DVB Logo
Home
Lead Story
စီးပွားရေးမှာ အမျိုးသမီးတွေ ဘယ်လောက်ပါဝင်ခွင့် ရှိနေပြီလဲ
DVB
·
March 30, 2018
စီးပွားရေးမှာ အမျိုးသမီးတွေ ဘယ်လောက်ပါဝင်ခွင့် ရှိနေပြီလဲ
Donate to DVB

ယနေ့ကမ္ဘာမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့အတူ ရင်ပေါင်တန်းလာကြပါပြီ။ အမျိုးသမီးသမ္မတတွေ၊ အမျိုးသမီးဝန်ကြီးချုပ်တွေအဖြစ် မြင်တွေ့လာကြရသလို အမျိုးသားတွေနဲ့ယှဉ်ပြီး စီးပွားရေးလုပ်ငန်းတွေမှာ ဦးစီးဦးဆောင် လုပ်နေကြတဲ့ အမျိုးသမီးတွေလည်း ယနေ့အချိန်မှာ တွေ့မြင်နေကြရပါတယ်။

နိုင်ငံတကာက လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က သုတေသနပြုခဲ့တဲ့ စာတမ်းအရဆိုရင် တကမ္ဘာလုံး အတိုင်းအတာမှာ အုပ်ချုပ်စီမံခန့်ခွဲမှုနေရာကနေ ဦးဆောင်လုပ်ကိုင်နေတဲ့ အမျိုးသမီး ရာခိုင်နှုန်းဟာ ၂၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာ တကမ္ဘာလုံးမှာရှိတဲ့ ခိုင်မာတဲ့ လုပ်ငန်း ၅ ခုမှာ အမျိုးသမီး CEO တယောက်တော့ ပါဝင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

တကမ္ဘာလုံးနဲ့ အချိုးချမယ်ဆိုရင် စီးပွားရေးကဏ္ဍ အမျိုးသမီး ဦးဆောင်မှုမှာ ၂၀ ရာခိုင်နှုန်း ဆိုပေမယ့် အရှေ့အာရှနဲ့ ပစိဖိတ်နိုင်ငံတွေပဲ ပျမ်းမျှအချိုးကြည့်မယ်ဆိုရင် ၃၃ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ တောင်အာဖရိကနိုင်ငံတွေကတော့ ၅ ရာခိုင်နှုန်းနဲ့ အနည်းဆုံး ဖြစ်နေတာပါ။

မြန်မာအမျိုးသမီးတွေနဲ့ စီးပွားရေးဦးဆောင်မှု

နိုင်ငံအလိုက် အမျိုးသမီးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဦးဆောင်နိုင်မှုအချိုးကို ကြည့်မယ်ဆိုရင်တော့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံတည်းသာ အမျိုးသမီးပါဝင်နှုန်း မြင့်မားတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံဟာ ၆၅ ရာခိုင်နှုန်းအထိ ရှိပြီး ကမ္ဘောဒီးယားနိုင်ငံကတော့ ၅၇ ရာခိုင်နှုန်း ရှိပါတယ်။ ဒီနှစ်နိုင်ငံဟာ အမျိုးသားတွေထက် အမျိုးသမီးတွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ ဦးဆောင်မှုများတာကို တွေ့ရပါတယ်။ အီးယူနိုင်ငံတွေ အားလုံးကို တွက်တဲ့ စီးပွားရေးဦးဆောင်မှု နေရာက အမျိုးသမီးပါဝင်မှု ပျမ်းမျှအချိုးတောင်မှ ၂၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ မြန်မာနိုင်ငံဟာလည်း စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသမီးဦးဆောင်တဲ့ ပါဝင်မှုနှုန်း မြင့်တဲ့အထဲမှာ ပါတယ်လို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လုပ်ငန်းတွေမှာ အမျိုးသမီး ဦးဆောင်နေရာနဲ့ ပါဝင်တဲ့ အချိုးက ၄၁ ရာခိုင်နှုန်းအထိ ရှိနေတာမို့ပါ။

