DVB Logo
Home
Lead Story
အစ မကောင်းတဲ့ မြောင်းမြကြိုးတံတား
DVB
·
April 2, 2018
အစ မကောင်းတဲ့ မြောင်းမြကြိုးတံတား
Donate to DVB

ဧပြီ ၁ ရက်မနက် အင်တာနက်ပေါ် သတင်းတက်ဖတ်တော့ မြောင်းမြကြိုးတံတား ပြတ်ကျဆိုတဲ့ သတင်းဆိုးက ထိပ်ဆုံးတက်နေတာ တွေ့ရတယ်။ နောက်တနေ့ထုတ် ပုဂ္ဂလိက သတင်းစာမျက်နှာဖုံးတွေမှာလည်း မြောင်းမြကြိုးတံတား ပြတ်ကျတဲ့သတင်းတွေချည်း ဖတ်ရတယ်။ တံတားဟာ အချိန်မတော် ပြတ်ကျသွားလို့သာ လူအသေအပျောက်နဲ့ ဆုံးရှုံးမှု နည်းခဲ့တာဖြစ်ပြီး သတင်းတွေအရ ခြောက်ဘီးကားတစီးနဲ့ လူနှစ်ယောက် သေပျောက်ဆုံးရှုံးခဲ့တယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ တံတားကို သက်ဆိုင်ရာက စစ်ဆေးခဲ့သေးတယ် ဆိုပေမယ့် တိုင်းဝန်ကြီးတယောက်ရဲ့ ပြောကြားချက်အရ တံတားကြံ့ခိုင်မှုကို ဘက်ပေါင်းစုံက စစ်ဆေးခဲ့တာမဟုတ်ဘဲ အပေါ်ယံ ကြမ်းခင်းလောက်ပဲ စစ်ဆေးခဲ့တာလို့ သိရတယ်။ တခါ အဲ့ဒီ ပြည်နယ်ဝန်ကြီးရဲ့ ပြောကြားချက်အရပဲ ကြိုးတံတားကို ဆိုင်းထားတဲ့ တိုင်သုံးတိုင်က အထဲကို ငိုက်နေတယ်လို့ သိရပြန်တယ်။ နောက်ဆုံးတော့ ခြောက်ဘီးကား တံတားပေါ်ဖြတ်နေတုန်း တံတားကိုဆိုင်းထားတဲ့ ကြိုးတွေ ခံနိုင်ဝန်အား မရှိတော့ဘဲ ပြတ်ကျသွားတာပဲ ဖြစ်ပါတယ်။

မြောင်းမြကြိုးတံတားကို တရုတ်အင်ဂျင်နီယာတွေ အကူအညီနဲ့ ၁၉၉၄ ခုနှစ်မှာ စတင်တည်ဆောက်ပြီး ၁၉၉၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်လို့ တံတားသက်တမ်း ၂၂ နှစ်မှာ ပြတ်ကျခဲ့တာဖြစ်တယ်။ မြောင်းမြကြိုးတံတား ပြတ်ကျတဲ့သတင်း ကြားကြားခြင်းပဲ ကြိုးတံတားရဲ့ အစမကောင်းခဲ့ပုံတွေ ပြန်ပြေးမြင်မိတယ်။ လပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော် လမ်းပေါ်မှာရှိပြီး ရွေးမြစ်ကို ဖြတ်ထိုးထားတဲ့ မြောင်းမြကြိုးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်ရှိရာကို ၁၉၉၅ ခုနှစ်က မီဒီယာသမားတယောက်အဖြစ် ရောက်ခဲ့ဖူးတယ်။ ဒီတုန်းက တံတားတည်ဆောက်ရေး လုပ်ငန်းခွင်ရှိရာကို ရန်ကုန်-ပုသိမ် ကားလမ်းပေါ်ကနေ ဖဲ့ဆင်းပြီး လမ်းကြမ်းကြမ်းပေါ်မှာ တနာရီလောက် ကားစီးပြီး ရောက်တယ်။ ဆောက်လက်စကြိုးတံတားဟာ အဲ့ဒီတုန်းက ကမ်းနှစ်ဖက်စလုံးမှာ တံတားကြိုးဆိုင်းဖို့ ကွန်ကရစ်တိုင်ကြီးတွေ စိုက်ထူထားတုန်းဖြစ်ပြီး ကြိုးမဆိုင်းရသေးတဲ့ အနေအထားဖြစ်တယ်။ ဒီတုန်းက ဧရာဝတီတိုင်းရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်သူဟာ မီဒီယာခရီးမှာ လိုက်ပါလာပြီး  တံတားဆောက်လုပ်ရေးက တာဝန်ရှိသူတွေ ရှင်းပြတာကို သူလည်း နားထောင်တယ်။ ပြီးတော့ တံတားကြိုး ဘယ်တော့ဆိုင်းမှာတုန်းလို့ တံတားဆောက်လုပ်ရေးက တာဝန်ရှိသူတွေကို မေးခွန်းထုတ်ပါတယ်။

