
အတုအယောင်ရွေးကောက်ပွဲအပြီးကျင်းပတဲ့ လွှတ်တော်တခုချင်းစီကနေ ဒုတိယသမ္မလောင်းကို မတ် ၃၀ ရက်မှာ ရွေးချယ်ပြီး သမ္မတလောင်းစိစစ်ရွေးချယ်ရေးအဖွဲ့ကို တင်ပြရမယ်လို့ စစ်ကောင်စီခန့် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက မတ် ၂၀ ရက် ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာပြောပါတယ်။
အဲဒီသမ္မတလောင်း စိစစ်ရွေးချယ်ရေးကို လွှတ်တော်တခုစီက ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေက ရွေးချယ်မှာဖြစ်ပြီး သမ္မတလောင်းရွေးချယ်ရေးအဖွဲ့ထဲမှာ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ် တယောက် အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်တယောက်နဲ့ စစ်ကောင်စီအဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်တယောက်ပါဝင်မယ်လို့ ဆိုပါတယ်။
လွှတ်တော်တခုချင်းစီက တင်ပြလာတဲ့ ဒုတိယသမ္မတလောင်းတွေကို စိစစ်ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ထပ်မံခေါ်ယူကာ သမ္မတ၊ ဒုတိယသမ္မတ (၁) နဲ့ ဒုတိယသမ္မတ (၂) တို့ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ရွေးချယ်ပေးလိုက်တဲ့ သမ္မတက အစိုးရအဖွဲ့ကို ဖွဲ့စည်းမှာဖြစ်ပြီး လက်ရှိ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့ပေးတဲ့အစိုးရအဖွဲ့က အာဏာလွှဲပြောင်းပေးမှာဖြစ်ပါတယ်။
ဒုသမ္မတလောင်းတွေအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ညိုစောနဲ့ ဒေါ်ဒွဲဘူတို့ကို အမည် စာရင်းတင်သွင်းနိုင်တယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ကပိုင်းကတည်းက ထွက်ပေါ် နေပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရ ထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။











