ဘားအံရှိစီမံကိန်းကို လက်ခံလာစေဖို့ ဆွဲဆောင်တာတွေ ပြုလုပ်ပါတယ်။
ဒေသခံစောနေလင်းထွန်းက “စီမံကိန်းကို ပြည်ထောင်စုအဆင့်က ခွင့်မပြုဘူးဆိုပေမဲ့ ပြည်နယ်အဆင့်မှာတော့ မရေရာ မသေချာသေးဘူး။ စီမံကိန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက ရဖို့ခက်တယ်။ အောက်ခြေမှာလည်း ကုမ္ပဏီက မြေလာဝယ်တာတွေရှိနေတုန်းပဲ။”လို့ပြောပါတယ်။
တိုယိုထိုင်း ကော်ပိုရေးရှင်း လီမိတက် (TTCL) ကုမ္ပဏီဟာ ကနဦး မွန်ပြည်နယ် အံဒင်ဒေသမှာ ကျောက်မီးသွေး ဓာတ်အားပေး စီမံကိန်းအားတည်ဆောက်ဖို့ စီစဉ်ခဲ့ပေမယ့် ၂၀၀၅ ခုနှစ်မှာ ဒေသခံတွေက အပြင်းအထန်ကန့်ကွက်ခဲ့ကြလို့ ဒီစီမံကိန်းကို ဖျက်သိမ်းခဲ့ရပါတယ်။
မြန်မာပြည်တ၀န်းမှာ လျာထားတဲ့ ကျောက်မီးသွေး ဓာတ်အားပေးစီမံကိန်းတွေဟာ အဓမ္မပြောင်းရွှေ့မှု၊ လေထုရေထုညစ်ညမ်းမှု၊ စားဝတ်နေရေးနဲ့ ကျန်းမာရေးထိခိုက်မှု ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်တာကြောင့် ဒေသခံတွေက ဆက်လက်ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။











