DVB Logo
Home
မြန်မာသတင်း
လာဘ်စားသည့် တရားသူကြီးနှင့်ရှေ့နေကို အမှုဖွင့်တရားစွဲ
DVB
·
April 1, 2018
လာဘ်စားသည့် တရားသူကြီးနှင့်ရှေ့နေကို အမှုဖွင့်တရားစွဲ
Donate to DVB

အမှုသည်ဆီက လာဘ်စားတဲ့ တရားသူကြီးနဲ့ ရှေ့နေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဒီနေ့ပဲ အမှုဖွင့် တရားစွဲလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နေ နစ်နာသူက သံတွဲမြို့နယ်တရားရုံးရဲ့ ရာဇဝတ်ကြီးမှုအမှတ် ၁၃၅/၂၀၁၆ မှာ မြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်းက လာဘ်ငွေ ၆၂ သိန်းကျော်ယူခဲ့တာ၊ တရားခံဘက်က ငွေကျပ် သိန်း ၁၀၀ ယူပြီး အမှုကို အနိုင်ပေးတာတွေ လုပ်ခဲ့တယ်လို့ ကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးရာမှာ တရားသူကြီးဟာ ဒီအမှုရဲ့ တရားလိုဘက်ကနေ ငွေကျပ် ၆,၂၁၇,၀၀၀ ကို တောင်းခံရယူခဲ့တာ၊ မြို့နယ်တရား သူကြီးတယောက် အနေနဲ့ လုပ်ပိုင်ခွင့်အာဏာရှိသူက ရာထူးတာဝန်ကို အလွဲသုံးစားပြုခဲ့တာကို စစ်ဆေးပေါ်ပေါက်တယ်လို့  ကော်မရှင်က ထုတ်ပြန်ပါတယ်။

ပြီးတော့ အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်းဟာ ငွေကျပ် ၄,၇၅၅,၀၀၀ ကို တရားလိုဘက်က တောင်းယူပြီး တရားသူကြီးကို ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဦးဦးသိန်းထွန်းကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆၊ ရှေ့နေ ဒေါ်ခင်ချိုဝင်းကို ပုဒ်မ ၅၆/၆၃ နဲ့ သံတွဲမြို့မ ရဲစခန်းမှာ ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။

သံတွဲရဲစခန်းမှူး ဒုရဲမှူး ကျော်မျိုးထက်က “စစ်တာ ဆေးတာတွေကတော့ ကော်မရှင်က ဦးစီးအရာရှိ ဦးအေးဝင်းအောင်ကပဲ ဆောင်ရွက်ပါတယ်။ ကျနော်တို့ကတော့ သူတို့လိုအပ်တာကို လုပ်ပေးတာပါ။ အမှုဖွင့်ပေးထားပါတယ်။ တရားလိုကလည်း ဦးအေးဝင်းအောင်ပါပဲ။ အခုတော့ ရှေ့နေအမျိုးသမီးကိုတော့ သူတို့ပဲ တိုက်ရိုက်လာဖမ်းပြီး တရားရုံးက ချုပ်မိန့်တောင်းပါတယ်။ ကျနော်တို့ဆီမှာ လက်ရှိအပ်ထားပါတယ်။ တရားသူကြီးရဲ့ အခြေအနေတော့ ကျနော်တို့ မသိသေးဘူးဗျ” လို့ ပြောပါတယ်။

တရားသူကြီး ဦးဦးသိန်းထွန်းဟာ လက်ရှိမှာ ကျိုက်ထိုမြို့နယ်တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက တရားသူကြီးတဦး၊ ဥပဒေအရာရှိတဦးနဲ့ အထက်တန်းရှေ့နေ တဦးတို့ကို အမှုသည်ဆီက လာဘ်စားခဲ့တယ်ဆိုပြီး  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

ပြီးတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုတွေမှာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ ၅၇၊ ၆၃ တို့အရ သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်လှစ်ပြီး တရားစွဲဆိုခဲ့တဲ့ အမှုတွေထဲက တရားခံ ၁၂ ယောက် ထွက်ပြေး တိမ်းရှောင်နေပါတယ်။

အဲဒီလူတွေထဲမှာ ရှေ့နေ၊ ပညာရေးဝန်ထမ်း၊ တောအုပ်၊ ရဲအုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြေစာရင်းအရာရှိ၊ မြေတိုင်းစာရေး၊ မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ စသူတွေ ပါဝင်ပြီး သူတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013