DVB Logo
Home
မေးမြန်းခန်း
ကမ္ဘာ့စီးပွားရေးဖိုရမ်နောက်ဆုံးနေ့ ဒေါ်စုရဲ့ ဆောင်ရွက်ချက်များ
DVB
·
June 1, 2012
ကမ္ဘာ့စီးပွားရေးဖိုရမ်နောက်ဆုံးနေ့ ဒေါ်စုရဲ့ ဆောင်ရွက်ချက်များ
1 / 2
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ် နောက်ဆုံးနေ့ မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တယောက်ချင်းမေးမြန်းချက်ကို ဖြေကြားတဲ့ အစီအစဉ်နဲ့ အာရှ အမျိုးသမီးတွေရဲ့ အနာဂတ်ဆွေးနွေးဝိုင်း အစီအစဉ်မှာ ပါဝင်ခဲ့ပြီး မြန်မာ့အရေး ကမ္ဘာ့အရေး ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွေကို ကျင်းပခဲ့ပါတယ်။ အဲဒီ့ ဖိုရမ်မှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုပီတာအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနေ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ သတင်းတက်ရောက် ရယူနေတယ်ဆိုတော့ ကနဦး အစမြင်ကွင်း ကို ပြောပြပါလား။

“ဒီနေ့ ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ် ကျောက်ဖယားမြစ်ကမ်းမှာ ရှိတဲ့ ဟိုတယ်မှာ ၃ ရက်ကြာ အစည်းအဝေးပွဲ နောက်ဆုံး ဆွေးနွေးပွဲတွေကို မနက်အစောကြီး ကတည်းက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီအစဉ်နဲ့ စတင် ဖွင့်လှစ်တာကို တွေ့ရတယ်။ one on one အစီအစဉ်ပေါ့။ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို စတင် တည်ထောင်တဲ့သူတွေထဲမှာ ပါတဲ့သူလည်းဖြစ်တဲ့ အမှုဆောင် ဥက္ကဋ္ဌလည်း ဖြစ်တဲ့ Klaus Schwab နဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ပြုလုပ်တာပါ။”

အဲ့ဒီမှာ အဓိကအားဖြင့် အမှတ်အသားပြုလောက်စရာ ဘာဆွေးနွေး မေးမြန်းမှုတွေ တွေ့ခဲ့ရလဲ။

“အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့နေရာမှာတော့ နိုင်ငံတနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲတဲ့နေရာမှာ တမျိုးသားလုံး အမျိုးသားရေး သံန္နိဋ္ဌာန်စိတ်ဓာတ်ရှိဖို့ လိုအပ်တဲ့အကြောင်း အဓိက ပြောသွားပါတယ်။ အဲ့မှာ သူနေအိမ်အကျယ်ချုပ်က  မလွတ်ခင်ကာလတုန်းကဆိုရင် မြန်မာနိုင်ငံအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုပဲ လူတွေက ဦးစားပေး ပြောဆိုဆွေးနွေးကြတာတွေ ရှိတယ်ပေါ့။ နောက် သူ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်မှာတော့ စီးပွားရေးဘက်ကို ပိုပြီးဇောင်းပေးပြီး ပြောလာကြတာ ကို တွေ့မိတယ်ပေါ့။ နောက် နိုင်ငံတနိုင်ငံဟာ စီးပွားရေးအရ ကျဆုံးရတာဟာ ပညာတတ်တွေ မရှိလို့ပေါ့။ အသားပေးပြောတာကတော့ အလယ်တန်းအဆင့် ပညာတတ်တွေ မရှိလို့ပေါ့။

အထူးသဖြင့် လူငယ်လူရွယ်တွေမှာ အသက်မွေးဝမ်းကြောင်းပြုနိုင်တဲ့ ပညာရပ်တွေ မရှိလို့ နိုင်ငံတနိုင်ငံဟာ စီးပွားရေးအရ ကျဆုံးရတာလို့ ပြောတယ်။ ဒီဟာတွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ဆိုရင် လူငယ်တွေရဲ့ အား အဓိက လိုအပ်တယ်။ နောက် လူငယ်တွေ လုပ်ကိုင်နိုင်ဖို့အတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်တွေ လိုတယ်။  အလုပ်အကိုင်တွေလည်း လိုအပ်တယ်ပေါ့ အဓိက အချက်တွေကို ဇောင်းပေးပြီးတော့ ပြောသွားတယ်။ နောက် ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတကာက လာတဲ့အခါမှာလည်း အလုပ်လက်မဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ ရင်းနှီးမြှုပ်နှံမှုပြီးတဲ့အခါမှာ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့၊ သင်တန်းတွေ၊ အလုပ်သမားတွေအတွက် စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေပေးဖို့လည်း ဇောင်းပေးပြီး ပြောသွားတာ တွေ့ရပါတယ်။”

