DVB Logo
Home
မြန်မာသတင်း

သိမ်းဆည်း မော်တော်ယာဉ်ကိစ္စ အဆင့်ဆင့်တင်ပြနေရ၍ လေလံတင်ရောင်းချရေး ကြန့်ကြာ

ပိုင်စိုး
·
March 31, 2018
သိမ်းဆည်း မော်တော်ယာဉ်ကိစ္စ အဆင့်ဆင့်တင်ပြနေရ၍ လေလံတင်ရောင်းချရေး ကြန့်ကြာ
Donate to DVB

တရားရုံးတွေမှာ သက်သေခံအဖြစ်သိမ်းဆည်းထားတဲ့ မော်တော်ယာဉ်တွေကို လုပ်ထုံးလုပ်နည်းနဲ့ အဆင့်ဆင့် တင်ပြနေရတာကြောင့် ထုခွဲဖို့ ကြန့်ကြာနေတယ်လို့ ရန်ကုန်တိုင်း တရားသူကြီးချုပ် ဦးဝင်းဆွေက ပြောပါတယ်။

မတ်လ ၃၀ ရက်က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်း လွှတ်တော်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က မေးမြန်းတာကို ဖြေကြားခဲ့တာပါ။

တရားသူကြီးချုပ် ဦးဝင်းဆွေက “အမှုကို စစ်ဆေးမှုပြီးဆုံးသည့်အခါ သက်သေခံ ပစ္စည်းနှင့် ပတ်သက်၍ နိုင်ငံတော်ဘဏ္ဍာ အဖြစ်သိမ်းဆည်းခြင်း၊ ပိုင်ရှင်သို့ပြန်လည်ထုတ်ပေးခြင်း၊ ဖျက်စီး စေခြင်း စသည်ဖြင့် သင့်တော်ရာ အမိန့်တရပ်ချမှတ်ပြီး အယူခံ/ပြင်ဆင်ရက်ကျော်လွန်ပါက ယင်းအမိန့်နှင့်အညီ စီမံခန့်ခွဲရပါကြောင်း၊ ပိုင်ရှင်သို့ ပြန်ပေးရန်နှင့် ဖျက်စီးစေရန် အမိန့်ချမှတ်သည့် ကိစ္စတွင် သာမန်အားဖြင့် အချိန်ကြန့်ကြာမှုမရှိဘဲ အမိန့်နှင့်အညီ စီမံခန့်ခွဲနိုင် သော်လည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ထားသည့်ကိစ္စတွင်မူ လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်တင်ပြဆောင်ရွက်နေရသဖြင့် အလျင်အမြန် စီမံခန့်ခွဲနိုင်ခြင်း မရှိဘဲ ယင်းသက်သေခံ ပစ္စည်းများအား တရားရုံးကပင် ဆက်လက်ထိန်းသိမ်းထားရခြင်း ဖြစ်ပါကြောင်း” ဖြေကြားပါတယ်။

အယူခံ/ပြင်ဆင်ရက်ကျော်လွန်ပြီးတဲ့ ဘဏ္ဍာသိမ်း မော်တော်ယာဉ်တွေကို စီမံခန့်ခွဲဖို့ တိုင်း တရားရေးဦးစီးမှူးက တဆင့် တိုင်းအစိုးရကို တင်ပြရပြီး တိုင်း အစိုးရက အရည်အသွေး စစ်ဆေးရေးနဲ့ ကြမ်းခင်းဈေးသတ်မှတ်ရေးအဖွဲ့ ဖွဲ့စည်းပေးတာ၊ အဲဒီအဖွဲ့က မော်တော်ယာဉ်တွေကို သွားရောက် စစ်ဆေးပြီး သံရည်ကြိုအဆင့် (ဒါမှမဟုတ်) လေလံတင်ရောင်းချနိုင်တဲ့ အဆင့် သတ်မှတ်တာ၊ လေလံတင်ရောင်းချဖို့ ကြမ်းခင်းဈေး သတ်မှတ်တာ၊ ကြမ်းခင်းဈေးကို တိုင်း အစိုးရအဖွဲ့ကို တင်ပြ အတည်ပြုချက်ယူရတာတွေကို အဆင့်ဆင့် ဆောင်ရွက်ပြီးမှ လေလံတင်ရောင်းချတဲ့ လုပ်ငန်းကို လုပ်ရတာကြောင့် ချက်ချင်း စီမံခန့်ခွဲတာ မလုပ်နိုင်ဘူးလို့ ဖြေပါတယ်။

ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ တရားရုံးတွေက ဘဏ္ဍာသိမ်းအမိန့်ချမှတ်ထားပြီး အယူခံ/ပြင်ဆင်ရက် ကျော်လွန်တဲ့ မော်တော်ယာဉ်တွေကို စီမံခန့်ခွဲဖို့ တိုင်းတရားဦးစီးမှူးက တိုင်း အစိုးရကို စာနဲ့ တင်ပြခဲ့ပြီး တိုင်းအစိုးရက အဲဒီမော်တော်ယာဉ်တွေကို  ဗဟိုစက်ပစ္စည်းစာရင်းအင်းနဲ့ စစ်ဆေးရေး ဦးစီးဌာနကို အပ်နှံပြီး နိုင်ငံပိုင်စာရင်းရေးသွင်း ဆောင်ရွက်သွားဖို့ ညွှန်ကြားလာတယ်လို့ ဆိုပါတယ်။

ဗဟိုစက်ပစ္စည်းစာရင်းအင်းနဲ့ စစ်ဆေးရေး ဦးစီးဌာနက ၂၀၁၇ ခုနှစ် သြဂုတ် ၈ ရက်ကနေ အောက်တိုဘာ ၁၀ ရက်အထိ သက်ဆိုင်ရာ တရားရုံးတွေကို ကွင်းဆင်း စစ်ဆေးပြီး မော်တော်ယာဉ် ၂၄ စီးကို လွှဲပြောင်းယူသွားပြီလို့လည်း တရားသူကြီးချုပ်က ပြောပါတယ်။ ဒါပေမယ့် နောက်ထပ် မော်တော်ယာဉ် ၄၇ စီးကိုတော့ အဲဒီဌာနကို စာရင်းအရ လွှဲပြောင်းပေးအပ်ပြီးပေမယ့် မသယ်ယူ နိုင်ခင်မှာ တရားရုံးကို ခဏ အပ်ထားခဲ့တာလို့လည်း ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း အယူခံ/ပြင်ဆင်ရက်ကျော်လွန်မယ့် ဘဏ္ဍာသိမ်း မော်တော်ယာဉ်တွေကို အမြန်ဆုံး စီမံခန့်ခွဲနိုင်ဖို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို တင်ပြဆောင်ရွက်သွားမယ်လို့လည်း တရားသူကြီးချုပ်က ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013