DVB Logo
Home
Lead Story
အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းကြရာဝယ်
DVB
·
March 29, 2018
အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းကြရာဝယ်
Donate to DVB

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြစ်လာပြီဆိုတာနဲ့ သတိထားရမယ့် အချက်ကတော့ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးဟာ ကန်ထရိုက်စာချုပ်ပေါ် အခြေခံနေတယ်။ ကန်ထရိုက်ဆိုင်းထိုးပြီးပြီ ဆိုကတည်းက လုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲခွင့် အားလုံးဟာ အလုပ်ရှင်လက်ထဲ ရောက်သွားခဲ့တာပါ။

အလုပ်သမားဟာ အလိုအလျောက် ချည့်နဲ့သွားပြီး ဖြစ်နေတတ်ပါတယ်။ အလုပ်ရှင်ရဲ့ စီမံခန့်ခွဲမှုဟာ အလုပ်သမားရဲ့ အခွင့်အရေးကို ကျူးကျော်ထိပါးလာရင် ကာကွယ်ဖို့ ဘဝတူချင်း စုစည်းရာက၊ အလုပ်သမားသမဂ္ဂဆိုတာ ဖြစ်လာခဲ့တာပါ။ လူ့အဖွဲ့အစည်းနဲ့ နေထိုင်ရင် ပြဿနာဆိုတာ ရှိစမြဲမို့ အငြင်းပွားမှုတွေကိုတော့ ဖြေရှင်းကြရစမြဲပါ။

အများဆုံး ဖြေရှင်းရတဲ့ အလုပ်သမား အငြင်းပွားမှုကတော့ အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားမှုပါပဲ။

အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားတာနဲ့ပတ်သက်လို့ “အလုပ်ရှင် အလုပ်သမား အဓိကပြဿနာက ဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘဲ အလုပ်သမားကို အလုပ်က ထုတ်ပယ်ခြင်းပဲ” လို့ မြန်မာနိုင်ငံ စက်မှုလက်မှု ဝန်ဆောင်မှုလုပ်ငန်းစုံ သမဂ္ဂများအဖွဲ့ချုပ်မှ ဦးနော်အောင်က ပြောပါတယ်။

မှန်ပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တရားဥပဒေနဲ့မညီတဲ့ အလုပ်ထုတ်ခံရမှုကြောင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဟာ ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရတယ်၊ ၂၀၁၆-၁၇ ခုနှစ်ဟာ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု အများဆုံးနှစ်လို့တောင် ဆိုကြပါတယ်။

၂၀၁၆ ကနေ ၂၀၁၇ ခုနှစ် ဇွန်လအထိ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုပေါင်း ၈၈ မှု ရှိတယ်။ ဒီအထဲက ၁၈ မှုကိုတော့ ပြေလည်အောင် ဖြေရှင်းညှိနှိုင်းပေးနိုင်ခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးဟာ ကန်ထရိုက်ဆိုင်းထိုးမှုအပေါ် အခြေခံနေပေမယ့် အစိုးရရဲ့ မူဝါဒနဲ့ ရပ်တည် ဖြေရှင်းပေးရတာပါ။

မြန်မာနိုင်ငံမှာ အလုပ်ရှင်၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေရော နည်းဥပဒေပါ ရှိနေပါလျက်နဲ့ ဘာကြောင့် ဖြေရှင်းညှိနှိုင်းမှု အားနည်းနေတာလဲ ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။

တကယ်တော့ ဘယ်နိုင်ငံမှာမဆို အလုပ်ရှင်၊ အလုပ်သမားကြား ဟန်ချက်ညီညီ ဆောင်ရွက်ညှိနှိုင်း လုပ်သွားနိုင်ဖို့ လိုတယ်။ အလုပ်ရှင်ကလည်း ဥပဒေမဲ့ အလုပ်ထုတ်မှုကို ရှောင်ရှားသင့်သလို အလုပ်သမားကလည်း အလုပ်ရှင် အကျိုးစီးပွား ထိခိုက်မှုနည်းတဲ့ နည်းနဲ့ လိုအပ်ချက်ကို တောင်းဆိုသင့်တာပါပဲ။

အလုပ်ရှင်၊ အလုပ်သမားကြား ပဋိပက္ခဖြစ်လာရင် အလုပ်ရှင်သာ နစ်နာတာ မဟုတ်ဘူး၊ အလုပ်သမားလည်း နစ်နာရသလို နိုင်ငံတော်လည်း နစ်နာတယ်။ သုံးဦး သုံးဖလှယ် နစ်နာစမြဲပါ။

မြန်မာနိုင်ငံမှာတော့ စစ်အစိုးရကာလက ဉာဉ်တွေ မပျောက်သေးတော့ ပဋိပက္ခ ဖြေရှင်းပေးမယ့် ခုံသမာဓိ ရွေးချယ်ရာမှာတောင် လုပ်ငန်းရှင်အလိုကျ အဂတိမကင်းနိုင်တာကြာင့် အလုပ်သမားထု ကန့်ကွက်မှုတွေ ရှိခဲ့တယ်။

ခုံသမာဓိမှာတောင် သမာဓိပျက်ယွင်းပြီး ယုံကြည်မှုကင်းနေမှတော့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုကို ဖြေရှင်းလို့ အောင်မြင်နိုင်ပါ့မလား ဆိုတာ စဉ်းစားစရာပါ။

