DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကို မြန်မာတာဝန်ရှိသူများ သွားရောက်လေ့လာမည်
DVB
·
April 3, 2018
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကို မြန်မာတာဝန်ရှိသူများ သွားရောက်လေ့လာမည်
Donate to DVB

 

ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေကို ဧပြီ ၁၁ရက်နေ့လောက်မှာ သွားရောက်ပြီး မိုးရာသီမှာ နေထိုင်ဖို့အဆင်မပြေတဲ့ ဒုက္ခသည်တွေကို ဦးစားပေး ပြန်လည်ခေါ်ယူနိုင်အောင် လုပ်ဆောင်သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

“မိုးရာသီကလည်း လာတော့မယ်။ မိုးရာသီဆိုရင် ဒုက္ခရောက်နိုင်တဲ့ နေရာတွေရှိတယ်။ လူကများနေတာ ဆိုတော့လေ။ ဟိုဘက်မှာက မိုးရွာလို့ရင် ရေအိုင်တဲ့ နေရာတွေလည်း ရှိတယ်လို့လည်း သတင်းကြားရတော့ အဲဒီလူတွေကို အရင်ဆုံး ဒီဘက်ကို ပြန်ရောက်လာနိုင်ရင် ကောင်းတာပေါ့။ သူတို့အတွက်လည်း ကောင်းတာပေါ့။ ဘာဖြစ်ဖြစ် ကျနော်တို့က ညှိနှိုင်းဖို့ လိုတယ်။ စာပို့နေရတာ ကြာလို့လေ။ အဲဒါကြောင့် လူကိုယ်တိုင်သွားဖို့ စီစဉ်တာ။ လူကိုယ်တိုင် သွားတဲ့အခါကျတော့ ဟိုဘက်က စီစဉ်ပေးလို့ ကျနော်တို့ ကန့်တွေ ဘာတွေအထိ သွားလို့ ရတယ်ဆိုရင်လည်း၊ ကန့်တွေမှာက သူတို့ သေချာမသိဘူးလေ။ ကျနော်တို့ ဒီဘက်မှာ စီစဉ်နေတဲ့ အနေအထားတွေကို မသိတာတွေရှိမှာပေါ့။ အဲဒါတွေလည်း သူတို့ သိသွားတာပေါ့။ မြန်အောင် လုပ်ချင်တာပေါ့။ အောင်မြင်အောင်ပေါ့။ ခန့်မှန်းခြေကတော့ လာမယ့် ၁၁ ရက်နေ့လောက်ပေါ့။”

ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက် နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်း လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်ထိတော့ အကောင်အထည်မဖော်နိုင်သေးပါဘူး။

ထွက်ပြေးသွားသူတွေရဲ့ အထောက်အထားဆိုင်ရာ အချက်အလက်တွေကို စာပေးစာယူစနစ်နဲ့ အပြန်အလှန် စစ်ဆေးမှုတွေက ဒီလုပ်ငန်းစဉ်အတွက် နှောင့်နှေးကြံ့ကြာ နေတာဖြစ်ပါတယ်။

အဲဒီအတွက် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ Working ကော်မတီလည်း ဖွဲ့စည်းထားပြီး တာဝန်တွေလည်း ခွဲဝေလုပ်ဆောင်နေပြီလို့လည်း ဆိုပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက"မနေ့ကပဲ ဆွေးနွေးဖြစ်ပါတယ်။ အခုအချိန်ထိ မြန်မာနိုင်ငံထဲက ထုတ်ပေးတဲ့ စာရင်း ၈၀၀၀ ထဲကနေမှ ၈၀၀ ကျော်ကို စစ်ဆေးပြီးပြီ။ အဲဒီလူတွေကို မြန်မာနိုင်ငံမှာ နေတယ်ဆိုတဲ့ အထောက်အထားတွေ အခိုင်အမာတွေ့တယ်။ အဲ့ဒီလူတွေကို စေလွှတ်မယ်ဆိုရင်တော့ လက်ခံနိုင်ပါတယ်ဆိုတာကို အလုပ်သမားဝန်ကြီးဌာနကနေတဆင့် တဖက်နိုင်ငံကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်။”လို့ ပြောပါတယ်။

ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံနယ်စပ်ရှိ ငါးခူရနဲ့ တောင်ပြိုလက်ဝဲ ဒေသတို့မှာ တည်ဆောက်ထားတဲ့ စိစစ်ရေးစခန်းတွေကနေ စိစစ်လက်ခံသွားမှာ ဖြစ်ပါတယ်။

ပြန်လည်လက်ခံရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ အဆင်သင့်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၇ သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေအပြီးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို သိန်းနဲ့ချီတဲ့ မွတ်စလင်တွေ နေရပ်စွန့် ထွက်ပြေးသွားခဲ့ကြတာပါ။

ဘင်္ဂလားဒေ့ရှ် - မြန်မာနှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင် သူတွေကို စိစစ်လက်ခံဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံဘက်က ဇန်န၀ါရီလပိုင်းကတည်းက အသင့် ဆောင်ရွက်ထားခဲ့ပြီးဖြစ်ပါတယ်။

သတင်း- အောင်ဆန်းဦး၊ အောင်ကိုကိုလတ် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013