
မြန်မာနိုင်ငံရဲ့ပြည်ပပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ပြည်ပကုန်သွယ်မှု အခြေအနေဟာလည်း ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကထက် တိုးတက်လာတယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေကပြောပါတယ်။
မနေ့က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပတဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေနဲ့(၁၆)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒု သမ္မတ ဦးမြင့်ဆွေက ပြောသွားတာပါ။
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် မတ်လ ၂၃ ရက် အထိ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံကျော်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံကျော် ပိုမိုဆောင်ရွက် နိုင်ခဲ့တယ်၊ အဆိုပါ ဆောင်ရွက်မှုမှာ ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၆ ဘီလီယံ ပါဝင်တဲ့အတွက် ကုန်သွယ်မှု ပမာဏမှာ ပုဂ္ဂလိကကဏ္ဍမှ ၈၂ ရာခိုင်နှုန်း အထိ ပါဝင်ဆောင်ရွက်နိုင်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ပို့ကုန်တင်ပို့မှုအနေနဲ့ ကန်ဒေါ်လာ ၁၄ ဘီလီယံကျော်အထိ စံချိန်တင် တင်ပို့ နိုင်ခဲ့ပြီး ဆန်၊ ပြောင်း၊ ရော်ဘာစိမ်းနဲ့ ချုပ်ပြီးအထည်တွေအဓိက ပိုမိုတင်ပို့နိုင်ခဲ့တယ်၊ ဆန်တန်ချိန် ၃ ဒသမ ၅၂ သန်းအထိ တင်ပို့နိုင်ခဲ့သလို မနှစ်က အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှုကို ကန့်သတ်တဲ့အတွက် ပဲစိုက်တောင်သူတွေ အခက်အခဲ ကြုံတွေ့နေရသည့်အပေါ် နှစ်နိုင်ငံ သံတမန်နည်းလမ်းနဲ့ရော ၀န်ကြီး ဌာနအချင်းချင်းပါ ညှိနှိုင်းဆက်သွယ်ဖြေရှင်းပေးခဲ့တယ်လို့ ဒုသမ္မတက ပြောပါတယ်။
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် မတ်လ ၂၀ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့လည်း အမေရိကန် ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံ ရှိခဲ့လို့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်ရဲ့ ရည်မှန်း ချက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကို ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့သလို အဆိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးနိုင်ခဲ့ တယ်လို့လည်း ပြောသွားပါတယ်။
ဒါ့အပြင် အရင်က ကုမ္ပဏီထူထောင်ဖို့ မှတ်ပုံတင်ရာမှာ မှတ်ပုံတင်ကြေးကို ငွေကျပ် ၁၀ သိန်းသတ်မှတ်ခဲ့ရာမှ ၂၀၁၆ ဇွန်လကစပြီး ငွေကျပ် ၅ သိန်းအထိ လျှော့ချခဲ့ပြီး ၂၀၁၈ ဧပြီလ (၁) ရက်ကစပြီး မှတ်ပုံတင်ကြေးကို ငွေကျပ် ၅ သိန်းမှ ငွေကျပ် ၂ သိန်း ၅ သောင်း အထိ ထပ်မံလျှော့ချပြင်ဆင်သတ်မှတ်ပေးထားတယ်လို့လည်းသိရပါတယ်။
ဓာတ်ပုံ- MOI











