DVB Logo
Home
မြန်မာသတင်း

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ မိန့်ခွန်းအပေါ် သဘောထားမှတ်ချက်များ

DVB
·
March 30, 2018
နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ မိန့်ခွန်းအပေါ် သဘောထားမှတ်ချက်များ
Donate to DVB

ဒေါက်တာ ဇော်မြင့်မောင် (မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်)

“ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်မှာလည်း အတွေ့အကြုံရခဲ့ပြီးပြီ။ နိုင်ငံရေးအတွေ့အကြုံ ကလည်း ၈၈ ကတည်းက ကျနော်တို့ ပါတီထောင်ကတည်းက ပါလာတဲ့သူပေါ့နော်။ နိုင်ငံရေး အတွေ့အကြုံပိုင်းက ဘာမှ ပြောစရာမရှိဘူးပေါ့နော်။ ပြည်သူ့လွှတ်တော်ဘက်ကလည်း သူ ၂ နှစ်လုပ်ခဲ့ပြီးပြီဆိုတော့ အတွေ့အကြုံတွေလည်း အများကြီးရှိတယ်။ ဘာပဲပြောပြော နိုင်ငံရေးနဲ့ လွှတ်တော် အတွေ့အကြုံရှိထားတယ်ဆိုတော့ အုပ်ချုပ်ရေးပိုင်းမှာ သူပိုပြီးတော့ နက်နက်နဲနဲ ပိုပြီးတော့ လုပ်နိုင်မယ်ထင်ပါတယ်။”

“အဂတိတိုက်ဖျက်ရေးကို သူ နဂိုကတည်းက စိတ်ထက်သန်နေတဲ့လူလေ။ အဲတော့ ဒီနေ့ ပြောသွားတဲ့ မိန့်ခွန်းတွေထဲမှာ လိုအပ်ချက်တွေကို အကုန်လုံးပြောသွားပါတယ်။ အဲဒီမိန့်ခွန်းကို ကြည့်လိုက်ရင် သူ့သဘောထားကို သိပါတယ်။ အရှိန်နဲ့အဟုန်နဲ့ သူ လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ပါတီထူထောင်တဲ့ ၈၈ တည်းက စိန်ခေါ်မှုအားလုံးကို ကျော်လွှားခဲ့ပြီးပြီ၊ အဲဒီတုန်းကလည်း ပါတီ ဘယ်လောက် အခက်အခဲကြုံခဲ့ရလဲဆိုတာ ခင်ဗျားတို့ သိပါတယ်။ အဲလိုကြုံခဲ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့အချိန်မှာ ဒီနေ့ ပြည်သူကပေးထားတဲ့မဲနဲ့ အုပ်ချုပ်မှု စတင်စီမံခန့်ခွဲတဲ့အချိန်မှာ စိန်ခေါ်မှုကတော့ ဘက်စုံရှိနေပါတယ်။ ခင်ဗျားတို့လည်းသိပြီးသားပါ။ ဒီဟာတွေကို ကျနော်တို့ ကြံ့ကြံ့ခိုင် နှစ်နှစ်တိတိ ကျော်လွှားခဲ့ပြီးပြီ။ ကျန်တဲ့ဟာတွေကို ကျနော်တို့ ကျော်လွှားနိုင်ဖို့ ပြည်သူလူထုကလည်း ယုံကြည်ပါတယ်။”

ဦးဝင်းထိန် (အန်အယ်လ်ဒီ သဘာပတိအဖွဲ့ဝင်)

“ဝမ်းသာပါတယ်။ တိုင်းပြည်အစိုးရအနေနဲ့ ဦးစားပေး၊ အခုန ပြောသွားတာရှိတယ်။  တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ သူဆိုလို့ရှိရင် ပိုပြီးတော့ လုပ်နိုင်လိမ့်မယ်လို့တော့ ကျနော် ထင်တယ်။”

ဦးထွန်းထွန်းဟိန် (ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ)

“ဒီဥပဒေပြုရေးဆိုတာ အစကတော့ အန်ကယ်တို့က စတာပေါ့နော်။ ဥပဒေအတည်ပြုလိုက်တယ်။ ဥပဒေမရှိဘဲနဲ့တော့ တရားဥပဒေစိုးမိုးရေး မဖြစ်ဘူး။ ဥပဒေကတော့ စရတယ်။  အဲတော့ အန်ကယ်တို့ကပြောပါတယ်။ သမ္မတကြီးရဲ့ မူနဲ့အညီပေါ့နော်၊ အစိုးရဘက်ကမူနဲ့အညီ အန်ကယ်တို့က တရားဥပဒေနဲ့ ပံ့ပိုးပါ့မယ်။”

ဦးဉာဏ်ဝင်း (အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင်)

“သူ အစွမ်းကုန်ပြီးအောင်လုပ်မယ်လို့ မပြောဘူး။ အလုပ်ကြိုးစားပြီး လုပ်မယ်လို့ပြောတာ။ ဒါကိုက တင်ပြချက် မှန်ကန်တယ်လို့ မြင်တယ်။ ဘယ်လို အပြောင်းအလဲဖြစ်မယ်ဆိုတာ ဦးဝင်းမြင့် လုပ်ပြီးတဲ့အခါကျမှ သုံးသပ်လို့ရမယ်။”