နောက် အစီအစဉ်တခုမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီး ၄ ဦး ဆွေးနွေးကြတယ်လို့ ကြားသိရတယ်။ အဲဒီအခြေအနေရော သတင်းရယူခဲ့သေးလား။

“ပထမ မနက်ပိုင်း အစီအစဉ်တွေအပြီးမှာပဲ မနက် ၁၁ နာရီမှာ အမျိုးသမီးကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ ခေါင်းစဉ်ကတော့ အာရှအမျိုးသမီးတွေရဲ့ ရှေ့ခရီးလို့ အဓိပ္ပာယ်ရမယ်ထင်တယ်။ အမျိုးသမီးတွေရဲ့   နိုင်ငံရေး၊ စီးပွားရေး စွမ်းဆောင်မှု မြှင့်တင်တဲ့နေရာမှာ အရှေ့အာရှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ဘယ်လိုမျိုး ပါဝင်နိုင်မလဲဆိုတဲ့ အကြောင်းအရာတွေ ဆွေးနွေးကြတာပါ။ အဓိက ဆွေးနွေးတဲ့ သူတွေကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နောက်တယောက်ကတော့ နော်ဝေးနိုင်ငံ ဖုန်းကုမ္ပဏီတခုဖြစ်တဲ့ Telenor  Group က Jon Fredrik ဆိုတဲ့ ပုဂ္ဂိုလ်ပါတယ်။ နောက် ဆင်းရဲမှုတိုက်ဖျက်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ Care USA ကုမ္ပဏီက Helene D. Gayle ပါတယ်။ နောက် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးစွမ်းဆောင်ရှင်များအဖွဲ့ချုပ်က Rokia Afzal Rahman တို့ ဆွေးနွေးခဲ့ကြပါတယ်။”

အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ဘာအကြောင်းအရာတွေ ပြောသွားသေးလဲ။ မြန်မာအမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုတွေရော မေးခွန်းထုတ်မခံရဘူးလား။

“အဓိက ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်မှု အားနည်းတယ် ဆိုတာ ပထမအချက်အနေနဲ့ ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်မှာ ကျားမခွဲခြား ဆက်ဆံခံရမှုတွေ၊ အားနည်းမှုတွေ ရှိနေတုန်းပဲ။ နိုင်ငံရေးမှာ ကြည့်မယ်ဆိုရင်လည်း အမျိုးသမီး ၀န်ကြီးအဆင့် ပုဂ္ဂိုလ်မရှိဘူးပေါ့။ လက်ရှိ အစိုးရအဖွဲ့ထဲမှာ ဒု ၀န်ကြီးတောင် ၂ ယောက်လောက်ပဲ ပါတယ်။ နောက် ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာလည်း အမျိုးသမီးလွှတ်တော်အမတ်တွေကလည်း ၁၅ ယောက်လောက်ပဲ ပါတယ်ပေါ့။ ဧပြီ ၂၀၁၂ ရွေးကောက်ပွဲ အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသမီးအမတ် ၂ ဆလောက် ထပ်တိုးလာတယ်ပေါ့။ ဒါပေမယ့် ဒါဟာ လုံလောက်မှု မရှိသေးဘူး ဆိုတာ သူထောက်ပြထားတယ်။”

အဲ့တော့ အမျိုးသမီးတွေ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်လာအောင် ပိုမိုပြီးတော့ ဦးရေ အရေအတွက်၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာတွေမှာ ပါလာအောင် ဘယ်ဟာတွေ ပြင်ဖို့လိုတယ် ဆိုတာတွေရော ထည့်ပြောတာရှိလား။

“အခုမေးခွန်းကို အောက်မှာလာရောက်နားထောင်သူတွေကလည်း မေးကြတာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ လုပ်နိုင်တဲ့ အတိုင်းအတာအရဆိုရင်တော့ သူ့ပါတီအတွင်းမှာရှိတဲ့ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ပေးတယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုပါဝင်လာအောင် အားပေးတယ်။ မူဝါဒတွေလည်း ရှိတယ်တဲ့။ ဥပမာ ကြားဖြတ်ရွေးကောက်ပွဲမှာဆိုရင် အမျိုးသမီး အမတ်တွေ ပါနိုင်သလောက်ပါလာအောင် ကြိုးစားခဲ့တယ်ပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ယဉ်ကျေးမှုအရရော၊ ဓလေ့ထုံးတမ်းစဉ်လာအရ ဖြစ်နေတာက အမျိုးသမီးတွေက သူတို့ကိုယ်တိုင်ကိုက မပါဝင်ချင်တာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ သူတို့ပါဝင်ချင်လာအောင် ဆွဲဆောင်မှုတွေ လုပ်ရတာလည်း ရှိပါတယ်လို့ ဖြေကြားသွားပါတယ်။”

အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ကျန်တဲ့ကဏ္ဍတွေမှာလည်း ဘာတွေပြောကြသေးလဲ။

“အဓိကကတော့ ဒီအမျိုးသမီးတွေက နိုင်ငံရေးမှာလည်း ခွဲခြားဆက်ဆံနှိမ်ချခံရတာရှိတယ်။ နောက်တော့ ပညာရေးမှာဆိုရင်လည်း သူ ဥပမာ ပေးတာက ဆေးတက္ကသိုလ်ဝင်ခွင့်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အမှတ်များမှ ၀င်လို့ရတာကလည်း ဒါ ခွဲခြားဆက်ဆံမှုခံနေရတာ ဆိုပြီး ထောက်ပြ ထားတယ်။ စီးပွားရေးမှာဆိုရင်လည်း အမျိုးသမီးတွေဟာ မိသားစု စားဝတ်နေရေးအတွက် အိမ်ဖော်အလုပ်လုပ်ပြီး ကိုယ့်ရဲ့မောင်တွေ၊ အစ်ကိုတွေကို အထောက်အပံ့ပေးနေရတယ်။ သူ အိပ်ခ်ျအိုင်ဗွီဂေဟာမှာ သွားလေ့လာတုန်းကဆိုရင်လည်း လိင်အလုပ်သမတွေဟာ ဒီအလုပ်နဲ့ သူတို့ရဲ့ အစ်ကိုတွေမောင်တွေကို ထောက်ပံ့ပေးနေရတယ်ပေါ့ဗျာ။ ဒီအလုပ်တွေကို အမျိုးသမီးတွေပဲ လုပ်ရမှာလားပေါ့။ အမျိုးသားတွေရော မလုပ်သင့်ဘူးလား ဆိုပြီး သူက ပြန်ပြီးမေးခွန်းထုတ်သွားတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ အကျိုးအပြစ်တွေကို တွေ့ကြုံခဲ့တာတွေနဲ့ ပတ်သက်ပြီး ဒေါ်စုက ပြောခဲ့ပြီ။ ဒါနဲ့ပတ်သက်လို့ရော ဘယ်လိုမျိုး ဖြေရှင်းဖို့ ပါတီကပဲဖြစ်ဖြစ်၊ သူ ကိုယ်တိုင်ကပဲဖြစ်ဖြစ်၊ တင်ပြသွားတာ မျိုးတွေ ရှိလား။

“အဓိကသူစဉ်းစားချက်ကတော့ ဒါဟာ ရိုးရာယဉ်ကျေးမှုဓလေ့နဲ့လည်း သွားပြီး သက်ဆိုင်နေတယ်ပေါ့။ အခြေခံကျကျ ပြောင်းလဲရမယ်။ မြန်မာ့ယဉ်ကျေးမှုမှာ အမျိုးသမီးတွေက စွန့်လွှတ်အနစ်နာခံပြီးတော့၊ အမျိုးသမီးဆိုရင် ယောက်ျားကို အနစ်နာခံပြီးတော့ လုပ်ပေးရတယ်ဆိုတဲ့အတွေးအခေါ်တွေကို ရပ်တန်းက ရပ်သင့်ပြီဆိုတာတွေကို သူက ပြတ်ပြတ်သားသားပြောသွားတာ တွေ့ရပါတယ်။”

တွေ့ဆုံဆွေးနွေးပွဲတွေ အပြီးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲက ဒေါ်အောင်ဆန်းစုကြည် လုပ်တဲ့ သတင်းစာရှင်းလင်းပွဲလား။

“ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲအပြီးမှာ နိုင်ငံခြားသတင်းထောက်တွေနဲ့ သီးသန့် အခန်းတခန်းမှာ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ လုပ်သွားပါတယ်။”

အဲ့ဒီမှာ အဓိကအားဖြင့် အရေးကြီးတယ်လို့ ထင်တဲ့ အချက် ၃ ချက်လောက် ပြောပြပါလား။ ဘာတွေကို ပြောသွားလဲ။

