DVB Logo
Home
မြန်မာသတင်း
သမ္မတဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း
DVB
·
March 28, 2018
သမ္မတဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း
Donate to DVB

ဦးဝင်းမြင့်ကို  ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ အဖ ဦးထွန်းကြင်နဲ့ အမိ ဒေါ်သန်းတို့ကနေ မွေးဖွားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ညောင်ချောင်းကျေးရွာ ဇာတိ ဖြစ်ပါတယ်။

ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာမူလတန်းကျောင်း၊ ဓနုဖြူမြို့ အစိုးရ အထက်တန်းကျောင်း၊ ပုသိမ်မြို့ အမှတ် (၆) အထက်တန်းကျောင်းတွေမှာ အခြေခံပညာသင်ယူခဲ့ပါတယ်။

ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ ဘူမိဗေဒဘာသာရပ်နဲ့ ဆက်လက်ပညာသင်ခဲ့ပြီး ၁၉၇၄ခုနှစ်မှာ  B.Sc (Geology) သိပ္ပံဘွဲ့နဲ့ H.G.P,R.L ထပ်မံရရှိခဲ့ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေက ပုသိမ်နဲ့ ဓနုဖြူမြို့တွေမှာ အထက်တန်းရှေ့နေနဲ့ တရားလွှတ်တော် ရှေ့နေအဖြစ် အမှုထမ်းဆောင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့အတွင်းရေးမှူး၊ ဧရာဝတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူးတာဝန်နဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ဦးဝင်းမြင့်ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်ပြီး ၁၉၈၈ လူထုအရေးတော်ပုံမှာပါဝင်ခဲ့မှုနဲ့ ဖမ်းဆီးခံခဲ့ရကာ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဓနုဖြူမြို့နယ်မဲဆန္ဒနယ် အမှတ် (၁)ကနေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခိုင်လုံဆန္ဒမဲအရေအတွက် ၂၀,၃၈၈ မဲ (၅၆ ရာခိုင်နှုန်း)နဲ့ အနိုင်ရခဲ့ပါတယ်။  
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပုသိမ်မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ထပ်မံ ရွေးကောက်ခံခဲ့ပါတယ်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ လွှတ်တော်လုပ်ငန်းဆိုင်ရာ ကော်မတီ အတွင်းရေးမှူး၊ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ တာမွေမြို့နယ်က ဝင်ပြိုင်အနိုင်ရခဲ့လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထပ်ဖြစ်လာပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကိုတော့  ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်အထိ ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၈ မတ်လ ၂၁ ရက်နေ့က သမ္မတ ဦးထင်ကျော် တာဝန်ကနေ နုတ်ထွက်တဲ့နေ့မှာပဲ ဦးဝင်းမြင့်ဟာလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်ခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဦးဝင်းမြင့်ကို ဒုသမ္မတအဖြစ် ထောက်ခံမဲ ၂၇၃ မဲနဲ့ ရွေးချယ်ခဲ့ပါတယ်။
မတ်လ ၂၆ ရက်မှာတော့  ဦးဝင်းမြင့်ကို ပြည်ထောင်စုလွှတ်တော်ကနေ ဒု-သမ္မတအဖြစ် အတည်ပြု ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

၂၀၁၈ မတ်လ ၂၈ ရက်မှာတော့ ဦးဝင်းမြင့်ကို ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော် သမ္မတအဖြစ်မဲ အများစုနဲ့ ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ဦးဝင်းမြင့်ဟာ ဗုဒ္ဓဘာသာ၊ ဗမာလူမျိုးဖြစ်ပြီး  လွှတ်တော်ဥက္ကဋ္ဌ တာဝန် မထမ်းဆောင်ခင် အချိန်တုန်းက ရန်ကုန်တိုင်းဒေသကြီး၊  တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ မဂ္ဂင်လမ်း အိမ်အမှတ် ၃၄ (၆)လွှာမှာနေထိုင်ခဲ့ပါတယ်။

ဦးဝင်းမြင့်ရဲ့ ဇနီးဖြစ်သူကတော့ ဒေါ်ချိုချိုဖြစ်ပြီး  သမီးဖြစ်သူ ဒေါ်ဖြူဖြူသင်းကတော့ စီးတီးမတ်ကုမ္ပဏီမှာ အကြီးတန်း အကြံပေးအဖြစ် အလုပ်လုပ်ကိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013