DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် မြို့ကြီး ၃ မြို့တွင် ငြိမ်းချမ်းရေး ဂီတပွဲတော်ကျင်းပမည်
DVB
·
April 3, 2018
ကရင်ပြည်နယ် မြို့ကြီး ၃ မြို့တွင် ငြိမ်းချမ်းရေး ဂီတပွဲတော်ကျင်းပမည်
Donate to DVB

 

ကရင်ပြည်နယ် ကော့ကရိတ်၊ မြ၀တီနဲ့  ဘားအံ မြို့ကြီး ၃ မြို့မှာ ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့က ငြိမ်းချမ်းရေး ဂီတပွဲတော်နဲ့အတူ ငြိမ်းချမ်းရေးဆန္ဒပြု လက်မှတ်တွေ ကို ကောက်ခံသွားမယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့ဟာ မွန်ပြည်နယ်ကနေ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ၊ ဂျိုင်း(ဇာသပြင်)တံတားကနေ ဧပြီ ၂ ရက် မနက် ၈ နာရီက ၀င်ရောက်လာတာပါ။

တိုက်ပွဲက သတ္တိတွေကို တစ်ဦးနဲ့တစ်ဦး ခွင့်လွှတ်တဲ့နေရာမှာ အသုံးချဖို့နဲ့ သတ္တိရှိရှိ ခွင့်လွှတ်စေချင်တယ်လို့ အဖွဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာရ၊ အထွေထွေအတွင်းရေးမှူး ဦးသိန်းလွင် က ပြောပါတယ်။

“တိုင်းရင်းသား ညီအစ်ကိုတွေကို ဘာပြောချင်လဲဆိုတော့ နှစ်ပေါင်း ၇၀ လောက် တိုက်ခိုက်ခဲ့ပြီးပြီ။ တိုက်ခိုက်နေကျတာ ကျနော်တို့ တိုင်းပြည်က ဘာဖြစ်လဲ။ နှစ် ၇၀ အတွင်းမှာ ဘာမှလည်း အကျိုးမထူးလာဘူး။ အဲတော့ တိုက်ပွဲတိုက်တဲ့ သတ္တိတွေကို ဘယ်မှာ ပြန်သုံးစေချင်လဲ ဆိုတော့ တစ်ဦးနဲ့တစ်ဦး ခွင့်လွှတ်တဲ့နေရာမှာ သုံးစေချင်တယ်။ သတ္တိရှိရှိနဲ့ ခွင့်လွှတ်ကျစမ်းပါ”လို့ ပြောပါတယ်။

Wheel Chair ရထားအဖွဲ့ ပွဲစီစဉ်သူ၊ ဦးမောင်မောင်လှ “ကျနော်တို့ ခရီးစဉ်က ဧပြီလ ၈ ရက်နေ့အထိ ရန်ကုန်အရောက် ခရီးစဉ်ဖြစ်တယ်။ ရန်ကုန်မြို့တော် ခန်းမကြီးရှေ့မှာ ကျနော်တို့ ခရီးစဉ်ကြီး ပြီးဆုံးမှာဖြစ်တယ်။ တစ်ညစီ အိပ်ပြီးတော့ တေးဂီတဖျော်ဖြေပွဲနဲ့တကွ ငြိမ်းချမ်းရေးလိုလားသူများရဲ့ အင်အားစု​တွေကို စုစည်းမှာဖြစ်တယ်”လို့ ပြောပါတယ်။

ပြည်သူလူထု လိုလားတောင်းတနေတဲ့ ငြိမ်းချမ်းရေးစကားသံနဲ့ လက်မှတ်တွေကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအထိ သယ်ဆောင်သွားနိုင်ဖို့၊ လူထုက ငြိမ်းချမ်းရေးစကား စဉ်ဆက်မပြတ်ပြောဆိုနေဖို့နဲ့ ပဲ့တင်ထပ်နေဖို့၊ ခက်ခဲနေတဲ့ ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင် သတ္တိရှိရှိနဲ့ ဆောင်ရွက်ကြဖို့ ပြည်သူလူထုကို သတင်းစကားပေးဖို့ ရည်ရွယ်တာလို့ သိရပါတယ်။

ကရင်ပြည်နယ်က မြို့ကြီး ၃ မြို့ဖြစ်တဲ့ ကော့ကရိတ်မြို့၊ မြ၀တီမြို့၊ ဘားအံမြို့တွေမှာ ၁ ညစီ ရပ်နားပြီး ငြိမ်းချမ်းရေး ဂီတပွဲတော်နဲ့အတူ ငြိမ်းချမ်းရေးဆန္ဒပြု လက်မှတ်တွေကို ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့က ကောက်ခံသွားမှာပါ။

ငြိမ်းချမ်းရေး ဂီတပွဲတော် ပြုလုပ်စဉ်အတွင်း စစ်မှန်တဲ့ငြိမ်းချမ်းရေး လိုလားသူတွေထံကနေ ငြိမ်းချမ်းရေးဆန္ဒပြုလက်မှတ်တွေကို တနင်္သာရီတိုင်းဒေသကြီးကနေ စတင်ကောက်ခဲ့ရာမှာ လက်မှတ်ပေါင်း ၂ သောင်းကျော်ရရှိထားပြီးဖြစ်သလို ကျန်ရှိနေသေးတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးက မြို့ကြီးတွေမှာလည်း ဆက်လက်ကောက်ခံသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ အဖွဲ့မှာ အမြင်အာရုံချို့တဲ့သူ ၁၀ ဦး၊ မသန်စွမ်းသူ ၁၀ ဦး အပါအ၀င် ၀ိုင်းဝန်းကူညီသူ နဲ့ ကြီးကြပ်သူ စုစုပေါင်း ၆၅ ဦး လိုက်ပါလာခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013