DVB Logo
Home
မြန်မာသတင်း
စစ်တွေသို့ ရေကြောင်း ကုန်တင်ပို့မှုတွင် စစ်တပ်က အကျင့်ပျက်ဝင်ငွေရှာနေဟု CAS ပြော
DVB
·
July 28, 2026
စစ်တွေသို့ ရေကြောင်း ကုန်တင်ပို့မှုတွင် စစ်တပ်က အကျင့်ပျက်ဝင်ငွေရှာနေဟု CAS ပြော
1 / 3
Photo: သိကြားစေချင် ငွေသဇင်
Donate to DVB

ရခိုင်ပြည်နယ်ရဲ့ စစ်တွေမြို့ကို ရန်ကုန်ကနေ  သင်္ဘောနဲ့ ကုန်စည်ပို့ဆောင်ပေးနေတဲ့ လမ်းကြောင်းဟာ စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေရဲ့ အကျင့်ပျက် ခြစားပြီး ဝင်ငွေရှာနေတဲ့ လမ်းတခု ဖြစ်နေတယ်လို့ အာရက္ခလေ့လာရေးစင်တာ (CAS) ရဲ့ ဇူလိုင် ၂၃ ရက်ထုတ် အာရက္ခရေးရာအထူးလေ့လာချက်မှာ ဖော်ပြထားပါတယ်။

စစ်တွေမြို့ကို ရခိုင်တွင် မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတည်းက ကုန်လမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့ထားတာဖြစ်ပြီး ပြည်မ ဒေသနဲ့ ဆက်သွယ်နိုင်ဖို့ လေကြောင်းလမ်းတခုတည်းကိုသာ ဖွင့်ပေးထားတယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။

ဒါ့အပြင် ရန်ကုန်-စစ်တွေ ရေလမ်းကြောင်းမှာလည်း ကုန်စည်တွေကို အကန့်အသတ်နဲ့သာ တင်ပို့/တင်သွင်းခွင့်ပြုထားပြီး ဓာတ်ဆီ၊ ဒီဇယ်နဲ့ ဆေးဝါးအပါဝင် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းအချို့ကို တင်းကျပ်စွာ ကန့်သတ်ထားသလို စားသောက်ကုန်ပစ္စည်းတွေကိုလည်း စစ်တပ်ရဲ့ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ စစ်တပ်ထိန်းချုပ်မှု အောက်မှာသာ သယ်ယူခွင့်ပြုထားတာကြောင့် ပြည်သူ့တွေဟာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုဒဏ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

“အဲဒီ ကန့်သတ်ချက်တွေက ဒေသခံတွေအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေပေမဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အတွက်တော့ အကျင့်ပျက်ခြစားပြီး ဝင်ငွေရှာနေတဲ့ လမ်းကြောင်းတခု ဖြစ်လာခဲ့တယ်” လို့ အစီရင်ခံစာက ပြောထားပါတယ်။

ဒါအပြင် ၂၀၂၄ ခုနှစ် အလယ်ပိုင်းကတည်းက စပြီး စစ်တွေမြို့ဟာ မြေပြင်ထိတွေ့တိုက်ပွဲတွေ ရင်ဆိုင်လာရပြီးနောက် အာရက္ခတပ်တော်ရဲ့ စစ်ရေးလှုပ်ရှားမှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်အာဏာရှင်တပ်က မြို့တွင်းနေ ပြည်သူတွေကို ဧည့်စာရင်း စစ်ဆေးတာကို အကြောင်းပြပြီး အာရက္ခတပ်တော်နဲ့ ဆက်စပ်တယ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးတာတွေကို ခပ်စိပ်စိပ် ပြုလုပ်လာခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီလို ဖိနှိပ်မှုတွေကြောင့် စစ်ဘေးဒဏ်ကို ရေရှည်ဆိုးရွာစွာ ခံစားလာကြရတဲ့ ဒေသခံပြည်သူတွေဟာ နိုင်ငံရေး ဖိနှိပ်ခံရတာ၊ လူမှု-စီးပွား ကျပ်တည်းမှုဒဏ်တွေကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ခံစားလာကြရသလို မြို့နေလူထုလည်း အာရက္ခတပ်တော် ထိန်းချုပ်ရာ နယ်မြေတွေကို ထွက်မသွားစေဖို့ တင်းကျပ်စွာ ထိန်းချုပ်ခံထားရတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒါအပြင် စားနပ်ရိက္ခာကိုလည်း စစ်အာဏာရှင်တပ်နဲ့အစိုးရအတွက် ရိက္ခာလိုအပ်မှသာ တလ တကြိမ်၊ နှစ်လ တကြိမ် သင်္ဘောနဲ့ ပို့ဆောင်ပြီး ကုန်စည်ပို့ဆောင်မဲ့သူတွေဟာ နယ်လုံဝန်ကြီး လက်မှတ်ရရှိမှ ကုန်စည်ပို့ဆောင်ခွင့်ရရှိတာလို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“ကုန်ပို့တဲ့ သင်္ဘောတွေက တလကြိမ်၊ နှစ်လ ‌တကြိမ်လောက်ပဲ ရောက်တာ။ အဲဒါတောင် သူတို့အတွက် စားနပ်ရိက္ခာနဲ့ ကုန်စည်း‌တွေ လိုအပ်မှ လာပို့ပေးတာ။ ကုန်စည်တွေ ပို့ဆောင်မယ် ဆိုရင်လည်း နယ်လုံဝန်ကြီးရဲ့ ခွင့်ပြုချက် ရပြီးမှ ပို့ခွင့်ရှိတာ။ သင်္ဘောရောက်တဲ့ ကာလတွေဆိုရင် ကုန်ဈေးအနည်းငယ်ကျပေမဲ့ သင်္ဘောမရောက်တာ ကြာလာပြီဆိုရင်တော့ ကုန်ဈေးတွေက ခေါင်ခိုက်အောင် တက်တော့တာပဲ။” 

စစ်အာဏာရှင်တပ်ဟာ စစ်တွေမြို့ကို အာရက္ခတပ်တော် ဝင်ရောက်မလာစေဖို့ မြို့ပတ်ပတ်လည်ကို ခြံစည်းရိုးကာရံတာ၊ မိုင်းထောင်တာနဲ့ စစ်အင်အားတွေဖြည့်တင်းပြီး လမ်းကြောင်းအားလုံးကိုလည်း ပိတ်ဆို့ထားတယ်လို့ အစီရင်ခံစာက ပြောထားပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော်နဲ့ စစ်အာဏာရှင်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြပြီး အာရက္ခတပ်တော်ဘက်က ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်တို့ကနေ စစ်တွေကို စစ်ရေးအရ ဖိအားပေး တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013