
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို ဥရောပသမဂ္ဂ(အီးယူ)က ဆိုင်ဘာကွန်ယက် လုံခြုံရေး သင်တန်းလေ့ကျင့်သင်ကြား ပို့ချပေးနေတယ်လို့ အီးယူမြန်မာနိုင်ငံသံရုံးက ဒီကနေ့ သတင်းထုတ်ပါတယ်။
မြန်မာရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးနေတဲ့ MYPOL စီမံကိန်းမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဆိုင်ဘာကွန်ယက်လုံခြုံရေးဆိုင်ရာနောက်ဆုံးပေါ် ခြိမ်းခြောက်မှုတွေအကြောင်း စတင်သိရှိနိုင်စေဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ဆိုပါတယ်။
ကွန်ပျူတာအချက်အလက်တွေကို နှောင့်ယှက်တိုက်ခိုက်တာ၊ အချက်အလက်တွေ ပေါက်ကြားတာ၊ အွန်လိုင်းလိမ်လည်တာ၊ လူမျိုးရေး မုန်းတီးစေဖို့လှုံ့ဆော်တာနဲ့ အကြမ်းဖက်တိုက်ခိုက်တာစတဲ့ အွန်လိုင်းပေါ် ကျူးလွန်တဲ့ ဆိုင်ဘာပြစ်မှုတွေ ကမ္ဘာတ၀န်းမြင့်တက်နေတယ်၊ ဆိုင်ဘာပြစ်မှုတွေဟာ အသုံးပြုသူကိုသာမက၊ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ အစိုးရတွေကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာစေတယ်လို့လည်း ဆိုပါတယ်။
MYPOL စီမံကိန်းကို ယူရိုငွေ သန်း ၃၀ (မြန်မာကျပ်ငွေ ၄၉.၆ဘီလီယံ)အသုံးပြုပြီး ၂၀၁၆ ဒီဇင်ဘာမှာ စတင်ခဲ့တာဖြစ်ပြီး စီမံကိန်းမှာ မြန်မာရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လွှတ် တော်၊ရှေ့နေချုပ်ရုံး၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-EU











