
ထိုင်းနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဆီဟဆတ် ဖွန်ကတ်ကယောက်ဟာ ဧပြီ ၂၂ ရက်က နေပြည်တော်မှာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာဘက်က ဖိတ်ကြားချက်အရ နေပြည်တော်ကို တရားဝင် သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ အခုလို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးပြဿနာ၊ အွန်လိုင်းလိမ်လည်မှုတွေ၊ နယ်စပ်ကျော်လွန် မီးခိုးမြူမှုန်တွေပြဿနာ၊ မြစ်ရေညစ်ညမ်းမှုလို နယ်စပ်ဖြတ်ကျော် ပြဿနာတွေကို ပူးပေါင်းဖြေရှင်းဖို့ ကိစ္စတွေ သဘောတူခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဆက်သွယ်ပေါင်းကူးတံတား တခုအဖြစ် ကူညီဆောင်ရွက်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍ ရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိရေးကို ထိုင်းနိုင်ငံက တည်ကြည်ခိုင်မာစွာ ထောက်ခံကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထပ်မံအတည်ပြု ပြောကြားခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ စစ်အာဏာရှင်အစိုးရ ပေါ်ပေါက်လာတဲ့နောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတခုရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် ဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုနိုင်တယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စစ်အာဏာရှင်ဟာ နိုင်ငံတကာတွေ့ဆုံမှုတွေကို ဝါဒဖြန့်ဖို့ အသုံးချလေ့ရှိတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးပါတယ်။
“သွားရောက်တွေ့ဆုံတာ တခုတည်းနဲ့တော့ ဒါ အသိအမှတ်ပြုတယ်လို့ ပြောလို့မရဘူးပေါ့ဗျာ။ ပြီးတော့ တွေ့တဲ့အခါမှာ ဘာတွေပြောခဲ့လဲ၊ ဒါတွေလည်း အရေးကြီးမယ် ထင်ပါတယ်။ ဒါပေမဲ့လည်း ဒီစစ်တပ်ဘက်ကတော့ ဒီလိုမျိုး တွေ့ဆုံခွင့်ရတဲ့အခါတိုင်းမှာ ဒါကို နိုင်ငံရေးအရ အမြတ်ထုတ်လေ့ ရှိတယ်လေနော်။ ဓာတ်ပုံတွေ ရိုက်မယ်၊ ပြီးရင် ဒါကို နိုင်ငံတကာကိုရော၊ နောက် တခြားပြည်သူတွေကိုရော၊ ဒီဓာတ်ပုံတွေကို သုံးပြီးတော့ သူ့ကို အသိအမှတ်ပြုသယောင် ဝါဒဖြန့်ချိရေးတွေလည်း လုပ်ခဲ့တာတွေကလည်း ရှေ့မှာလည်း ခဏခဏ ကြုံခဲ့ရဖူးပြီပေါ့နော်။ မင်းအောင်လှိုင်ကို သမ္မတအဖြစ်လည်း ဘယ်သူမှ လက်ခံလို့မရဘူးပေါ့နော်။ လက်ခံမယ်ဆိုရင် ဒါဟာ Criminal တကယ်ကို ရာဇဝတ်မှုတွေ များစွာကျူးလွန်ခဲ့တဲ့ အစုအဖွဲ့ကြီးကို တရားဝင် အသိအမှတ်ပြုမယ်ဆိုရင် အဲဒီအသိအမှတ်ပြုတဲ့ နိုင်ငံတွေက ဒီဟာရဲ့ အကျိုးဆက်ကို အများကြီး ခံစားရနိုင်တယ်ပေါ့ဗျာနော်။”
အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ တချို့ကို ဧပြီ ၂၂ ရက်က စတင်သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကြေညာထားပါတယ်။











