
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မြို့မရဲစခန်းမှာ အချုပ်သား ၂ ယောက် ရိုက်နှက် စစ်မေးခံရမှုကြောင့် ပြည်ဆေးရုံကို တင်လိုက်ရပါတယ်။
ဧပြီ ၂ ရက်နေ့က ပြည်မြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အချုပ်သား ၂ ယောက်ကို တာဝန်ကျရဲတပ်သားတချို့က ရိုက်နှက်စစ်မေးရာက လက်လွန်ပြီး ပြည်ဆေးရုံကြီးကို အရေးပေါ် တင်ပို့လိုက်ရတာပါ။
စခန်းမှူးမြင့်ဇော်က“အခင်းဖြစ်ချိန်မှာ ရဲစခန်းမှာ မရှိတာကြောင့် မသိပါဘူး။ ဒါပေမယ့် လူနာတွေကို ဆေးရုံပို့ဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် ဆေးကုသပေးပါမယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး ရဲဘက်က မှားယွင်းခဲ့တာရှိခဲ့ရင် တာဝန်ရှိသူရဲ့တာဝန်သာ ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
အရိုက်ခံရသူ အချုပ်သား ကိုသက်ထွေးရဲ့ဇနီး မယမင်းထွေးက “နေ့ခင်းက ဧည့်တွေ့လာတာကို တွေ့ခွင့်မပေးဘူး။ နောက် သူတို့ ဒီမှာ မရှိတော့ဘူးဆိုလို့ လာစုံစမ်းတော့ အခု ဒီစခန်းမှာပဲ တွေ့တယ်။ ရိုက်နှက်ထားတာ ထတောင်မထနိုင်ဘူး။ လမ်းလည်း မလျှောက်နိုင်ဘူး။ ဒါနဲ့ ဆေးရုံတင်ခွင့်တောင်းတော့ စခန်းမှူး မရှိသေးဘူးဆိုလို့ စောင့်နေတာ။ အခု ညနေစောင်းနေပြီ။ အထဲမှာ သေလုမြောပါး ဖြစ်နေပြီ။ စကားလည်း မပြောနိုင်ဘူး။ ဘယ်လူတွေ ရိုက်တာလဲဆိုတာလည်း မဖြေနိုင်ဘူး”လို့ ပြောပါတယ်။
အချုပ်သား ကျော်သက်ခိုင်ရဲ့အမေ ဒေါ်အေးအေးခိုင်က “သားလေးကို လာကြည့်တာ။ အခု လုံးဝမထနိုင်ဘူး။ အန်လည်း အန်နေပြီ။ ခြေထောက်မှာလည်း ဒဏ်ရာတွေနဲ့ ရောင်ကိုင်းနေတယ်။ မျက်နှာမှာလည်း ရစရာမရှိအောင် ရောင်နေတယ်။ စကားလည်း မပြောနိုင်ဘူး။ အချိန်မီ ဆေးရုံမပို့ရင်တော့ မလွယ်ဘူး”လို့ ပြောပါတယ်။
အဲဒီအချုပ်သား နှစ်ယောက်က ရွှေတောင်ရဲစခန်းကနေ ပြည်မြို့မရဲစခန်းကို လွှဲပြောင်းပေးလိုက်တာဖြစ်ပြီး အဲဒီနေ့က ရဲစခန်းမှာ ဒုရဲအုပ်ကျော်လင်းနိုင်က တာဝန်မှူး တာဝန်ယူရပါတယ်။
အချုပ်သား နှစ်ယောက်ကတော့ ခိုးမှု ပုဒ်မ ၃၈၀/၅၄ တွေနဲ့ ဖမ်းဆီးထားတယ်လို့ မြို့မရဲစခန်းကနေ သိရပြီး ညနေ ၅ နာရီလောက်မှာ ပြည်ဆေးရုံကြီးကို တင်ပို့လိုက်ပါတယ်။