“မေးခွန်းတွေက ကမ္ဘာ့အရေးရော၊ မြန်မာ့အရေးရောပါတဲ့ထဲမှာ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ အိမ်ပြန်နိုင်ဖို့ စီးပွားရေးနဲ့ လူမှုရေး လုံခြုံမှုရှိမှ အိမ်ပြန်နိုင်မယ့် အကြောင်း၊ နောက် မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အချိန်ယူရဦးမယ့်အကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရမယ်။ ၂၅ ရာခိုင်နှုန်း စစ်သားထဲကမှ အနည်းဆုံး ၁ ယောက်လောက်ပါမှ ပြင်လို့ရမယ့် အကြောင်း၊ ရင်းနှီးမြှပ်နှံမှုတွေ လုပ်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုတွေ ရှိဖို့။ နောက် အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက် ပြန်လည် စဉ်းစားဖို့ပေါ့။ နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီးလည်း သတိနဲ့ အကောင်းမြင်တဲ့ အကြောင်း၊ နောက် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေလည်း ထည့်ပြောသွားပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ ခဏ ဆိုင်းငံ့လိုက်တာ သူထောက်ခံတဲ့ အကြောင်းလည်း ပြောပါ တယ်။ နောက်ဆုံးပြောသွားတာက ထိုင်းနဲ့ မြန်မာကြားမှာ စီးပွားရေးကွာဟမှုက ကြီးကြီးမားမား ရှိနေလို့တဲ့။ ဒီလိုမျိုး ကြီးကြီးမားမား မရှိဘူးဆိုရင် မြန်မာနိုင်ငံက အလုပ်သမားတွေ ဒီလောက်ထိ လာကြမှာ မဟုတ်ဘူးဆိုတာတွေ ပြောသွားပါတယ်။”

နိုင်ငံတကာ အရေးရော ဒေါ်စုကို ဘာတွေမေးသွားပါလဲ။

“ဆီးရီးယားမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောရလဲလို့ မေးတဲ့အခါမှာ ဆီးရီးယားပြည်သူတွေနဲ့ အစိုးရနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောတဲ့အခါမှာ ဘယ်နေရာ ဘယ်အရပ်မှာပဲရှိရှိ၊ လူသားတွေရဲ့ တန်ဖိုးဟာ အတူတူပဲဖြစ်တယ်။ လူ့ရဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့အတွက် အရေးကြီးတယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်။

နောက် တရုတ်နဲ့ အမေရိကန်နဲ့ မြန်မာရဲ့ ဆက်ဆံရေးအကြောင်း မေးတော့လည်း တရုတ်နဲ့က နှစ်ပေါင်းများစွာကြာအောင် ဆက်ဆံခဲ့တဲ့ အိမ်နီးချင်း ဖြစ်တဲ့အတွက် ဆက်ဆံရေးကောင်းဖို့လိုသလိုမျိုး တဖက်မှာလည်း မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ ကူညီထောက်ပံ့ချင်တဲ့ နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးကောင်းဖို့ အဲ့လိုမျိုး နှစ်ခုကို ထိန်းညှိပြီး လုပ်သွားသင့်တယ်လို့ ပြောသွားတာ တွေ့ရပါတယ်။”

အဲ့မှာ မြစ်ဆုံရေကာတာစီမံကိန်းလို ကမ္ဘာက စိတ်ဝင်စားတဲ့အကြောင်း ဒါကိုရော မေးမြန်းကြတာ ရှိပါလား။

“ညနေ ဖိုရမ်မှာ မေးမလားတော့ မပြောတတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက စွမ်းအင်ဝန်ကြီး ဦးသန်းဌေးကလည်း တက်ရောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲတွေ က ဒေသတွင်းနဲ့ ကမ္ဘာကို ဘယ်လိုအဓိပ္ပာယ်ဆောင်၊ သက်ရောက်မှုတွေရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေလည်း ရှိပါတယ်။ အဲ့အချိန်ကျရင် စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင် ကိစ္စတွေ မေးမြန်းမယ်လို့ မျှော်လင့်ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပေါင်း ၂၅ ၀န်းကျင် အတွင်းမှာ မြန်မာနိုင်ငံကနေ ပထမဆုံး ပြည်ပခရီး ထွက်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာ၊ ကမ္ဘာ့သတင်းထောက်တွေကြားမှာ၊ ကမ္ဘာ့ပြည်သူတွေကြားမှာ သူ့ရဲ့ရပ်တည်မှု အနေအထားကို မြင်ရတာ မြန်မာတယောက်အနေနဲ့ ဘယ်လိုမျိုး မြင်ရလဲ။ ဘယ်လို အကဲဖြတ်မိလဲ။

“ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာဆိုရင် မျက်နှာပွင့်တဲ့ ကာလလို့တောင် ပြောရမလားမသိဘူး။ အားလုံးက ထိုင်းတွေရော နိုင်ငံခြားသားတွေကြားမှာရော တလေးတစားနဲ့ စိတ်ဝင်တစား နဲ့၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြုပြီးတော့ပေါ့နော် တလေးတစားမြင်တွေ့ရပါတယ်။ အားလုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေအပေါ်မှာ တကယ့်ကို တလေးတစားနဲ့ တုံ့ပြန်ကြတာလည်း ကျနော်တို့ တွေ့ရပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013