တံတားဆောက်လုပ်ရေးက တာဝန်ရှိသူက တရုတ်အင်ဂျင်နီယာတွေရဲ့ အကြံပြုချက်အရ ကြိုးဆိုင်းမယ့် ကွန်ကရစ်တိုင်ကို အင်္ဂတေလောင်းထားပြီး ၇၅ ရက် ထားရမယ်။ ၇၅ ရက်ကျော်မှ ကြိုးဆိုင်းမယ့်လုပ်ငန်း စတင်ရမယ်လို့ ရှင်းပြတယ်။ တတိုင်းလုံးမှာ တာဝန်အရှိဆုံးသူက ၇၅ ရက်စောင့်လို့ မဖြစ်တဲ့အကြောင်းနဲ့ မကြာခင်ကျရောက်တော့မယ့် နေ့ထူးနေ့မြတ်တခုမှာ တံတားဖွင့်ပွဲ လုပ်ချင်ကြောင်း ပြောပြီး ၇၅ ရက်မစောင့်ဘဲ ကြိုးဆိုင်းဖို့ တခါတည်း အမိန့်ပေးတယ်။ တံတားဆောက်လုပ်ရေးက တာဝန်ရှိသူကလည်း အမိန့်အတိုင်း လုပ်ပါမယ်ပြောပြီး မီဒီယာအဖွဲ့ပြန်ရင် တံတားကြိုးဆိုင်းတဲ့လုပ်ငန်း စတင်ပါမယ်လို့လည်း ပြောတယ်။ မီဒီယာအဖွဲ့လည်း အဲ့ဒီနေ့က မြောင်းမြကြိုးတံတား လုပ်ငန်းခွင်ကနေ ပုသိမ်မြို့ကို ညမိုးချုပ်မှ ပြန်ရောက်ကြတယ်။ နောက်နှစ်ရက်လောက်အထိ မီဒီယာအဖွဲ့ ပုသိမ်မှာရှိနေတုန်း မြောင်းမြကြိုးတံတားက ကွန်ကရစ်တိုင်ကြီးတတိုင် အက်ကွဲပြီး ပြိုကျဆိုတဲ့သတင်း မီဒီယာသမားတွေ ကြားခဲ့ရတယ်။

မီဒီယာအဖွဲ့ ရန်ကုန်ပြန်ရောက်ပြီး လေးငါးရက်ကြာတော့ ဒီတုန်းက အရပ်သား အင်ဂျင်နီယာတယောက်ဖြစ်တဲ့ ဆောက်လုပ်ရေးဝန်ကြီး တာဝန်က အနားယူဆိုတဲ့သတင်း ထွက်တယ်။ မျက်ဝါးထင်ထင် မြင်ခဲ့ကြားခဲ့တဲ့ မီဒီယာသမားတွေ စုမိတော့ မြောင်းမြကြိုးတံတားနဲ့ ဆောက်လုပ်ရေးဝန်ကြီး အနားယူခဲ့တဲ့ သတင်းတွေ ဆက်စပ်ပြောကြရင်း မမြဲတဲ့တရားနဲ့ မြဲတဲ့အမိန့်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအကြောင်း စေ့ငုမိကြတယ်။ တံတားအင်ဂျင်နီယာက သူ့ပညာနဲ့ အတွေ့အကြုံအရ တံတားကြိုးဆိုင်းမယ့်ကိစ္စကို အချိန်မတန်သေးကြောင်း တာဝန်ကျေကျေ ပြောခဲ့ပေမယ့် တိုင်းမှာ တာဝန်အရှိဆုံးသူက ပညာရှင်စကားကို လက်မခံဘဲ သူဖြစ်ချင်တာပဲ ပြောဆို လုပ်ကိုင်စေခဲ့လို့ မြောင်းမြကြိုးတံတားဟာ အစမကောင်းခဲ့သလို အခုလို ပြတ်ကျတဲ့အထိ အနှောင်းလည်း မသေချာ ဖြစ်ခဲ့တာပါပဲ။ ဒီစာမူလေး အဆုံးသတ်မယ်လုပ်တော့ အခု အရပ်သားအစိုးရလက်ထက်မှာ ဆောက်လုပ်ရေးတာဝန်ကို ပြည်ထောင်စုအဆင့် ယူခဲ့ဖူးသူ ဝန်ကြီးတဦး ပြောဖူးတာလေး ပြေးအမှတ်ရလိုက်မိတယ်။ အရည်အသွေးမမီတဲ့ လမ်းတံတားဆောက်ရင် ဆောက်တဲ့ အင်ဂျင်နီယာကို ထောင်ထဲ ပို့ပစ်မယ်လို့ ပြောခဲ့ဖူးတာလေး ဖြစ်ပါတယ်။ မြောင်းမြကြိုးတံတားက ပြတဲ့ သင်ခန်းစာကတော့ ပညာရှင်စကား နားထောင်ပါ။ နေရာတကာ ဝင်မပါပါနဲ့။

ကိုရွှေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013