DVB Logo
Home
မြန်မာသတင်း
မြောင်းမြကြိုးတံတား ပြတ်ကျပြီးနောက် ခရီးသွားလာရေး အခက်အခဲတွေ့နေ
DVB
·
April 2, 2018
မြောင်းမြကြိုးတံတား ပြတ်ကျပြီးနောက် ခရီးသွားလာရေး အခက်အခဲတွေ့နေ
1 / 4
Donate to DVB

မြောင်းမြကြိုးတံတား ပြတ်ကျသွားပြီးနောက် ဒေသခံတွေ ခရီးသွားလာရေးနဲ့ ကုန်စည်တွေ သယ်ယူပို့ဆောင်ရေးတွေ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

တံတားပြတ်ကျသွားတဲ့အတွတ် လတ်တလော သွားရေးလာရေး အဆင်မပြေသေးဘူးလို့ မြောင်းမြမြို့ခံ ဦးအေးမွန်က ပြောပါတယ်။

“ဟိုဘက်ဒီဘက် ကူးဖို့က လောလောဆယ် အဆင်မပြေသေးဘူး။ မနက်ဖြန်လောက်မှ အဆင်ပြေမယ်။ လိုင်းကားတွေကတော့ ရပ်တော့မရပ်ဘူး။ ဒီကနေပြီးတော့ ဟိုဘက်ကို စက်လှေတွေနဲ့ ခရီးသည်ကို ပို့တယ်။ ဟိုဘက်ကမ်းမှာရှိတဲ့ကားနဲ့ သွားတယ်။ ဟိုဘက်မှာ ကားမရှိတဲ့ လိုင်းကားတွေကတော့ ရပ်တာပေါ့။  ဟိုးဘက်ကမ်းမှာ ကားရှိတဲ့ ကားကျတော့လည်း တစီးစ နှစ်စီးစ ထွက်နေတယ်။ မနက်ဖြန်လောက်ဆိုရင် ဇက် ၃ စီးနဲ့ အလဲအလှယ် ကူးမှာကိုး။ ဇက်က နိုင်ငံတော်ကနေ ပံ့ပိုးပေးတာ ပုသိမ်က တစီး၊ ရန်ကုန်က နှစ်စီး။ မနက်ဖြန် ရောက်မယ်။”

ကြိုးတံတားပြတ်ကျမှုကြောင့် လတ်လော သွားရေးလာရေး အနည်းငယ် ခက်ခဲနေပြီး နောက်ထပ်တံတားတစင်း မပြီးခင်အထိ အဲဒီဇက်တွေနဲ့ပဲ ဖြန်သန်းသွားလာရမှာ ဖြစ်တယ်လို့လည်း လပွတ္တာမြို့က ကိုထွန်းအေးက ပြောပါတယ်။

“တံတားက ပြန်ပြင်ဖို့ အနေအထားကတော့ မလွယ်လောက်ဘူး။ တံတားတိုင်အရင်းကနေ တိုက်ရိုက်ပြတ်ကျသွားတာ။ ဟိုဘက်က တခြမ်းပဲ ချိတ်ကျန်ခဲ့တာ။  ဒါပေမယ့် လောလောဆယ် အဲဒီတံတားနဲ့ မနီးမဝေး တံတားတစင်း ဆောက်တာကလည်း မပြီးနိုင်သေးဘူး။ ဒီတံတားကြီးက ဟောင်းနေပြီဆိုတော့ ဟိုဘက်က တံတားကို ကြိုပြီးတော့ ဆောက်တာ။  ဟိုတံတားမပြီးခင် ဒီဘက်တံတား ပြတ်ကျတာ။ အဲလိုဖြစ်သွားတာ။ တိုင်တွေတော့ ထောင်ပြီးပြီ။ မကူးရသေးဘူးပေါ့။ သွားရေးလာရေး အခက်အခဲကတော့ နည်းနည်း ကြန့်ကြာသွားတာပေါ့နော်။”

ဧရာဝတီတိုင်း ဒေသကြီးလျှပ်စစ်၊ စွမ်းအင် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကတော့ ခရီးသွားတွေ လွယ်ကူအဆင်ပြေစေဖို့ မြောင်းမြမြို့နဲ့ တဖက်ကမ်း ကွယ်လွယ်ကျေးရွာကို ဇက်ရေယာဉ်အသေး တစီး၊ စက်လှေနှစ်စီးနဲ့ အခမဲ့ ပြေးဆွဲပေးနေတယ်လို့ ပြောပါတယ်။

ဇက်ရေယာဉ်အကြီးတွေ ဆိုက်ကပ်နိုင်အောင်တော့ ဇက်ဆိပ်ကို အမြန်ဆုံး တည်ဆောက်နေပြီး ကားတွေ တင်နိုင်တဲ့ ဇာတ်တွေ ပြေးဆွဲပေးသွားဖို့ စီစဉ်နေတယ်၊ ဇက်ရေယာဉ် အနည်းဆုံး ၃ စီးနဲ့ပြေးဆွဲသွားမယ်လို့ ဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။

လက်ရှိမှာတော့ ကားတွေ ဖြတ်သန်းမသွားနိုင်တဲ့အတွက် မြောင်းမြမြို့နဲ့ လပွတ္တာမြို့တွေ ရောက်ရှိနေတဲ့ ကားတွေ ပိတ်မိနေပါတယ်။ ကားတင်နိုင်တဲ့ ဇက်ရေယာဉ်တွေ ပြေးဆွဲနိုင်ဖို့ကိုတော့ သုံး လေးရက်အတွင်း ဆောင်ရွက်ပေးသွားမယ်လို့ ဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြကြိုးတံတားဟာ မနေ့ ဧပြီလ ၁ ရက်နေ့ မနက် ၁ နာရီ ၄၅ မိနစ်မှာ ပြတ်ကျသွားခဲ့တာပါ။

တံတားပြတ်ကျချိန် ကုန်တင်ကားတစီးနဲ့အတူ လူနှစ်ဦး မြစ်ထဲပါသွားပြီး ကားမောင်းသူကို မနေ့ ညနေပိုင်းက ဆယ်ယူနိုင်ခဲ့ပါတယ်။ ကျန်တဦးကိုတော့ ဒီကနေ့ ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။

သတင်း- သော်ဇင်မျိုး၊ နော်နိုရင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013