DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားပြနေသလဲ (ရုပ်သံ)
DVB
·
March 29, 2018
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားပြနေသလဲ (ရုပ်သံ)
Donate to DVB

ဒီတပတ်ရဲ့ DVB Movie Crazy အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန် တင်ဆက်နေကျ ဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး မိတ်ဆက်ပေးချင်တဲ့ ရုပ်ရှင်ကားကတော့ အမေရိကန် စူပါဟီးရိုးရုပ်ရှင် ပရိသတ်တွေအတွက် ဖြစ်ပါတယ်။

ဒီကားကတော့ ပရိသတ်တွေကို အထူးမိတ်ဆက်ပေးစရာမလိုတဲ့ Deadpool 2 ရုပ်ရှင်ဇာတ်ကားပါ။ ဒါဟာ အရင်ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Deadpool ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲအဖြစ် ထပ်ထွက်လာခဲ့တာပါ။

လူကြိုက်များတဲ့ ကောမစ်စာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ဒီကားဟာ နိုင်ငံတကာမှာရော မြန်မာပရိသတ်တွေကြားမှာပါ လူသိများပါတယ်။

ဒီကားမှာ နာမည်ကြီးမင်းသား Ryan Reynolds က ထုတ်လုပ်သူအဖြစ်ရော အဓိကဇာတ်ကောင် Deadpool အနေနဲ့ပါ ပါဝင်ထားပြီး ဒါရိုက်တာ David Leitch က ရိုက်ကူး ပုံဖော်ထားတာပါ။

ဒီကားကို အခုနှစ် မေလထဲမှာ ရုံတင်ပြသသွားမှာဖြစ်လို့ သိပ္ပံဆန်းကြယ် ကြမ်းကြမ်းရမ်းရမ်း စွန့်စားခန်းတွေပါတဲ့ ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

နောက်တကားကတော့ မြန်မာရုပ်ရှင် ပရိသတ်တွေအတွက်ပါ။ ‘အသည်းကွဲပါတီ’ ဆိုတဲ့အတိုင်း ဘာတွေဖြစ်လာမလဲ ဆိုတာကို ဟာသနဲ့ ပညာပေး ရောထွေးပုံဖော်ပေးထားတဲ့ ဇာတ်ကားတကားပါပဲ။

ဒါရိုက်တာက ညီညီထွန်းလွင် ဖြစ်ပြီး စာရေးဆရာ အကြည်တော်ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာ လက်ရှိ နာမည်ကြီးနေတဲ့ မင်းသမီး ရွှေမှုန်ရတီနဲ့အတူ တခြား နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခန့်စည်သူ၊ ဇေရဲထက်၊ ထွန်းထွန်း၊ မျိုးသန္တာထွန်း၊ ဗေလုဝ၊ နေဆန်း စတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာပါ။

အိမ်ထောင်ရေး ဖောက်ပြန်မှုတွေအကြောင်း ဟာသနဲ့ ရောနှောပုံဖော်ထားတဲ့ ‘အသည်းကွဲပါတီ’ ရုပ်ရှင်ကားကို မင်္ဂလာရုပ်ရှင်ရုံတွေမှာ မတ်လ ၂၃ ရက်နေ့တည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။

တတိယမြောက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ အိန္ဒိယရုပ်ရှင် ပရိသတ်တွေအတွက် ရည်ညွှန်းပေးချင်ပါတယ်။

ဒီကားကလည်း ကြည့်နေကျ ပရိသတ်တွေ သိမယ့် အရင်ထွက်ပြီးသား ရုပ်ရှင် Baaghi ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကားပါပဲ။ နာမည်ကြီး ဘောလိဝုဒ်မင်းသား Ahmed Khan ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်ထားတဲ့ ဒီကားထဲမှာတော့ မင်းသမီးချော Disha Patani ကလည်း တွဲဖက် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

အမိုက်စား Body အလန်းစားတိုက်ကွက်၊ ဗျူဟာတွေနဲ့ ရန်သူတွေကို ဘယ်လို ချေမှုန်းမလဲ ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဟင်ဒီစကားပြော Baaghi 2 ရုပ်ရှင်ကားကို မတ်လ ၃၀ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

နောက်တကားကတော့ ထူးထူးခြားခြား ဇာတ်ကားတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မြန်မာပရိသတ်တွေ သိကြပြီးဖြစ်တဲ့ အဝင်းလို့ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် အဆိုတော် မိုရီဆာကီဝင်း ပါဝင်တဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားသစ်ပါ။

Ready Player One လို့ အမည်ရပြီး ဒီကားကို Jurassic Park, E.T. စတဲ့ နာမည်ကျော်ရုပ်ရှင်တွေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Steven Spielberg က ထုတ်လုပ်သူအနေနဲ့ရော ရိုက်ကူးသူအနေနဲ့ပါ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

၂၀၄၅ ခုနှစ် ခေတ်လွန်ကာလကို ရှေ့ပြေးကျော်လွန် ရိုက်ကူးထားခဲ့တဲ့ ဒီသိပ္ပံဆန်းကြယ် ရုပ်ရှင်ကားကို ဟောလိဝုဒ်သရုပ်ဆောင်တွေဖြစ်တဲ့ Olivia Cooke, Ben Mendelsohn စတဲ့ သရုပ်ဆောင်တွေနဲ့အတူ အဝင်းကလည်း ပါဝင်ထားတာပါ။

ခန့်မှန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၇၅ သန်း အကုန်အကျခံ ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားကိုတော့ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တာဖြစ်ပြီး မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ခုနောက်ဆုံး ပြောပြပေးချင်တဲ့ ဇာတ်ကားကလည်း မြန်မာပရိသတ်တွေ သိကြပြီးဖြစ်မယ့် ဇာတ်ကားတကားပါပဲ။ ‘ပြည်ထောင်စုသစ္စာ’လို့ အမည်ရပါတယ်။

ဒီကားဟာ တပ်မတော်သားတွေ ဆင်နွှဲခဲ့ရတဲ့ တိုက်ပွဲအငွေ့အသက်တွေနဲ့ စစ်မြေပြင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ဖြတ်သန်းရတဲ့ ဘဝပုံရိပ်တွေကို လက်တွေ့ကျကျ ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

ဒီကားကို ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်) က ရိုက်ကူးထားခဲ့ပြီး သရုပ်ဆောင်တွေ အများကြီးနဲ့ ပုံဖော်ရိုက်ကူးထားတာပါ။

သရုပ်ဆောင်တွေအနေနဲ့ ဒီကားမှာ ကျော်ရဲအောင်၊ ဝေဠုကျော်၊ နေမင်း၊ နေဒွေး စတဲ့ မင်းသားတွေနဲ့ အမျိုးသမီးသရုပ်ဆောင် စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ မေသက်ခိုင်တို့ ဦးဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီကားကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စတင်ပြသနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013