
ကယားပြည်နယ် လွိုင်လင်လေးမြို့နယ် ပိန်းချစ်ကျေးရွာအုပ်စုမှာရှိတဲ့ ဒေသခံ တောင်သူ ၁၃ ဦးက စိုက်ပျိုးလုပ်ကိုင်နေတဲ့ တောင်ယာမြေဟာ သစ်တောဦးဌာနရဲ့ သစ်တောကြိုးဝိုင်းထဲ ပါဝင်နေတာကြောင့် ဆက်လက် စိုက်ပျိုးလုပ်ကိုင်ဖို့ အခက်တွေ့နေကြပါတယ်။
လက်ရှိ ဒေသခံတောင်သူတွေ လုပ်ကိုင်နေတဲ့ ခန့်မှန်း မြေ ၄၁ ဧကပေါ်မှာ မရိတ်သိမ်းရသေးတဲ့ ပဲစင်းငုံခင်းတွေနဲ့ နှစ်ရှည်ပင်အချို့ ရှိနေပေမယ့် သစ်တောဦးစီးဌာနက သစ်ပင်စိုက်ဖို့ မြေကျင်းတွေ တူးနေတယ်လို့ တောင်သူတွေက ပြောပါတယ်။
ပိန်းချစ်ကျေးရွာမှာ နေထိုင်ပြီး ပဲစင်းငုံ စိုက်ပျိုးထားတဲ့ တောင်သူ ဒေါ်ထွေးကြည်က "မြေသိမ်းလည်း သူတို့က ခြံရှင်တွေကို ညှိနှိုင်းတာလဲ မဟုတ်ဘူး။ သူတို့ သဘောနဲ့ သူတို့ ယူသွားတယ်။ ကြည့် ပဲစင်းငုံခင်းတွေမှာ အကုန်လုံး သူတို့တူးတဲ့ဟာတွေ ပိုင်ရှင်မမေးပဲနဲ့ တူးသွားတာ" လို့ပြောပါတယ်။
မရိတ်သိမ်းသေးတဲ့ စိုက်ခင်းတွေထဲမှာရော ဒေသခံတွေအသုံးပြုနေတဲ့လမ်းတွေမှာပါ ကျင်းတွေတူးနေတာကြောင့်ဒေသခံတွေ အခက်အခဲ ဖြစ်နေကြတာပါ။
ဒီကိစ္စအပေါ် ကူညီဆောင်ရွက်ပေးနေတဲ့ ကရင်နီပြည်တောင်သူ လယ်သမားသမဂ္ဂအဖွဲ့က ကိုဒီးဒီစစ်မုန်းက "ဒါက အရင်ကတည်းက ကြိုးဝိုင်းအနေနဲ့ သတ်မှတ်ထားတာပေါ့နော်။ အဲလို သတ်မှတ်တယ်ဆိုတာကလည်း ကွင်းဆင်းပြီးမှ အောက်ခြေမှာ ဘယ်လို အနေအထားရှိလဲ ဆိုတာ ဆင်းပြီးမှ သတ်မှတ်ခဲ့တာ မဟုတ်ဘူးလို့ပဲ ကျနော်တို့ ယူဆတာပေါ့နော်။ သူတို့က အထက်ကနေပဲ ဒီလိုပဲ မြေပုံပေါ်ကြည့်ပြီးမှ ဒါဟာ ကြိုးဝိုင်းသစ်တော ဆိုပြီးတော့ လုပ်လိုက်တယ်။ ဒေသခံတွေက စိုက်ပျိုးလုပ်ကိုင်နေတာပေါ့နော်" လို့ ပြောပါတယ်။
ဒီကိစ္စအပေါ်မှာလည်း ကရင်နီပြည် တောင်သူ လယ်သမားသမဂ္ဂအဖွဲ့အနေနဲ့ လုံးဝ ကန့်ကွက်ရှုတ်ချပြီး စီမံကိန်းတစ်ခုကို လုပ်တော့မယ်ဆိုရင် မြေပြင်မှာ ဖြစ်ပျက်နေတဲ့ဟာတွေ အရင်ကြည့်ရမယ့်အပြင် ဒေသခံတွေနဲ့ တိုင်ပင်သင့်တယ်လို့ ကိုဒီးဒီ စစ်မုန်းက ဆိုပါတယ်။
ဒေသခံတောင်သူတွေကလည်း ဒီအခက်အခဲတွေကို ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး တင်ပြသွားမယ်လို့ ပြောပါတယ်။
သတင်း - ခွန်းတူးတူးလေး (လွိုင်ကော်)