မြန်မာနိုင်ငံရဲ့ လူဦးရေ စုစုပေါင်းမှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် များပါတယ်။ ၂၀၁၄ ခုနှစ်က ကောက်ခံခဲ့တဲ့ သန်ခေါင်စာရင်းအရဆိုရင် အမျိုးသမီးဦးရေဟာ အမျိုးသားတွေထက် ၂ သန်းနီးပါးလောက် ပိုများနေခဲ့တာပါ။ အရွယ်ရောက် အမျိုးသမီး အလုပ်လုပ်နိုင်မှုအားများတဲ့ နိုင်ငံထဲမှာ ပါတယ်လို့လည်း ပြောလို့ရပါတယ်။

အရွယ်ရောက် အမျိုးသမီးများ လုပ်အားပါဝင်မှု

မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်နိုင်တဲ့ အရွယ်ရောက် အမျိုးသမီးတွေရဲ့ ၅၁ ရာခိုင်နှုန်းဟာ အလုပ်လုပ်နေကြပါတယ်။ ဒါဟာ ဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင်  နည်းနေသေးတဲ့ အချိုးတခုလို့ တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ အရွယ်ရောက် အလုပ် လုပ်ကိုင်နိုင်သူ အမျိုးသမီးတွေထဲက ၆၀ ရာခိုင်နှုန်းဟာ အလုပ်လုပ်နေကြပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ၇၃ ရာခိုင်နှုန်းအထိ အလုပ်လုပ်နေပြီး ကမ္ဘောဒီးယားမှာဆိုရင် ၈၁ ရာခိုင်နှုန်း ရှိပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေကတော့ မြန်မာနဲ့အတူတူ ၅၁ ရာခိုင်နှုန်း ရှိနေတာ တွေ့ရပါတယ်။

အမျိုးသမီး အလုပ်လက်မဲ့နှုန်း

International Labour Organization (ILO) က တွက်ချက်ခန့်မှန်းထားမှုတွေ အရဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်လုပ်နိုင်တဲ့ အမျိုးသမီးဦးရေထဲမှာ အလုပ်လက်မဲ့နှုန်းဟာ ၀ ဒသမ ၈ ရာခိုင်နှုန်းလို့ ဖော်ပြထားပါတယ်။ အလုပ်လက်မဲ့နှုန်း ဆိုတာမှာ အလုပ်မလုပ်ဘဲနေတာလည်း ပါပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ အလုပ်မလုပ်ဘဲနေတဲ့ နှုန်းမှာ မြန်မာနိုင်ငံက အနိမ့်ဆုံးထဲမှာ ပါနေတာ တွေ့ရပါတယ်။ ဒါက မြန်မာအမျိုးသမီးတွေ အလုပ်တွေမှာ ဝင်လုပ်နေကြရတယ်ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်။ ထိုင်းနိုင်ငံမှာ အရွယ်ရောက်ပြီး အလုပ်မလုပ်ဘဲနေတဲ့ အမျိုးသမီး အလုပ်လက်မဲ့နှုန်းဟာ ၁ ရာခိုင်နှုန်းဖြစ်ပြီး ဗီယက်နမ်မှာတော့ ၂ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယား တနိုင်ငံပဲ ၀ ဒသမ ၂ ရာခိုင်နှုန်းနဲ့ မြန်မာထက်နည်းပြီး အာဆီယံမှာ ကျန်တဲ့နိုင်ငံတွေက မြန်မာထက် အမျိုးသမီး အလုပ်မလုပ်မှုနှုန်း ပိုမြင့်နေတာကို တွေ့ရပါတယ်။

