Homeမြန်မာသတင်း
ကားဘရိတ်ပေါက်ပြီး လမ်းဘေးရပ်ထားသည့် ဆိုင်ကယ်နှင့်လူများကို ၀င်တိုက်၊ ၂ ဦး သေဆုံး
ကားဘရိတ်ပေါက်ပြီး လမ်းဘေးရပ်ထားသည့် ဆိုင်ကယ်နှင့်လူများကို ၀င်တိုက်၊ ၂ ဦး သေဆုံး
DVB
·
April 3, 2018

မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ မနေ့ ညနေ ၆ နာရီခွဲလောက်က ကားတစ်စီး ဘရိတ်ပေါက်ပြီး လမ်းဘေးက လူ ၄ ဦးနဲ့ ဆိုင်ကယ် ၄ စီးကို ဝင်တိုက်မိခဲ့တဲ့အတွက် လူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားပါတယ်။
ယာဉ်မောင်း ခိုင်ကျော် မောင်းနှင်လာတဲ့ တံတားအထူးအဖွဲ့ (၃) ဆောက်လုပ်ရေး ဝန်ကြီးဌာန စတေကာပါ ၆ ဘီးကားဟာ ချောက်-ဂွေးချိုကားလမ်း ချောက်မြို့ဘက်သို့ မောင်းနှင် လာစဉ် ချောက်မြို့ `ကြိုဆိုပါ၏´ အဆင်းမှာ ဘရိတ်ပေါက်ပြီး လမ်းရဲ့ယာဘက်သို့ အရှိန် မထိန်းနိုင်ဘဲ ထိုးဆင်းသွားတာပါ။
ဘရိတ်ပေါက်နေတဲ့ ကားဟာ လမ်းဘေးမှာ ရေတွင်းကျေးရွာသို့သွားရောက်ဖို့ ကားစောင့်နေတဲ့ ကိုဇော်ဝင်း (အသက် ၃၅ နှစ်)၊ ကိုမိုး (အသက် ၄၅ နှစ်)၊ ကိုမြင့်နိုင် (အသက် ၄၀ နှစ်)၊ ကိုသိန်းဦး (အသက် ၂၅ နှစ်)တို့နဲ့အတူ ရပ်ထားတဲ့ ဆိုင်ကယ် ၄ စီးကိုပါ ဝင်တိုက်မိပြီး လမ်းဘေးချောက် အတွင်း ထိုးကျခဲ့တယ်လို့ ချောက်မြို့မရဲစခန်းက သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို ချောက်ပြည်သူဆေးရုံသို့ ပိုဆောင်စဉ် ကိုမိုးနဲ့ ကိုဇော်ဝင်းတို့ သေဆုံးပြီး ကိုမြင့်နိုင်မှာ ပြင်းထန်ဒဏ်ရာ(စိုးရိမ်ရ)တွေ ရရှိကာ ကိုသိန်းဦးမှာ တိမ်းရှောင်နိုင်ခဲ့တဲ့ အတွက် ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိခဲ့ပါဘူး။
ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ဘုတလင်မြို့နယ် တက်လိုင်းကျေးရွာသား ယာဉ်မောင်း ခိုင်ကျော် (အသက် ၃၅ နှစ်)ကို ယာဉ်(ပ)၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈၊၃၀၄(က)ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ ချောက်မြို့မရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)