DVB Logo
Home
Lead Story
ဒုတိယ စစ်အေးတိုက်ပွဲ ဖြစ်လာလေမလား
DVB
·
April 3, 2018
ဒုတိယ စစ်အေးတိုက်ပွဲ ဖြစ်လာလေမလား
Donate to DVB

အခုကတော့ အပျက်အပျက်နဲ့ စစ်မက်ဖြစ်လာနိုင်တဲ့ ကိစ္စတခုကတော့ ဖြစ်လာခဲ့ပါပြီ။ အဲဒီကိစ္စကတော့ ရုရှားဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးအဖွဲ့ဝင်ဟောင်း ဆာဂီ ဆက်ခရီပေါလ်နဲ့ သူ့သမီးငယ် ယူလီယာဆက်ခရီပေါလ်တို့ နှစ်ယောက်ကို ဗြိတိန်နိုင်ငံ ဆလစ်ဗျူရီက သူတို့ရဲ့နေအိမ်မှာ အဆိပ်ခတ် သတ်ဖြတ်ခဲ့ရတဲ့ အဖြစ်ပါ။ ဖြစ်ရပ်က ဒုတိယကမ္ဘာစစ်ပြီးတဲ့ အချိန်ကစပြီး ဥရောပမှာ ပထမဆုံး ဓာတုလက်နက်ကို တိုက်ခိုက်ရေးမှာ အသုံးပြုလိုက်တယ်လို့ ဆိုပါတယ်။

သူ့နိုင်ငံရဲ့ ပိုင်နက်ထဲမှာ နေထိုင်နေတဲ့သူတွေကို အခုလို အဆိပ်ခတ် လုပ်ကြံသတ်ဖြတ်လိုက်တဲ့ ကိစ္စကို ဗြိတိန်နိုင်ငံက ချက်ချင်းလိုလိုပဲ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြစ်တင်ရှုတ်ချလိုက်ပြီး နောက်ပိုင်းမှာ ရုရှားသံတမန် ၁၃၀ လောက်ကို နိုင်ငံက နှင်ထုတ်ခဲ့ပါတယ်။

ရုရှားနိုင်ငံကတော့ ရုရှားစစ်တပ်က ထုတ်လုပ်ထားတဲ့ အာရုံကြောကို တိုက်ခိုက်တဲ့ ဓာတ်ငွေ့ဖြစ်တဲ့ နိုဗီချော့ခ် အဆိပ်ကို ဆက်ခရီပေါလ်တို့ကို တိုက်ခုက်ရာမှာ သုံးစွဲခဲ့တယ်ဆိုတဲ့ အချက်ကို ငြင်းဆိုပါတယ်။ ပြီးတော့လည်း ရုရှား ဆန့်ကျင်ရေးစိတ်ဓာတ်ကို နှိုးဆွဖို့ ဗြိတိသျှ လျှို့ဝှက်ထောက်လှမ်းရေးက ရုရှားတွေကို ခွင်ရိုက်လိုက်တာ ဖြစ်တယ်လို့ သံသယ ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန် အကြမ်းဖက်ဝါဒ တိုက်ဖျက်ထိန်းချုပ်ရေး အထက်တန်း အမျိုးသား တွဲဖက်ဆောင်ရွက်သူ ဒင်းဟေဒင်ကတော့ “ကျနော်တို့ကတော့ ဆက်ခရီပေါလ်တို့ နှစ်ယောက်ဟာ သူတို့ရဲ့ အိမ်ရှေ့တံခါးမှာပဲ စတင် ထိမိသွားခဲ့တယ်လို့ ယုံကြည်ပါတယ်။ ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကြီးကတော့  “အထူးကျွမ်းကျင်သူတွေက ဒီအာရုံကြော အဆိပ်ဓာတ်ငွေ့ရဲ့ အားအပြင်းဆုံးအဆင့်ကို တွေ့ရှိခဲ့ရတယ်” လို့ ပြောကြားခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ ဆာဂီဆက်ခရီပေါလ် (၆၆ နှစ်) ဟာ ရုရှားစစ်ထောက်လှမ်းရေး အဖွဲ့က ဗိုလ်မှူးကြီးဟောင်းတယောက်ဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့ ရုရှားထောက်လှမ်းရေး သူလျှိုတွေကို သစ္စာဖောက်ပြီး ဗြိတိန်နိုင်ငံရဲ့ အမ်အိုင်ဆစ်ဆ်ခ် (MI 6) ကို သတင်းပေးပို့ခဲ့သူ ဖြစ်ခဲ့တယ် ဆိုတာကို တွေ့ရှိခဲ့ရပြီး သူ့လုပ်ရပ်တွေကြောင့် စစ်အေးတိုက်ပွဲလွန် ကာလမှာ အနောက်နဲ့ သံတမန်ရေး ဆက်ဆံမှုဟာ အတော်ကြီး နိမ့်ပါးသွားခဲ့တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ သူက နှစ်ဖက်ချွန်သူလျှို ဖြစ်နေတော့ ရုရှားဘက်ကရော အမေရိကန်ဘက်ကပါ မလွဲမသွေ မျှောပြီး ဆက်ဆံထားရတဲ့သူတယောက် ဖြစ်သလို သူ့အတွက်လည်း အန္တရာယ်ကတော့ အရမ်းကြီးတယ် ဆိုတာကတော့ လက်တွေ့ပြသသွားပြီလို့ ပြောရမှာပါပဲ။