လွှတ်တော်တွင်းမှာ အမျိုးသမီးတွေ ပါဝင်မှု

စီးပွားရေးအခန်းကဏ္ဍ ပါဝင်မှုအပြင် အခြားဦးဆောင်မှု အခန်းကဏ္ဍမှာရော မြန်မာအမျိုးသမီးတွေ ဘယ်လောက်ထိ ပါဝင်ခွင့်ရနေပြီလဲလို့ မေးရင် ဥပေဒပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်တွင်းမှာလည်း ကြည့်စရာရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်တွင်း မြန်မာအမျိုးသမီးတွေရဲ့ ပါဝင်နှုန်းဟာ ၁၂ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒီပမာဏဟာ အချို့နိုင်ငံတွေနဲ့ယှဉ်ရင် နည်းတယ်လို့ ပြောလို့ရသလို အချို့နိုင်ငံတွေထက် များတယ်လို့လည်း ဆိုလို့ရပါတယ်။ ဗြိတိန်မှာ အမျိုးသမီးတွေ လွှတ်တော်တွင်း ပါဝင်မှုဟာ ၃၂ ရာခိုင်နှုန်းအထိရှိပြီး အမေရိကမှာ ၁၉ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမယ့် ဂျပန်မှာ ၉ ရာခိုင်နှုန်းပဲ ရှိသလို အိန္ဒိယမှာလည်း ၁၂ ရာခိုင်နှုန်းပဲ ရှိတာပါ။ ဒီတော့ ကျနော်တို့နိုင်ငံမှာလည်း အမျိုးသမီးပါဝင်မှုနှုန်းတွေကို လိုက်ကြည့်ရင် အရမ်း မနည်းတော့တဲ့ နိုင်ငံထဲမှာ ပါနေတယ်လို့ ပြောရမှာပါ။

အမျိုးသမီးတွေ ဒီထက်ပိုပြီး ပါဝင်ဖို့လိုသလား

မြန်မာနိုင်ငံမှာ တချိန်က အမျိုးသမီးတွေဟာ မှီခိုအနေနဲ့ အိမ်ထောင်ဦးစီး အမျိုးသားတွေရဲ့ အလုပ်လုပ်ကိုင်မှု နောက်မှာပဲ နေကြတာ များခဲ့ပါတယ်။ အိမ်ထောင်တာဝန်တွေနဲ့ပဲ လုံးပန်းနေပြီး အမျိုးသားတွေက အမြဲလိုလို ဦးဆောင်ကြရတာ များပါတယ်။ အခုအချိန်မှာတော့ ခေတ်တွေ ပြောင်းလာတာနဲ့အတူ အမျိုးသမီးတွေ ရှေ့ထွက်လာကြတာကို တွေ့ရပါတယ်။ အုပ်ချုပ်ရေးအခန်းကဏ္ဍ၊ ဥပဒေပြုရေး အခန်းကဏ္ဍမျိုးတွေလို နေရာတွေမှာပါ ပါဝင်လာကြသလို စီးပွားရေးလုပ်ငန်းတွေမှာလည်း ထက်မြက်တဲ့ အမျိုးသမီးတွေ ပေါ်ပေါက်လာကြပါတယ်။ ကျား၊ မ တန်းတူမျှရေး၊ အမျိုးသမီး အခွင့်အရေး စတာတွေကို တွင်တွင်ပြောဆိုလာကြသလို ဒီလိုအရေးတွေနဲ့ ပတ်သက်ပြီး တက်တက်ကြွကြွ ရှိလာကြတာကိုလည်း တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသမီး ဦးဆောင်မှုရာနှုန်းကို နိုင်ငံအလိုက် ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ၄၁ ရာခိုင်နှုန်းအထိ ရှိတာမို့ နည်းလွန်းတဲ့အထဲမှာ မပါတော့ပါဘူး။ ဒါပေမယ့် အရင်အခြေအနေကနေ အခုလို ပြောင်းလဲလာခဲ့တဲ့ အခုအခြေအနေတခုမှာ မြန်မာအမျိုးသမီးတွေအနေနဲ့ စီးပွားရေးအခန်းကဏ္ဍမှာ ဒီထက်ပိုပြီး ပိုမိုတောက်ပလာဖို့နဲ့ ရှေ့ကိုတက်လှမ်းပြီး များများပါဝင်လာဖို့ လိုပါတယ်။

သစ်နေမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013