DVB Logo
Home
မြန်မာသတင်း
ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင်တို့ကို အဖွဲ့ချုပ် ဒုဥက္ကဋ္ဌများအဖြစ် ခန့်အပ်
DVB
·
March 30, 2018
ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင်တို့ကို အဖွဲ့ချုပ် ဒုဥက္ကဋ္ဌများအဖြစ် ခန့်အပ်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ခေါင်းဆောင်မှုပိုင်းကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ထိပ်တန်းခေါင်းဆောင်နှစ်ဦးအဖြစ် ဦးဝင်းမြင့်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ကို ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ (၁) အဖြစ် ဦးဝင်းမြင့်နဲ့ ဒုဥက္ကဋ္ဌ (၂) အဖြစ် ဒေါက်တာဇော်မြင့်မောင်တို့ကို တာဝန်ပေးလိုက်ကြောင်း အဖွဲ့ချုပ်က မတ်လ ၂၆ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အလားတူ အဖွဲ့ချုပ်ရဲ့ သဘာပတိအဖွဲ့ဝင်တွေအဖြစ် ဦးဝင်းထိန်၊ ဦးအုံးကြိုင်၊ ဦးကျော်ခင်နဲ့ မန်းဂျော်နီတို့ကို တာဝန်ပေးလိုက်တယ်လို့လည်း တရက်တည်းမှာပဲ သီးခြားကြေညာချက် ထုတ်ပြန်ထားပါတယ်။

အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပါတီကို ဘယ်သူတွေ ခေါင်းဆောင်မယ် ဆိုတာ အသိပေးလိုက်တာ ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ပါတီကို အစဉ်အဆက် တာဝန်ယူသွားနိုင်မယ့် ပုဂ္ဂိုလ်တွေကို လျာထားလိုက်တာပါ။ သဘာပတိကတော့ ဂုဏ်ထူးဆောင်တာဝန်တွေ ခင်ဗျ၊ အဓိက ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ-၁၊ ဒုဥက္ကဋ္ဌ-၂၊ နောက် အတွင်းရေးမှူးတွေ၊ နောက် သာမန်အဖွဲ့ဝင်တွေ၊ အဲဒီလို သွားပါမယ်။ တာဝန်လျာထား သတ်မှတ်လိုက်ခြင်းအားဖြင့် အစဉ်အဆက် ဘယ်လို တာဝန်ယူမယ် ဆိုတာကို ပါတီဝင်တွေကြားမှာ ထင်သာမြင်သာ ဖြစ်သွားစေချင်ပါတယ်။”

ပါတီကို အမြဲတမ်းသစ်လွင်နေအောင် အမြဲတမ်း အပြောင်းအရွှေ့တွေ လုပ်နေမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အဖွဲ့ချုပ်ရဲ့ ၂၀၁၈ မတ်လ ၃၀ရက် ထုတ်ပြန်ချက်အရ အဖွဲ့ချုပ်သဘာပတိအဖွဲ့မှာ နာယက သူရဦးတင်ဦး အပါအဝင် သဘာပတိ ၅ ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ-၁ ဦးဝင်းမြင့်၊ ဒုဥက္ကဋ္ဌ-၂ ဒေါက်တာဇော်မြင့်မောင်၊ အတွင်းရေးမှူးအဖွဲ့ဝင် နှစ်ဦးအဖြစ် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်တို့နဲ့ ဖွဲ့စည်းထားပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကတော့ ဒေါက်တာမေဝင်းမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမျိုးအောင်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာအောင်မိုးညို၊ ဦးညီပု၊ ဦးအောင်စိုး၊ ဒေါက်တာမျိုးညွန့်နဲ့ ဦးဖြိုးမင်းသိန်းတို့ ဖြစ်ကြပါတယ်။

ပါတီပြောရေးဆိုခွင့်ရှိသူတွေအဖြစ်တော့ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာမျိုးညွန့်တို့ကို တာဝန်ပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အဖွဲ့ချုပ်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ပြီးတဲ့နောက် ပါတီကို ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း စသူတို့ ပါဝင်တဲ့  ပါတီအတွင်းရေးမှူး အဖွဲ့က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပါတီခေါင်းဆောင်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းလိုက်ပေမယ့် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီ ဒုဥက္ကဋ္ဌ-၁ ဦးဝင်းမြင့်တို့ဟာ နိုင်ငံအကြီးအကဲတာဝန်တွေ ထမ်းဆောင်နေရတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့်မရဘဲ ကန့်သတ်ခံထားရပါတယ်။

ဓာတ်ပုံ - ဒေါက်တာအောင်မိုးညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013