DVB Logo
Home
မြန်မာသတင်း
ထိုင်းငါးဖမ်းလှေပေါ်ရောက် ရောင်းစားခံ ရေလုပ်သားတို့၏ ခက်ခဲကြမ်းတမ်းသည့် ဘဝများ
DVB
·
March 31, 2018
ထိုင်းငါးဖမ်းလှေပေါ်ရောက် ရောင်းစားခံ ရေလုပ်သားတို့၏ ခက်ခဲကြမ်းတမ်းသည့် ဘဝများ
Donate to DVB

 

မြန်မာနိုင်ငံသား မောင်ဝင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဘတ်ငွေ ၆ ထောင်နဲ့ ထိုင်းငါးဖမ်းလှေတစင်းဆီမှာ အလုပ်လုပ်ဖို့ ရောင်းစားခံခဲ့ရပါတယ်။

သူဟာ ဒီနှစ်ထဲမှာ မတော်တဆထိခိုက်မှုတခုကြောင့် လက်ဖျံတဖက်မဆုံးရှုံး ခင်အထိတော့ ငါးဖမ်းသမားအဖြစ် လုပ်ကိုင်နေခဲ့ရပါတယ်။

တရက်ကို အချိန် ၁၉ နာရီလောက် ရေထဲမှာ ပိုက်ဆွဲရပြီး သူနဲ့အတူ အလုပ်လုပ် တဲ့ လုပ်ဖော်ကိုင်ဖက် ၃၀ လောက်ဟာ တခါတရံ နားချိန်တောင်မရအောင် အလုပ်လုပ် ရတယ်လို့ မောင်ဝင်းက ပြောပါတယ်။

ဒါဟာ ခုသီတင်းပတ်အတွင်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့က ထိုင်းငါးဖမ်း လှေတွေဆီသွားရောက်ပြီး “ရက်စက်ကြမ်းတမ်းလှတဲ့ လုပ်ငန်းခွင်အခြေအနေတွေ” အပေါ် စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့ချိန်မှာ ဖြေကြားခဲ့တာပါ။

“မြန်မာနိုင်ငံမှာ ငါးဖမ်းသမားတယောက်အဖြစ် အသက်မွေးဝမ်း ကျောင်းရတဲ့ ဘ၀က ခက်ခဲပင်ပမ်းတာမို့ ထိုင်းမှာ အလုပ်လာလုပ်ရင်တော့ ကျနော့်ဘ၀က ပို ကောင်းလာလိမ့်မယ်လို့ ထင်ခဲ့မိတယ်။ ပွဲစားက ကျနော့်ကို ဘယ်မှာအလုပ်လုပ်ရ ပြီး ဘယ်လောက်ရမယ်ဆိုတာ မပြောပြခဲ့ပါဘူး။ လှေပေါ်မှာ အလုပ်လုပ်ရင်း ကျနော့်ဘ၀ အဆုံးသတ်ခဲ့ရတယ်”လို့ အသက် ၃၉ နှစ်အရွယ် ကလေး ၄ ယောက်ဖခင်ဖြစ်တဲ့ ဦးမောင်ဝင်းက ပြောပါတယ်။

ကမ္ဘာ့ ပင်လယ်စာတင်ပို့မှု တတိယအများဆုံး နိုင်ငံအဖြစ်ရပ်တည်နေတဲ့ ထိုင်း နိုင်ငံမှာ လုပ်သားပေါင်း ၃ သောင်းကျော်လောက်လုပ်ကိုင်နေကြတာပါ။

အဆိုပါ အလုပ်သမားတွေထဲက အများစုကတော့ အိမ်နီးချင်းနိုင်ငံတွေက လာ ရောက်အလုပ်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်နေပြီး ဒီလုပ်ငန်းခွင်ဟာ လုပ်သားတွေကို ရက်ရက်စက်စက် ကျွန်ပြုရောင်းစားခံရတဲ့ လုပ်ငန်းခွင်အဖြစ် အရင် ကာလတွေကတည်းက စွပ်စွဲခံနေရတာပါ။

လက်ရှိမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပညာရှင်တွေပါဝင်တဲ့ အဖွဲ့တဖွဲ့က ပထမဆုံးအကြိမ်အဖြစ် ရေလုပ်ငန်းနဲ့ ပင်လယ်စာထုတ်လုပ်ရေးလုပ်ငန်းခွင်တွေကို မေးမြန်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။

