DVB Logo
Home
မြန်မာသတင်း
မြန်မာသင်္ဘောသားများ အလုပ်ရှားပါးနေ၊ အမျိုးသမီးများကို သင်္ဘောသားမှတ်ပုံတင် ထုတ်ပေးရန် တောင်းဆို
DVB
·
April 3, 2018
မြန်မာသင်္ဘောသားများ အလုပ်ရှားပါးနေ၊ အမျိုးသမီးများကို သင်္ဘောသားမှတ်ပုံတင် ထုတ်ပေးရန် တောင်းဆို
Donate to DVB

မြန်မာသင်္ဘောသားတွေအစား ကုန်ကျစရိတ် ပိုပြီးသက်သာတဲ့  ဖိလစ်ပိုင်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို အစားထိုး ခန့်ထားလာကြလို့ မြန်မာသင်္ဘောသားတွေ အလုပ်အကိုင်ရရှိမှု ရာခိုင်နှုန်း တနှစ်ထက် တနှစ် လျော့ကျနေတယ်လို့ သိရပါတယ်။

ဧပြီ ၂ ရက်က ရန်ကုန် ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပခဲ့တဲ့ ဒုသမ္မတ  ဦးမြင့်ဆွေနဲ့ ပုဂ္ဂလိကစီးပွာရေးလုပ်ငန်းရှင်တွေရဲ့ လစဉ်ပုံမှန် အစည်းအဝေးမှာ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်က တင်ပြခဲ့တာ ဖြစ်ပါတယ်။

“လက်ရှိအချိန်မှာ နိုင်ငံခြားသင်္ဘောပိုင်ရှင် ကုမ္ပဏီများဟာ မြန်မာသင်္ဘောသားများအစား ကုန်ကျစရိတ် ပိုမိုသက်သာတဲ့ ဖိလစ်ပိုင်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်တို့ကိုသာ အစားထိုး ပိုမို ခန့်ထားလာကြလို့  မြန်မာသင်္ဘောသား အလုပ်အကိုင်ရရှိမှု ရာခိုင်နှုန်းဟာ တနှစ်ထက် တနှစ် များစွာ လျော့ကျနေပါတယ်။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တနှစ်လျှင် သင်္ဘောသားမှတ်ပုံတင်ထားသူ ၁ သောင်းခန့် တိုးလာသော်လည်း၊ မှတ်ပုံတင်ထားသူများထဲက အလုပ်အကိုင်ရရှိမှု ရာခိုင်နှုန်းဟာ ၂၀၁၀ မှာ ၅၀ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၁၇ ခုနှစ်မှာ ၂၀ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိပါတယ်။”

ဒီလိုအခြေအနေတွေကြောင့် သင်္ဘောသားအလုပ်အကိုင် ရှာဖွေခြင်း ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီတွေကို ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း မကျသင့်တဲ့ ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ပေးဖို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်က တင်ပြခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်ရှိ အမျိုးသမီးသင်္ဘောသား (Seafarer) တွေအတွက် သင်္ဘောသားမှတ်ပုံတင် (Seaman Identification & Record Book - SIRB) ထုတ်ပေးခြင်း မရှိလို့  အလုပ်အကိုင် နိုင်ငံကူးလက်မှတ် (Job Passport) နဲ့ပဲ သွားရောက်လုပ်ကိုင်နေရပြီး အခက်အခဲများ တွေ့ကြုံနေရတဲ့အတွက် အမျိုးသမီး သင်္ဘောသားတွေအတွက် အမျိုးသားတွေ နည်းတူ SIRB လက်မှတ်များ ထုတ်ပေးဖို့လည်း ဒုတိယသမ္မတကို အဖွဲ့ချုပ်က တင်ပြခဲ့ပါတယ်။

ဒုသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ၁၆ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲမှာ ဆန်စပါးကဏ္ဍ၊ သကြားနဲ့ ကြံထွက်ပစ္စည်းလုပ်ငန်းကဏ္ဍ၊ မတ်ပဲနဲ့ ပဲစင်းငုံ ကုန်သွယ်မှုကဏ္ဍ၊ ငါးလုပ်ငန်းကဏ္ဍ၊ ပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ စတဲ့ ကဏ္ဍအသီးသီးက တာဝန်ရှိသူတွေက တင်ပြဆွေးနွေးခဲ့ကြပါတယ်။

Photo : UMFCCI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013