
တနင်္သာရီတိုင်းဒေသကြီးကနေ ရန်ကုန်မြို့ကိုပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းကြီးတွေ အနေနဲ့ လာမယ့်သင်္ကြန်ရက်အတွင်းမှာ ပြေးဆွဲမှုတွေရပ်နားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ကို ပြေးဆွဲနေတဲ့ ကားအသင်းပေါင်း ၂၀ ရှိပြီး လေကြောင်းလိုင်းအနေဖြင့် နေ့စဉ်ပြေးဆွဲသွားမှာဖြစ်တယ်လို့ ကားဂိတ်တာဝန်ခံများနဲ့ ကားလက်မှတ်နဲ့ လေယာဉ်လက်မှတ် အေးဂျင့်များက ဆိုကြပါတယ်။
“၁၁ ရက်နေ့ကစနားတာရှိတယ်၊ ၁၂ ရက်နေ့နားတဲ့ကားလဲရှိတယ်၊ နှစ်ဆန်းနှစ်ရက်နေ့ လောက်မှပြန်ဆွဲကြဖို့ရှိပါတယ်။ ထားဝယ်၊ မြိတ်တို့ကနေ မော်လမြိုင်ကိုဆွဲနေတဲ့ မော်တော်ယာဉ်အသင်းငယ်တွေကတော့ ခုထိမသိရသေးဘူး။ မနှစ်တုန်းကတော့ အကုန်နားပါတယ်။ သင်္ကြန်ရက်ရက်တွင်းမှာ အဲယာလိုင်းကတော့ ဆွဲပါတယ်။ မြန်မာ့လေကြောင်းလိုင်းက အမှန်ဆုံးပေါ့။ နေ့တိုင်းရှိတယ်။ အက်ဖ်အမ်အိုင်က တစ်ရက်ခြားရှိတယ်။ ဒါပေမယ့်လေကြောင်းလိုင်းက နှစ်လိုင်းထဲကျတော့ ကြပ်တယ်။ အရင်က သုံးလေးလိုင်းလောက်ရှိတာခင်ဗျ” လို့ ထားဝယ်မြို့ သန်းဒီပါကားလက်မှတ်နဲ့ လေယာဉ်လက်မှတ် ရောင်းဝယ်ရေးမှ ကိုတိုးဆက်က ဒီဗွီဘီကို ပြောပါတယ်။
ရွှေစင်စင်္ကြာ ထားဝယ်ဂိတ်တာဝန်ခံ ကိုခင်ဇော်မင်းက '' ကျနော့်အသင်းအနေနဲ့ကတော့ ၁၂ ကနေ နှစ်ဆန်းတစ်ရက်နေ့အထိနားမယ်၊ လက်မှတ်ကတော့ ကြိုတင်ဝယ်ယူလို့ရတယ်။ ဈေးနှုန်းကတော့ ပုံမှန်ဈေးနှုန်းပါပဲ၊ သင်္ကြန်အပြီးလက်မှတ်ကတော့ နှစ်ဆန်းတစ်ရက်ကနေ စရောင်းပါမယ်။ ကားအသင်းကြီးတွေရပ်နားကြမယ်လို့တော့ သိထားပါတယ်” လို့ ပြောပါတယ်။
ထို့ပြင် မွန်ပြည်နယ်တောင်ဘက်အစွန်ဆုံး ရေးမြို့နယ်မှ ရန်ကုန်ကိုပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်း ၁၆ လိုင်းအနေဖြင့်လည်း သင်္ကြန်ရက်အတွင်း ရပ်နားမှာဖြစ်ပြီး မန္တလာမင်းအဝေးပြေးယာဉ်လိုင်းအနေဖြင့်မူ သင်္ကြန်ရက်အတွင်း မော်လမြိုင်-ရန်ကုန်ခရီးစဉ်ကို နေ့စဉ်ပြေးဆွဲပေးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။
ဝင်းနိုင်သက်