တနေ့မှာ ငါးဖမ်းပိုက်ကို မတင်လိုက်ရင်း ဘီးထဲမှာ သူ့ဘယ်ဘက်လက်မောင်း ညပ်ရာကနေ လက်တဖက် ဆုံးရှုံးခဲ့တာလို့ မြို့တော်ဘန်ကောက်ကနေ ၁ နာရီကြာ ကားမောင်းရတဲ့ အဓိက ငါးဖမ်းလုပ်ငန်းရှိရာ စမွတ်စခွန်ခရိုင်ကနေ ကိုဝင်းက ဆိုပါတယ် လျော်ကြေး ဘတ် ၁ သောင်းပဲ ရလို့ ပိုမိုရဖို့အတွက် ထိုင်းအာဏာပိုင်တွေကို ကိုဝင်းက တောင်းဆိုနေတယ် ဒါပေမယ့် ဒီမတော်တဆမှု မဖြစ်ခင်ကတည်းက သူ့လစာက ရသင့်ရထိုက်တာထက် လျော့နည်းနေတယ်လို့ ခံစားရကြောင်းလည်း ပြောပါတယ်။

ပထမပိုင်းမှာ တလကို ဘတ် ၁ သောင်းရပေမယ့် နောက်ပိုင်း တဖြည်းဖြည်းနဲ့ လစာ လျော့နည်းလာတာဟာ တလကို တရားဝင်အနည်းဆုံး လစာ ၉ ထောင်ပေးရတဲ့ ထိုင်းနိုင်ငံမှာ သူရတာ တလ ၄ ထောင်ပဲ ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အမှားနဲနဲ လုပ်မိတာနဲ့လည်း ဆူခံ ရိုက်ခံရတယ်။ ကျနော် ၂ ခါရိုက်ခံရတယ်။ တခါက ခေါင်းကို ဓားမနဲ့ ရိုက်တာ” လို့ ကိုဝင်းက ပြောပေမယ့် ထိုင်းအာဏာပိုင်တွေကို ကြောက်လို့ သူ့ရဲ့အမည်မှန် ထည့်မပြောဖို့ ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေကပါ ထိုင်းနိုင်ငံရဲ့ ဒီလုပ်ငန်းက နှစ်ရှည်လများ နှိပ်စက်ညှင်းပန်းမှုတွေရှိတယ်လို့ စွပ်စွဲချက်တွေရှိခဲ့ ပါတယ်။

ထိုင်းနိုင်ငံအတွင်း ပင်လယ်စာအပိုင်းနဲ့ ငါးဖမ်းလုပ်ငန်းတွေအပါအဝင် နိုင်ငံရဲ့ ကျယ်ပြန့်လှတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လူအခွင့်အရေးတွေ စစ်ဆေးကြည့်ရှု့ဖို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေအဖွဲ့က သူတို့ရဲ့ ဦးဆုံးအလည်အပတ်ခရီးကို စခဲ့ပြီး ဒီအပတ်ထဲမှာ ငါးဖမ်းလုပ်ငန်းတွေကို အပြည်ပြည်ဆိုင်ရာ စစ်ဆေးလေ့လာမှုတွေ လုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ ငါးဖမ်းလုပ်ငန်းကို သတင်းဌာနတွေ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စုံစမ်းမှုအပြီး လှေပေါ်မှာ အကြမ်းဖက်မှုတွေ လူကုန်ကူးမှုနဲ့ ကျွန်ပြုမှု အစရှိတာတွေကို သိရှိခဲ့လို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တာပါ။

အကယ်၍ ဒီလုပ်ငန်းကို ရှင်းလင်းမှုတွေမလုပ်ခဲ့ရင် နိုင်ငံရဲ့ ငါးတင်ပို့မှုကို တားမြစ်မယ်လို့ ၂၀၁၅ ခုနှစ်မှာ ဥရောပသမဂ္ဂကလည်း ခြိမ်းခြောက်ခဲ့လို့ စစ်အစိုးရက ဒီအပိုင်းမှာ ပြန်လည်ပြုပြင်ရေးတွေ လုပ်နေရပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်တွေက အခုအချိန်မှာ အနည်းဆုံး လုပ်ခပေးရတာတွေ အလုပ်သမားနဲ့ စာချုပ် ချုပ်ဆိုလုပ်ကိုင်ရတာတွေစတဲ့ စည်းကမ်းအသစ်တွေကို လိုက်နာနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) ရဲ့ ယခုလမှာ ပြုလုပ်တဲ့ သုတေသနလုပ်ငန်းက သိရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း အထူးသဖြင့် မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ နှိပ်စက်မှုတွေရှိတဲ့ အလုပ်အကိုင် အခြေအနေနဲ့ အချိန်ပို အလုပ် လုပ်ရတာတွေ အပါအဝင် အတင်းအဓမ္မ အလုပ်စေခိုင်းတဲ့ လက္ခဏာတွေကိုလည်း အိုင်အယ်လ်အိုက တွေ့ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းငါးဖမ်းလုပ်သားတွေထဲက ၃ ပုံ ၁ ပုံကျော်က လူကုန်ကူးမှုရဲ့ သားကောင်တွေဖြစ်တယ်လို့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က လုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ တရားမျှတမှု မစ်ရှင်ဆိုတဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က ပြုလုပ်တဲ့ ငါးဖမ်းသမား ၂၆၀ကို လေ့လာမှုအရလည်း သိခဲ့ရပါတယ်။