အဲဒီနောက်မှာတော့ သံရေးတမန်ရေးမှာ ပြဿနာဝင်လာတော့တာပါပဲ။ ဗြိတိသျှ အစိုးရက သံတမန်မျက်နှာဖုံးနဲ့ အလုပ်လုပ်နေတဲ့ ရုရှားသံတမန် ၂၃ ယောက်ကို နိုင်ငံက နှင်ထုတ်ခိုက်ပြီးတဲ့ အချိန်မှာတော့ ရုရှားနိုင်ငံကလည်း ပါးကိုက်လို့ နားကိုက် ဆိုသလို ရုရှားနိုင်ငံမှာရှိတဲ့  ဗြိတိသျှသံတမန် ၂၃ ယောက်ကို ပြန်နှင်ထုတ်ပစ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီလို ရုရှားက တုံ့ပြန်လိုက်တဲ့အချိန်မှာ ဥရောပသမဂ္ဂဝင် နိုင်ငံတွေအများစု အပါအဝင် အနောက်နိုင်ငံတွေကလည်း ရုရှားသံတမန် ၁၀၀ ကျော်ကို ပြည်တော်ပြန်ဖို့ နှင်ထုတ်ပစ်ခဲ့ပါတယ်။

ဒါဟာ ကမ္ဘာ့သံတမန်ရေးလောကမှာတော့ အတော်ကြီး သရုပ်ပျက်ပြီး အန္တရာယ်ရဲ့ အနံ့အသက်တွေ ထွက်ပေါ်လာတယ်လို့ ပြောရင် မလွန်လောက်ဘူးလို့ ဆိုရမှာပါ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က နိုင်ငံတကာ သံအမတ်ကြီးတွေကို လန်ဒန်မြို့တော်မှာ တွေ့ဆုံ စကားပြောကြားရာ သူတို့နိုင်ငံလိုပဲ တခြားနိုင်ငံပေါင်း ၂၇ နိုင်ငံကလည်း ခု ရုရှားစပိုင်ဟောင်း သားအဖကို လုပ်ကြံသတ်ဖြတ်မှုမှာ ရုရှားနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုအပေါ် သံသယရှိတဲ့အတွက် ရုရှားသံတမန်တွေကို နှင်ထုတ်ပစ်ခဲ့ကြောင်း ပြောကြား အသိပေးခဲ့ပါတယ်။