ဒါကိုရော အစိုးရက ဘယ်လိုမူဝါဒတွေ ပြဋ္ဌာန်းပြီး ဖြေရှင်းပေးမလဲ ဆိုတာကလည်း အားလုံး စောင့်စားနေတဲ့ မျှော်လင့်ချက်တခုပါ။

ဒီလို အခြေခံအကြောင်းအချက်တွေကြောင့် DVB Law Lab (ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ) အစီအစဉ်ကနေ “အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဘယ်လိုပြင်မလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

အဓိက ဆွေးနွေးကြသူတွေကတော့ ဦးအောင်သန်း (အလုပ်သမားဥပဒေရုံး၊ ဥပဒေအရာရှိ-ငြိမ်း) နဲ့ ဦးနော်အောင် (မြန်မာနိုင်ငံ စက်မှုလက်မှု ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ သမဂ္ဂများအဖွဲ့ချုပ်) တို့ ဖြစ်ပါတယ်။

အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဦးအောင်သန်းက “ပြင်ဆင်ချက်မူကြမ်းဟာ အတော်အတန် ပြည့်စုံပါတယ်။ အလုပ်သမားရေးရာဥက္ကဋ္ဌ၊ အတွင်းရေးမှူး ရွေးရာမှာ အများဆန္ဒမဲနဲ့ ရွေးတာ ပိုကောင်းပါတယ်။ ခုံသမာဓိကောင်စီမှာ အဖွဲ့ဝင် ၁၁ ဦး ရှိတဲ့အတွက် ဝန်ကြီးဌာနက လွှမ်းမိုးမသွားနိုင်ဘူး” လို့ ဆိုပါတယ်။

ဦးနော်အောင်ကတော့ “အလုပ်သမားရေးရာ အငြင်းပွားမှုဥပဒေမှာ အစိုးရဝန်ထမ်းရော ပုဂ္ဂလိကဝန်ထမ်းပါ အလုပ်သမား အငြင်းပွားမှု ဥပဒေဟာ သက်ဆိုင်တယ် ဆိုပေမယ့် တကယ်တမ်း အစိုးရဝန်ထမ်းတွေကို အငြင်းပွားမှု ဖြေရှင်းရာမှာ ဒီဥပဒေက အကျုံးမဝင်ဘူး ဖြစ်နေတယ်။ ဌာနဆိုင်ရာ အကြီးအကဲရဲ့ ဖြေရှင်းချက်ကို မကျေနပ်ရင် ထပ်တက်စရာ မရှိတော့ဘူး။ ဒီအတွက် အစိုးရဝန်ထမ်းတွေဟာ နစ်နာနေတယ်။ တကယ်လို့သာ နိုင်ငံဝန်ထမ်းဥပဒေအရပဲ ဖြေရှင်းရမယ်ဆိုရင် အလုပ်သမားရေးရာ အငြင်းပွားမှုဥပဒေထဲမှာ အစိုးရဝန်ထမ်း ပါဝင်မှုကို ထည့်သွင်း မပြဋ္ဌာန်းသင့်ဘူးလို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

နှစ်ဦးစလုံး ဆွေးနွေးချက်တွေကို ကြည့်ရင် အလုပ်သမား တရားရုံးများ သီးသန့်ထားရှိဖို့ လိုမယ်လို့ ယူဆကြပါတယ်။

ခုံသမာဓိကို ပါဝါအပြည့်ပေးခြင်းဖြင့် အဂတိလိုက်စားမှုကို ဖိတ်ခေါ်နေသလို ဖြစ်တဲ့အတွက် ခုံသမာဓိကောင်စီရဲ့ လုပ်ကိုင်ဆုံးဖြတ်ခွင့်ကို အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုကိုသာ ဆုံးဖြတ်ခွင့်ပြုသင့်တယ်လို့ ဆွေးနွေးသွားခဲ့ပါတယ်။

အားလုံးကတော့ အလုပ်သမားနဲ့ အလုပ်ရှင်ကြားက အငြင်းပွားမှုကို ဟန်ချက်ညီညီ ဖြေရှင်းလိုဟန်ပါပဲ။ ဖြစ်နေတဲ့ အခြေအနေက နှစ်ဖက် အမြင်မတူမှုကြားမှာ ကွာဟချက်က ကြီးလွန်းနေတယ်။

သေသေချာချာ တွက်စစ်ကြည့်ရင် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးမှာ ကန်ထရိုက်ဆိုင်းထိုးပြီးတာနဲ့ အလုပ်ရှင် လုပ်ပိုင်ခွင့် စီမံခန့်ခွဲပိုင်ခွင့် ပိုများလာတာပါပဲ။

ပိုမိုတဲ့လုပ်ပိုင်ခွင့်ကို တရားမျှတစွာ အသုံးပြုခြင်းထက် အကျိုးစီးပွား ရှေ့တန်းတင်လာကြတာတွေကြောင့် ဥပဒေမဲ့ အလုပ်ထုတ်မှုတွေဟာ ၆၀ ရာခိုင်နှုန်းလောက်အထိ များလာတာကို သုတေသနပြုချက်အရ သိနေရတဲ့အတွက် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးမှာ အလုပ်သမားကို ဥပဒေမဲ့ အလုပ်ထုတ်ခြင်းမှ ကာကွယ်ပေးရန် လိုအပ်နေပြီ ဖြစ်ပါတယ်။       ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013