DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အထောက်အထားမစုံသည့် မြန်မာမိခင်များ အရေးပေါ်ကုသမှုအတွက် ငွေကြေးခက်ခဲ 
DVB
·
August 28, 2026
Photo : DVB
Photo : DVB
Donate to DVB

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံမှာ မြန်မာမိခင်တွေက မွေးဖွားခဲ့တဲ့ ကလေးငယ် ၁၃၀,၀၀၀ ကျော်ရှိလာပြီး အထောက်အထား မပြည့်စုံတဲ့ မြန်မာမိခင်တွေအတွက် အရေးပေါ် ကုသတဲ့အခါ ငွေကြေးကုန်ကျ အခက်အခဲတွေ ရှိနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား မိခင်တွေက မွေးဖွားခဲ့တဲ့ ကလေးငယ် စုစုပေါင်း ၁၃၀,၀၀၀ ကျော် ရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့  ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန (HDC) ရဲ့ နှစ်အလိုက် မွေးဖွားမှု စာရင်းတွေအရ ၂၀၂၁ ခုနှစ်မှာ ၁၈,၉၀၀ ကျော်၊ ၂၀၂၂ ခုနှစ်မှာ ၁၈,၇၀၀ ကျော် မွေးဖွားပြီး ၂၀၂၃ ခုနှစ်မှာ ၂၄,၀၀၀ ကျော်၊ ၂၀၂၄ ခုနှစ်မှာ ၂၅,၀၀၀ ကျော်နဲ့ ၂၀၂၅ ခုနှစ်မှာ ၂၈,၈၀၀ ကျော်အထိ ရှိခဲ့တာပါ။

ကိန်းဂဏန်းတွေအရ ကလေးမွေးဖွားမှု တိုးလာပေမဲ့ ထိုင်းနိုင်ငံမှာ တရားဝင်စာရွက်စာတမ်းနဲ့ ကျန်းမာရေးအာမခံ မပြည့်စုံတဲ့ မြန်မာမိခင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးက အခက်အခဲတခု ဖြစ်နေပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့နေ မြန်မာအမျိုးသမီးတယောက်က “ပန်းရောင်ကတ်မရတဲ့ အခြေအနေမှာ စောင့်နေရင်းနဲ့ ဗိုက်အပ်တာ မယ်တော်ဆေးခန်းမှာ အပ်တယ်။ အရေးပေါ်ဖြစ်လာတော့ မယ်တော် ဆေးခန်းကနေ အစိုးရဆေးရုံကြီးကို လွှဲပေးတယ်။ တရားဝင်လက်ခံတယ်။ ပိုက်ဆံကတော့ အစိုးရဆေးရုံဆိုလည်း ကျမတို့က အလုပ်သမားကတ်လည်း မရှိဘူး၊ အာမခံလည်း မဝယ်ထားတဲ့ အတွက် ပေးရတယ်။ ဆေးရုံမှာ ၉ ရက်နေတာ ဘတ် ၃ သောင်းလောက် ကျတယ်။ ဒါပေမဲ့ ပုဂ္ဂလိက ဆေးရုံမှာ ကျမ အဲလိုမျိုး ကုသရမယ်ဆိုရင် ဘတ် ၁၂၀,၀၀၀ လောက်ထိ ကုန်ကျနိုင်တယ်။ ဒါပေမဲ့ အစိုးရဆေးရုံမှာ အဲလောက် မကုန်ကျတာ တွေ့တယ်။ ကလေးက အရေးပေါ် ဖြစ်သွားတဲ့ အတွက်ကြောင့် အရေးပေါ်ခန်းမှာလည်း နေရတာမျိုး ကုန်ကျစရိတ်တွေ၊ နောက်ပြီး အခန်းမှာ နေတာတွေ၊ ဆေးဖိုးဝါးခတွေ၊ အကုန်ပေးရတာတော့လေ။ သူတို့ပေးတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ သူတို့ပေးတဲ့ ဝန်ဆောင်မှုတွေက ထိုင်းအစိုးရဆေးရုံမှာ ပေးရတာ တန်တယ်လို့ ပြောလို့ရပါတယ်” လို့ ပြောပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ ထိုင်းနိုင်ငံ မိခင်၊ မွေးကင်းစနဲ့ ကလေးငယ် ကျန်းမာရေးဆိုင်ရာ လေ့လာချက်မှာလည်း တရားဝင် စာရွက်စာတမ်းမရှိတဲ့ ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအမျိုးသမီးတွေနဲ့ ကလေးတွေဟာ ကျန်းမာရေးစနစ်ရဲ့ အကန့်အသတ်တွေကြောင့် ပိုပြီး ထိခိုက်လွယ်တဲ့အုပ်စု ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။