သူက “တကယ်လို့သာ ရုရှားက ကျနော်တို့ဟာ ကျင့်ဝတ်အရ သိပ်အားနည်းလာပြီ။ သဘာဝဓာတ်ငွေ့တို့ လောင်စာဆီတို့အပေါ် သိပ်မှီခိုအားထားလာပြီ။ ကာလရှည်ကြာ မစွန့်စားရဲမှု ရှိနေပြီ။ ရုရှားတွေကို မတုံ့ပြန်ရဲအောင် သိပ်ကြောက်နေပြီလို့ ယုံကြည်လာပြီ ဆိုရင်တော့ ဒါဟာ သူတို့ရဲ့အဖြေပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံကလည်း ဗြိတိသျှ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိကောင်းရှိနေနိုင်တယ်လို့ တုံ့ပြန်ပြောဆိုတာလည်း ရှိနေပါတယ်။

ဒါကတော့ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာ တဖက်နဲ့တဖက် စွပ်စွဲပြောဆို အငြင်းပွားခဲ့တဲ့ သမိုင်းတွေ ရှိနှင့်နေခဲ့တော့ သိပ်တော့ အဆန်းမဟုတ်လှပါဘူး။ ဒါပေမယ့် ဘယ်သူမှားသလဲ၊ ဘယ်သူမှန်သလဲ ဆိုတာကိုတော့ နိုင်ငံတကာက အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးက အသေအချာ ဆန်းစစ်ဝေဖန် ပြောဆိုပြီး သတိပေးသင့်တာကို သတိပေးဖို့ လိုအပ်ပါလိမ့်မယ်။

အဲဒီလိုမဟုတ်ဘဲ နိုင်ငံအသီးသီးက သူ့နိုင်ငံအကျိုးစီးပွား၊ သူ့ပြည်သူအကျိုးစီးပွား ဆိုတဲ့ ခေါင်းစဉ်နဲ့ သူတလူ ငါတမင်း လုပ်နေကြမယ် ဆိုရင်တော့ မင်းမဲ့စရိုက် (မင်းမဲ့ အတွေးအခေါ်ကို ပြောတာပါ။ ပဒေသရာဇ်မင်းမဲ့လို့ မဆိုလိုပါ) လွှမ်းမိုးတဲ့ ကမ္ဘာကြီး ဖြစ်လာပြီး တတိယကမ္ဘာစစ် ဖြစ်ပေါ်လာဖို့ အရောင်မည်း သမ်းလာပြီလို့ ပြောရင် မမှားလောက်ဘူးလို့ ထင်ပါတယ်။

ဥပမာ ကျနော်တို့ မြန်မာနိုင်ငံက ရခိုင်အရေး ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ကို ပြည်ဝင်ခွင့်မပေးတာမျိုး၊ ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန်ကို ပြည်ဝင်ဗီဇာ ပိတ်တာမျိုးတွေဟာ အဲဒီ မင်းမဲ့စရိုက်လက္ခဏာတွေလို့ ပြောရမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းကိုတော့ လိုက်နာရပါလိမ့်မယ်။ မလိုက်နာဘူးဆိုရင် ကုလသမဂ္ဂ အဖွဲ့ကြီးက အရေးယူ ဒဏ်ခတ်နိုင်ရပါမယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှာ အဲဒီအခွင့်အာဏာမျိုး မရှိဘူး ဆိုရင်တော့ အဲဒီအဖွဲ့ကြီး ရှိနေတာဟာ အဓိပ္ပာယ်မရှိ ဖြစ်သွားတော့မှာပါပဲ။ အဲဒီအခွင့်အာဏာကို ရအောင် တောင်းထားရပါလိမ့်မယ်။ ဒါက ဥပမာပေး စကားချပ်ပါ။

အခု ရုရှား နှစ်ဖက်လျှို စပိုင် ဆာဂီဆက်ခရီပေါလ်နဲ့ သူ့သမီး အဆိပ်ခတ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စကို ဗြိတိန်အစိုးရက ဒါဟာ နိုင်ငံတကာ စပိုင်လောကရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်တခုပဲဖြစ်တယ် ဆိုပြီး ခပ်ပေါ့ပေါ့ သဘောထား ဘာမှ မတုံ့ပြန်ဘဲ နေလိုက်ရင် အာဏာရှင်နိုင်ငံ အာဏာရှင်အစိုးရတွေက ဒီထက် အတင့်ရဲ လက်ရဲဇက်ရဲ ဖြစ်လာကြမှာကတော့ အသေအချာပါပဲ။

