DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရှောင်စခန်းက အမျိုးသား ၂ ဦး အသတ်ခံရမှု အလောင်းများကို တူးဖော်စစ်ဆေး
DVB
·
March 28, 2018
ကချင်စစ်ရှောင်စခန်းက အမျိုးသား ၂ ဦး အသတ်ခံရမှု အလောင်းများကို တူးဖော်စစ်ဆေး
Donate to DVB

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်းခေါင် စစ်ရှောင်စခန်းက အမျိုးသားနှစ်ယောက် သတ်ဖြတ်ခံထားရမှုနဲ့ ပတ်သက်လို့ အလောင်းတွေကို တူးဖော်ခဲ့ပြီး ဆရာဝန်ရဲ့ ဆေးစာကို စောင့်နေတုန်းပဲလို့ မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက မိုင်းခေါင်ကချင်နှစ်ခြင်းအသင်းတော် စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင် ဒုက္ခသည် နှစ်ယောက်ကို တပ်မတော်က ဖမ်းဆီးခေါ်သွားပြီး ပြန်မလာလို့ မိသားစုဝင်တွေက ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။

ဒါပေမယ့် ပြန်မတွေ့ခဲ့ရဘဲ မိသားစုဝင်တွေက တောထဲမှာ လိုက်လံရှာဖွေရင်း မတ်လ ၉ ရက်နေ့မှာတော့ မြေမြှပ်ထားတဲ့ အလောင်းတွေကို ပြန်တူးဖော်နိုင်ခဲ့တာပါ။

အလောင်းတွေမှာ ဦးခေါင်းနောက်ဖက် ပွင့်ထွက်နေတာ၊ လက်တွေကို ကြိုးတုပ်ထားတာတွေ တွေ့ရတယ်လို့ မိုင်းခေါင်းစခန်းက စစ်ရှောင်တယောက်က ပြောပါတယ်။

“ဖမ်းသွားတာက တပ်မတော်ကပဲ ဆိုတာ ကျနော်တို့ မျက်မြင်ပါ။ အလောင်းတွေ ဖော်တာမှာလည်း ရဲမှူးနဲ့ အုပ်ချုပ်ရေးမှူးတွေပါတယ်။ ကျနော်တို့ကတော့ တရားခံတွေကို အမြန်ဆုံး ဖမ်းမိစေချင်ပါတယ်” လို့ ပြောပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးမျိုးသန့်က “ကျနော်တို့ ဆေးစာကို စောင့်နေပါတယ်။ ဆေးစာမရသေးလို့ပါ။ အမှုကတော့ ဆက်ပြီးဆောင်ရွက်နေပါတယ်။ ထူးတာရှိရင် လှမ်းပြောပါ့မယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

လတ်တလောမှာတော့ အလောင်းတွေ ပြန်ရှာတွေ့တဲ့ကိစ္စမှာ မီဒီယာတွေကို ဖြေကြားခဲ့တဲ့ သေဆုံးသူ ဦးဖော်ဂန်းယော်ရဲ့ ချွေးမ ဒေါ်ကော့အောင်ကို တပ်မတော်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရဲမှူးမျိုးသန့်က “တောထဲက အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖွင့်တာပါ။ အမှုက စစ်နေတုန်းပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ တရားလို ဘယ်သူလဲဆိုတာနဲ့ အသေးစိတ်ကိုတော့ မဖြေကြားခဲ့ပါဘူး။

ဒေါ်ကော့အောင်နဲ့ နီးစပ်သူတဦးကတော့ “သူကတော့ ရှောင်ပြေးနေတယ်။ ဘာကြောင့် တရားစွဲတယ် ဆိုတာတော့ မသိရဘူးပေါ့လေ။ ဒါပေမယ့် သူ မီဒီယာတွေကို ဖြေတာတွေကြောင့် ဖြစ်မယ်လို့ ထင်တယ်” လို့ ပြောပါတယ်။

စစ်ရှောင်တွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို အသနားခံ တင်ပြထားသလို မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဆီကိုလည်း တိုင်ကြားထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း မိုင်းခေါင်စခန်းက စစ်ရှောင်ဒုက္ခသည် ၃ ယောက်ကို သတ်ဖြတ်ခဲ့လို့ တပ်မတော်က အရာရှိ ၄ ယောက်နဲ့ တပ်ကြပ်တယောက်၊ တပ်သားတယောက်တို့ကို တပ်မတော်က ထုတ်ပယ်ပြီး ထောင် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013