ဦးခိုင်မောင်ရည် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

“မြေသိမ်းယာသိမ်းကိစ္စတွေ၊ လယ်ယာမြေတွေ လျော်ကြေးနစ်နာကြေးရအောင် ဆောင်ရွက်မယ်ဆိုတဲ့ စကားလုံးပါတယ်။  အဓိကကတော့ တရားစီရင်ရေးကို ထိန်းညှိဖို့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိုလည်း သူ့အနေနဲ့ ဖော်ဆောင်ဖို့၊ ဒီစကားလုံးတွေပါတယ်။ ပြောရမယ်ဆိုရင်တော့ စာရွက်ထဲမှာ ရှိတဲ့ဟာတွေကို ဖတ်သွားတာမဟုတ်ဘဲနဲ့ အခုပြောနေတာ၊ သူ့ရဲ့  အိုင်ဒီယာတွေကို သူပြောသွားတာ။ အဲဒီအတွက် ဒါအကောင်အထည်ဖော်မယ်ဆိုတဲ့ ကတိကိုလည်း ပေးသွားတာဖြစ်တယ်။”

“အဲဒီအတွက် ပြည်သူတွေဘက်က ဘာလဲဆိုရင် မတရားခံရတဲ့ကိစ္စ၊ တရားစီရင်ရေးကို ထိန်းညှိဖို့အတွက် သူ လွှတ်တော်မှာ မချင့်မရဲဖြစ်ခဲ့တယ်။ အဲဒီအတွက် သူ့ရဲ့ လွှတ်တော်ဥက္ကဋ္ဌ ဘဝတုန်းက မလုပ်နိုင်ခဲ့တဲ့ အလုပ်တွေကို သူ သမ္မတ ဖြစ်တဲ့အချိန်မှာ သက်ဆိုင်ရာဝန်ကြီးဌာနကို သူထိန်းကျောင်းသွားမယ့် အနေအထားမျိုးကို တွေ့ရတယ်။ အဲဒီအတွက် ဒါဟာ ဒီနေ့ သမ္မတရဲ့မိန့်ခွန်းက ကြိုဆိုရမယ့် မိန့်ခွန်းဖြစ်တယ်။ သူ အကောင်အထည်ဖော်နိုင်ပါစေလို့ပဲ ကျနော်တို့ ဆုတောင်းရမှာပဲ။ သူ့အနေနဲ့ အကောင်းဆောင်ရွက်မှုဆိုရင် ကျနော်တို့က အသိအမှတ်ပြုပေးရမယ်။ အဲဒီ အကောင်းဆောင်ရွက်တဲ့ လုပ်ရပ်တွေကို ဝေဖန်တာဆိုရင် အပြုသဘောနဲ့ပဲ ဝေဖန်သင့်တယ်။”

“ပြီးတော့ သမ္မတ သူ့အတွက်လုပ်ဖို့ သက်တမ်း တဝက်လောက်ပဲ ကျန်တော့တယ်။ ဒီလိုတဝက်လောက်မှာ သူ့အနေနဲ့ ပထမဆုံး တနှစ်ကို ဘယ်လောက်အထိ အကောင်အထည်ဖော်သွားနိုင်မလဲ အဲဒီအကောင်အထည်တခုပြီးတိုင်း တခုပြီးတိုင်း၊ ပြည်သူတွေက ကောင်းတာဆိုရင် ကောင်းတဲ့အတိုင်း ဝန်းရံပေးဖို့ လိုပါတယ်။ အဲတော့ တခြားပါတီတွေက တိုက်ခိုက်နေမယ့်အစား အကယ်၍သာ သူ့ရဲ့ဆောင်ရွက်ချက်တွေက ပီပီပြင်ပြင်နဲ့ အောင်မြင်တယ်ဆိုရင် ထောက်ခံပေးရမှာ ဖြစ်တယ်။ အဲဒီအတွက် သူ့ရဲ့ဆောင်ရွက်မှုကို စောင့်ကြည့်ပြီးတော့မှ ဝေဖန်သွားကြပါ၊ အပြုသဘောနဲ့ ဝေဖန်ကြပါလို့ ပြောလိုပါတယ်။”

“ဦးဝင်းမြင့်ဟာ လုပ်ရဲတဲ့သူတယောက်လို့ မြင်တယ်။ ပြီးတော့စကားလုံးလည်း ပြောရဲတယ်။ ပြောရဲတဲ့အတိုင်း လုပ်ရဲလိမ့်မယ်လို့ ကျနော်တို့က အဲလိုပဲမြင်တယ်။ အဲတော့ သူ့ကို လုပ်ရဲအောင်တော့ တဖက်မှာ ပါတီက ဖြစ်စေ၊ ပါတီခေါင်းဆောင်များက ဖြစ်စေ၊ သူ့ကို လုပ်ခွင့်ပေးစေချင်တယ်။ သူ့ရဲ့ဆန္ဒနဲ့အညီ ထိန်းကျောင်းသွားနိုင်တဲ့ လုပ်ရပ်တွေကို ကျနော်တို့က အားပေးစေချင်တဲ့ ဆန္ဒရှိပါတယ်။ အဲတော့ ပြည်သူတွေကလည်း ဒါကိုပဲ မျှော်လင့်ကြမှာဖြစ်တယ်။ အဲဒီအတွက် ဆောင်ရွက်နိုင်ပါစေ၊ လုပ်နိုင်ပါစေ။ သမ္မတဟာ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ပါစေလို့ပဲ ကျနော်တို့ ဆုတောင်းပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013