
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့နယ်ရှိ ထာဝရဘိုးဘွားရိပ်သာ တောမီး ကူးစက်လောင်ကျွမ်းပြီး အဘိုး သုံးဦး မီးလောင်သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိတယ်လို့ ဒီကနေ့ ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါတယ်။
ဆွာမြို့ အနောက် မြောက်ဘက် တစ်မိုင်ခန့်အကွာ အုန်းခြံကျေးရွာရှိ ထာဝရ ဘိုးဘွားရိပ်သာကို မတ် ၂၆ ရက် မွန်းလွဲ ၁ နာရီလောက်က တောမီးလောင်ကျွမ်းရာမှတစ်ဆင့် အလျားပေ ၃ဝ၊ အနံ ပေ ၂ဝ ရှိ ဘိုးဘွားရိပ်သာအဆောက်အအုံနှစ်လုံး မီးလောင်ကျွမ်းခဲ့တာပါ။
မီးလောင်သွားတဲ့အဆောက်အအုံထဲကနေ တိုက်ကြီးမြို့နယ် ကန်းမြှောင်ကျေးရွာ နေ ဦးအောင်မြင့် (၅၇)နှစ် ၊ ညောင်တုန်းမြို့နယ် ကုက္ကိုလ်ကျေးရွာနေ လေဖြတ်ထားတဲ့ ဦးမောင်ဝင်း(၇၃)နှစ်၊ ရန်ကုန် တောင်ဒဂုံမြို့နယ်နေ ဦးပန်းမောင်(၉ဝ)နှစ်တို့ သုံးဦးမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပြီး မန္တလေးတိုင်း မြင်သင်ကျေးရွာနေ ဦးခင်မောင်ဝင်း(၆၇)နှစ်ကတော့ ခြေထောက် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ ) ရရှိခဲ့ပါတယ်။
အဆိုပါ ဘိုးဘွားရိပ်သာမှာ အဘိုး ၁၃ ဦး၊ အဘွား ၁၈ ဦး၊ သံဃာ ငါးပါးတို့ကို စောင့်ရှောက်ထားတာဖြစ်ပြီး မီးလောင်မှုနဲ့ပတ်သက်လို့ ဆွာနယ်မြေရဲစခန်းက သေမှုသေခင်း နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။











