DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိအားပေးမှု များရှိ
DVB
·
June 3, 2012
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိအားပေးမှု များရှိ
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း တချို့နေရာတွေမှာ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ရဲ့ ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ သိရှိရပါတယ်။

ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ဖိအားပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ တချို့နေရာတွေ မသွားရ၊ မလာရ၊ မလုပ်ခဲ့ရတာတွေ ရှိတယ်လို့ ခရီးစဉ်ကို ထိုင်း တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း စီစဉ်ပေးခဲ့သူ ဒေါက်တာတင်မိုသီဟာ ကရင်ငြိမ်းချမ်းရေးကောင်စီရဲ့ နိုင်ငံခြားနဲ့ ပြည်သူ့ ဆက်ဆံရေး အကြီးအကဲ ဒေါက်တာ တင်မိုသီက ပြောပါတယ်။

ထိုင်းတာဝန်ရှိသူတွေ ဘက်ကလည်း မြန်မာ အစိုးရနဲ့ ဆက်ဆံရေး မပျက်လိုတဲ့အတွက် တချို့ကိစ္စတွေ မလိုက်လျောခဲ့ဘူးလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်း ခရီးစဉ်အတွင်း ဆက်ဆံရေး၊ ဆက်သွယ်ရေး အားနည်းချက်တွေ ရှိခဲ့တယ် ဆိုတဲ့ ဝေဖန်ချက်တွေ ပေါ်ထွက်ခဲ့တဲ့ အပေါ်လည်း ဒေါက်တာ တင်မိုသီက ပယ်ချလိုက်ပါတယ်။

“ကျနော်တို့ အားနည်းချက်မဟုတ်ဘူး။ ကျနော်တို့ တယောက်အတွက် လုပ်တာ မဟုတ်ဘူး။ အားလုံးအတွက်လုပ်တာ၊ အဓိက တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိတာကို ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီအရေးအတွက် အားလုံးဝိုင်းကြိုးစားတာ။ ကျနော်တယောက်တည်း မဟုတ်ဘူး။ တခြားအဖွဲ့အစည်းတွေလည်းပါတယ်။ အားလုံးဝိုင်းလုပ်ကြတာ။ အားနည်းတာ မဟုတ်ဘူး။ ကျနော်တို့ဘက်က တတ်နိုင်သလောက် လုပ်ပေးတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနကနေ မြန်မာအစိုးရရဲ့ ဖိအားပေးတာတွေကို ပြောလာတယ်။ စ၀င်လာကတည်းက အရေးကြီးပုဂ္ဂိုလ်လို မဆက်ဆံဖို့၊ အကုန်လုံးသွားတဲ့နေရာ နောက်ဆုံးခရီးစဉ်ထိက လုံခြုံရေးကို အကြောင်းပြပြီး ထိုင်းနိုင်ငံခြားရေးဌာနက ကိုင်တွယ်တာပေါ့။ သူတို့လက်ထဲမှာပဲရှိတယ်။ ကျနော်တို့လက်ထဲမှာ မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့တိုင်းပြည် မဟုတ်ဘူး။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ထိုင်းနိုင်ငံ ခရီးပြီးဆုံးပြီမို့ ဇွန် ၃ ရက် မနက်ပိုင်းမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိသွားခဲ့ပါပြီ။

မေ ၂၉ ရက်က စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆ ရက်ကြာ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ၀န်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။

ဒါ့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမား အများစု နေထိုင်လုပ်ကိုင်တဲ့ ထိုင်းနိုင်ငံ မဟာချိုင်ဒေသကို ၂ ကြိမ်တိုင် သွားရောက်ခဲ့ပြီး အလုပ်သမားတွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။

ဇွန် ၂ ရက်နေ့ကလည်း ထိုင်းနိုင်ငံ မဲဆောက်ကို သွားရောက်ပြီး မယ်လဒုက္ခသည် စခန်းကို လေ့လာကြည့်ရှုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေအတွက် ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားခဲ့သလို ဒုက္ခသည် စခန်းက မြန်မာဒုက္ခသည်တွေကို မေ့မထားတဲ့ အကြောင်းလည်း အားပေးပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013