နှစ်ဖက်ချွန် သူလျှိုဟောင်းတယောက်ဖြစ်တဲ့ ဆက်ခရီပေါလ်ဟာ စပိန်နိုင်ငံမှာ ရှိနေတဲ့ အချိန်မှာပဲ ဗြိတိသျှ ထောက်လှမ်းရေး စပိုင်တွေရဲ့ စည်းရုံးသိမ်းသွင်းတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ နောက်ဆုံး ဗြိတိန်နိုင်ငံမှာ နားခိုခဲ့ပေမယ့် စစ်အေးတိုက်ပွဲပုံစံ ရုရှားစပိုင် ၁၀ ယောက်ကို အမေရိကန်ပြည်ထောင်စုမှာ ဖမ်းမိပြီး ရုရှားနိုင်ငံကို ပြန်ပို့ နှင်ထုတ်ခံခဲ့ရတာမျိုးတွေ ဖြစ်အောင်အထိ သူ့ရဲ့လက်တံ ရှည်လျား ဆောင်ရွက်ခဲ့တယ် ဆိုတာကိုလည်း ရုရှားနိုင်ငံက သိပြီးဖြစ်မယ်ဆိုတာကတော့ ရှင်းနေပါတယ်။

သူက ၂၀၁၁ ခုနှစ်မှာ သူ့ရဲ့ ကိုယ်ပိုင်နာမည်နဲ့ ပေါင် ၂၆၀၀၀၀ (အမေရိကန်ဒေါ်လာ ၃၆၀၀၀၀) တန် အိမ်ကြီးတလုံး ဝယ်ယူနေထိုင်နေတယ် ဆိုတာကိုလည်း ရုရှား လျှို့ဝှက်ထောက်လှမ်းရေးတွေက မသိစရာအကြောင်း မရှိပါဘူး။

နှုတ်ပိတ်တယ်လို့ပဲဆိုဆို၊ လက်စားချေတယ်၊ ပညာပေးတယ်ပဲ ပြောပြော လူသတ်တာကတော့ သေချာပါတယ်။ အဲဒီလိုမျိုး စပိုင်တွေ၊ သတင်းပေးတွေ၊ လက်ပါးစေတွေ၊ ကြေးစားတွေကို သူတို့ကို ခိုင်းတဲ့သူ ဒါမှမဟုတ် အဖွဲ့အစည်းက ဘယ်နေရာမှာမဆို လုပ်ကြံသတ်ဖြတ် နှုတ်ပိတ်နေကြတာကတော့ ထင်ထင်ရှာရှား တွေ့မြင်နေရပါပြီ။

အခုကိစ္စကတော့ နိုင်ငံနဲ့ချီပြီး ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်လို့ ပြဿနာက ပိုပြီး ကြီးထွားသွားခဲ့သလို လောလောဆယ် သံတမန်ရေးအရ ရုရှားနဲ့ အနောက်အုပ်စုရဲ့ ဆက်ဆံရေးဟာ တင်းမာလာခဲ့ပြီ ဆိုတာကတော့ မြင်သာထင်ရှား ဖြစ်ပါတယ်။ သမိုင်းအရ မဟောင်းသေးတဲ့ ရုရှား-အမေရိကန် စစ်အေးတိုက်ပွဲကနေ ရုရှားနဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂဝင် နိုင်ငံတွေအကြား စစ်အေးတိုက်ပွဲသစ်တခု ဖြစ်လာလေမလား...။

တခြားကမ္ဘာ့နိုင်ငံတွေကို ဘယ်လိုများ ရိုက်ခတ်လာနိုင်ခြေ ရှိမလဲ…….။    ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013