လူ့အခွင့်အရေးနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ထိုင်းနိုင်ငံမှာ အစိုးရရဲ့ အရေးယူမှုတွေက အကျိုးဖြစ်ထွန်းမှုရှိရဲ့လားဆိုတာ ဖေါ်ထုတ်ဖို့ ထိုင်းနိုင်ငံကိုသွားမယ့် ၁၀ ရက်ကြာ လုပ်ငန်းစဉ်ခရီးမှာ ရွှေ့ပြောင်းအလုပ်သမားတွေ တက်ကြွလှုပ်ရှားသူတွေနဲ့ အာဏာပိုင်တွေကို တွေ့သွားမယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့က သူတို့ခရီးရဲ့အဆုံးမှာ ခရီးသွားလုပ်ငန်းနဲ့ ပင်လယ်စာထုတ်လုပ်ရေး လုပ်ငန်းတွေမှာ လူကုန်ကူးမှုတွေ ခေတ်သစ် ကျွန်ပြုမှုတွေ ညှိနှိုင်း လုပ်ကိုင်ဖို့ နိုင်ငံလုံးဆိုင်ရာ လုပ်ငန်းအစီအစဉ်တခုကို ထိုင်းအာဏာပိုင်တွေအနေနဲ့ လုပ်ဖို့ တိုက်တွန်းသွားမယ်လို့ မျှော်လင့်နေတာပါ။

ခန့်မှန်းခြေ လူပေါင်း ၄ သိန်း ၂ သောင်း ၅ ထောင် ၅ ရာက ထိုင်းနိုင်ငံအတွင်းမှာ ကျွန်ပြုခံရတဲ့ အခြေအနေနဲ့ ရှိနေတယ်လို့ ဝေါ့က်ဖရီး ဖောင်ဒေးရှင်းဆိုတဲ့ လှုံ့ဆော်ရေးအဖွဲ့ရဲ့ ၂၀၁၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကျွန်ပြုမှု အညွှန်းကိန်းအရ သိရပါတယ်။

ဒါပေမယ့်လည်း တက်ကြွလှုပ်ရှားသူအုပ်စုက ယူအန်အနေနဲ့ ဒီလိုစကားလုံးတွေနဲ့ ညွှန်းဆိုနေတာထက်စာရင် ပိုမိုလုပ်ကိုင်ဖို့ တိုက်တွန်းထားပါတယ်။

“အကယ်၍ ယူအန်ကလာပြီး သုတေသနလုပ် ကိန်းဂဏန်းလေး ကောက်သွားတာက တကယ်အလုပ်မဖြစ်ပါဘူး”လို့ အလုပ်သမားအခွင့်အရေး မြှင့်တင်ရေးကွန်ရက် ဖောင်ဒေးရှင်းဖြစ်တဲ့ ထိုင်းလှုံ့ဆော်ရေးအဖွဲ့က ပါတီမာတန်ပူချယာကူးက ပြောပါတယ်။

စမွန်ခရိုင်ကို ပြန်သွားကြည့်မယ်ဆိုရင်တော့ နေရောင်မနက်ခင်းမှာ လှေတွေကို ဆိပ်ကမ်းဆီ ဆွဲသွားပြီး ငါးဖမ်းသမားတွေဟာ သူတို့ဖမ်းမိတဲ့ ငါးတွေနဲ့ အလုပ်ရှုပ်နေပါတယ် မြန်မာနိုင်ငံက လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေက တိတ်တဆိတ်နဲ့ ငါပူတင်းငါးတွေကို အရွယ်အစားအမျိုးမျိုး ရွေးချယ်နေကြပါတယ်။

ဒါပေမယ့် ဒီမြင်ကွင်းက ကိုဝင်းအတွက်တော့ မေ့ပစ်လိုက်ချင်စရာပါ။ အခု သူလိုချင်တာတွေက ဆုံးရှုံးသွားတဲ့ လက်အတွက် သင့်တော်တဲ့ လျော်ကြေးရပြီး အိမ်ပြန်ဖို့ပါပဲ။

“ကျနော်ဒီမှာ မပျော်ဘူး အကယ်၍ အိမ်ပြန်ရင် အနည်းဆုံး ကလေးတွေနဲ့ မိန်းမနဲ့ အတူနေနိုင်မယ်” လို့ ကိုဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013