DVB Logo
Home
မြန်မာသတင်း
စုပေါင်းအင်အားဖြင့် နိုင်ငံ၏ စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
April 2, 2018
စုပေါင်းအင်အားဖြင့် နိုင်ငံ၏ စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

အစိုးရအနေနဲ့ စုပေါင်းအင်အားကို အလေးထားပြီး နိုင်ငံရဲ့ စိန်ခေါ်မှုကြီးတွေကို ကျော်ဖြတ်သွားမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)အစိုးရ တာဝန်ယူမှု ၂ နှစ်ပြည့် အထိမ်းမှတ် ဧပြီ ၁ ရက် ညက နိုင်ငံပိုင်ရုပ်သံတွေကနေ နိုင်ငံတဝန်းကို ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောသွားတာပါ။

“ယခုလာမယ့် မြန်မာသက္ကရာဇ် ၁၃၈ဝ ခုနှစ်အတွက် ကျမတို့ အစိုးရအနေနဲ့ ''စုပေါင်းအင်အား''ကို အလေးထားပြီး နိုင်ငံရဲ့ စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန်ချလိုက်ပါတယ်။ ကျမတို့နိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး တည်ဆောက်ရာမှာ စုပေါင်းအင်အားဟာ အဓိကပါ။ တိုင်းရင်းသားများအကြား နှစ်ရှည်လများစွာ ဖြစ်ပွားလာခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခများ ငြိမ်းအေးစေဖို့ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှုက အခြေခံအုတ်မြစ်ပါ။ ဒီအုတ်မြစ်ကို စုပေါင်းအင်အားနဲ့ ခိုင်မာအောင် ဆောက်တည်နိုင်ပါတယ်။ ပြည်သူများက အစိုးရရဲ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီပေးစေချင်ပါတယ်။ အထူးသဖြင့် ကျမတို့အနာဂတ်အကျိုး မျှော်ကိုးပြီး လူငယ်များ ပါဝင်စေချင်ပါတယ်။”

ဘယ်လိုစီမံကိန်းတွေပဲ ချမှတ် ချမှတ်၊ အကောင်အထည်ဖော်ရာမှာ စုပေါင်း လုပ်ဆောင်ခြင်းကသာ အောင်မြင်ခြင်းရဲ့ အဓိကအကြောင်းတရား ဖြစ်ပါလိမ့်မယ်၊ အစုအဖွဲ့၊ ဂိုဏ်းဂဏ စိတ်တွေကို ဖယ်ရှားပြီး၊ နိုင်ငံနဲ့ ပြည်သူများအကျိုးသယ်ပိုးရာမှာ၊ မည်သူကိုမျှ လက်ညှိုးမထိုး၊ မိမိရဲ့ စေတနာ၊ ပညာ၊ သတ္တိတွေကိုသာ လူတိုင်း လူတိုင်း အထွတ်အထိပ် ရောက်အောင် ကြိုးစားဆောင်ရွက်မယ်ဆိုရင် ဘယ်လိုကြီးမား၊ ခက်ခဲတဲ့ စိန်ခေါ်မှုပဲ ဖြစ်ပါစေ၊ ကျော်လွှားနိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ပါတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် နိုငံတော်သမ္မတသစ် ဦးဝင်းမြင့်ကို ဂုဏ်ပြုစကားပြောကြားခဲ့သလို  သမ္မတ တာဝန်ကနေ အနားယူသွားတဲ့ ဦးထင်ကျော်ကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။

“နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်တင်မြှောက်နိုင်ခြင်းဟာ ကျမတို့ ဒီမိုကရေစီနိုင်ငံရေး ရင့်ကျက်တည်ငြိမ်လာမှုကို ရောင်ပြန်ဟပ်ပါတယ်။ သမ္မတကြီး ဦးဝင်းမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်စအချိန်မှာပဲ ပါတီဝင်ဖြစ်လာပြီး ကိုယ်ရောစိတ်ပါ ကျမတို့ နိုင်ငံနဲ့နိုင်ငံသူနိုင်ငံသားများ အကျိုးဖြစ်စေမယ့် ပါတီလုပ်ငန်းတာဝန်များကို အကြီး အသေး၊ အမြင့် အနိမ့် မရွေးဘဲ ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။ ဦးဆောင်ဦးရွက်ပြုသူတို့ရဲ့ ဂုဏ်ရောင်ဟာ အရည်အချင်းပြည့်ဝ၊ ယုံကြည်စိတ်ချရတဲ့ မျိုးဆက်သစ်တွေ မွေးထုတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ယခု ကျမတို့ ဒီမိုကရေစီလှုပ်ရှားမှုအတွင်းက ပေါ်ပေါက်လာတဲ့ နိုင်ငံ့တာဝန်များကို သီလ၊ သမာဓိ၊ ပညာနဲ့ ထမ်းဆောင်နိုင်မယ့် နိုင်ငံတော်သမ္မတတဦးကို ဒုတိယမျိုးဆက်လို့ ခေါ်ဆိုရမယ့်သူများအတွင်းက ခန့်အပ်နိုင်ခြင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့တဲ့ ခေါင်းဆောင်များသာမက၊ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပထမ မျိုးဆက်များအားလုံးရဲ့ ဂုဏ်ရောင်ပဲ ဖြစ်ပါတယ်။”

အန်အယ်လ်ဒီ အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်စေဖို့ စတင် ရုန်းကန်နေရတဲ့အချိန်မှာ ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်၊ အစိုးရရဲ့ အဓိကရည်မှန်းချက်တွေထဲမှာ ပြည်သူတွေရဲ့ လူမှု စီးပွားရေးဘဝ တိုးတက်မြင့်မားရေးလည်း ပါဝင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားပါတယ်။

အန်အယ်လ်ဒီအနေနဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး  အစိုးရတာဝန်ယူပြီး တနှစ်ပြည့်ချိန်မှာ ပြည်သူနဲ့အတူ ဆိုတဲ့ ဆောင်ပုဒ်ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။

ဓာတ်ပုံ-State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013