ထိုင်းအစိုးရရဲ့ လမ်းညွှန်ချက်တွေအရ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားအလုပ်သမားတွေနဲ့ မှီခိုသူတွေဟာ ကျန်းမာရေး အာမခံစနစ်ကတဆင့် သတ်မှတ်ထားတဲ့ ဆေးရုံတွေမှာ ကုသမှု ရနိုင်ပါတယ်။

မွေးကင်းစကလေးတွေအတွက်လည်း မိဘရဲ့ ကျန်းမာရေးအာမခံအခြေအနေအပေါ် မူတည်ပြီး မှတ်ပုံတင်နိုင်တဲ့စနစ် ရှိပါတယ်။

Labor Right Foundation ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်ကျော်က “လိုအပ်တဲ့ အထောက်အထားတွေ အပြည့်အစုံ မရရှိသေးတဲ့ ပုဂ္ဂိုလ်တွေ အတွက်ကတော့ ကလေးတွေ မွေးဖွားခဲ့မယ်ဆိုရင် အင်မတန် ကြီးမားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ထိုင်းနိုင်ငံမှာ တရားဝင် စာရွက်စာတမ်း မပြည့်စုံဘဲ ပကန်စံခွန် (လူမှုဖူလုံရေးကတ်) မရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးက ကြီးမားတဲ့ ကုသမှုတွေ လုပ်မယ်ဆိုရင် ကုန်ကျစရိတ်က အင်မတန် မြင့်နေပါတယ်ခင်ဗျာ။ ဥပမာ- ဘတ်သိန်းနဲ့ချီပြီးကျတဲ့ အခြေအနေတွေ ရှိနေတဲ့အချိန်မှာ သာမန် မြန်မာလုပ်သားတယောက်အနေနဲ့ အဲဒါတွေကို ကျခံဖို့ မလွယ်ဘူး။ အဲဒါကြောင့် ကျနော်တို့ တိုက်တွန်းချင်တာက ထိုင်းနိုင်ငံရဲ့ အစိုးရ ဥပဒေအရ တရားဝင် စာရွက်စာတမ်းတွေနဲ့ လိုအပ်တဲ့ အထောက်အထားတွေ အကုန်ပြည့်စုံရှိဖို့ လိုအပ်မှသာလျှင် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေ အားလုံးကို ကျော်လွှားနိုင်မယ်လို့ ကျနော် သုံးသပ်ပါတယ်” လို့‌ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဒေသမှာတော့ မြန်မာမိခင်နဲ့ ကလေးတွေအတွက် အစိုးရဆေးရုံတွေအပြင် မယ်တော်ဆေးခန်းလို လူမှုအဖွဲ့အစည်းတွေကလည်း အရေးကြီးတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေပါတယ်။

မယ်တော်ဆေးခန်းရဲ့ ၂၀၂၄ ခုနှစ် စာရင်းအရ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ ဆေးခန်းလာရောက်မှု ၁၁,၂၈၆ ကြိမ်ရှိပြီး ဆေးရုံတက်မွေးဖွားမှု ၁,၈၈၉ ကြိမ် ရှိခဲ့ပါတယ်။

အရေးပေါ်သားဖွားကုသမှု လိုအပ်တဲ့ မိခင်တွေကိုတော့ ထိုင်းအစိုးရဆေးရုံတွေကို ဆက်လက် လွှဲပြောင်းပေးနေပါတယ်။

ထိုင်းနိုင်ငံမှာ မွေးဖွားလာတဲ့ ကလေးအရေအတွက် တိုးလာနေပေမဲ့ မိခင်နဲ့ ကလေးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အချိန်မီ ရရှိနိုင်ဖို့ တရားဝင် စာရွက်စာတမ်းနဲ့ ကျန်းမာရေး အာမခံစနစ် ထားရှိဖို့ အရေးကြီးတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက တိုက်တွန်း ပြောပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013