DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီဖျက်သိမ်းမှုအပေါ် စောမြရာဇာလင်းနှင့်မေးမြန်းချက်
DVB
·
March 27, 2018
နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီဖျက်သိမ်းမှုအပေါ် စောမြရာဇာလင်းနှင့်မေးမြန်းချက်
Donate to DVB

 

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ခြင်းမရှိတာကြောင့် ဖွဲ့စည်းထားတဲ့ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီကို မတ်လ ၂၀ ရက်က ဖျက်သိမ်းလိုက်ပါတယ်။

ခုလိုကော်မတီဖျက်သိမ်းလိုက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မီတီကို ဘာကြောင့် ဖျက်သိမ်းရတာလဲ။

“ရခိုင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးဟာ အဓိက ဘယ်နေရာမှာ အခြေတည်လဲဆိုရင် အန်စီအေလက်မှတ်ထိုးတဲ့အပေါ်မှာမူတည်တယ်။ အန်စီအေလက်မှတ်ထိုးထားတဲ့အဖွဲ့တွေဟာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ပိုင်ခွင့်ရှိတယ်။ လုပ်လို့ရတယ်ဆိုတဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က လက်မှတ်ရေးထိုးကြတာဖြစ်ပါတယ်။ အဲလို                                      လက်မှတ်ရေးထိုးပြီးတဲ့ နောက်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလိုပဲ လူထုတွေ့ဆုံပွဲတွေ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပျော်ပျော်ရွှင်ရွှင်ပဲ လုပ်လာခဲ့ကြပါတယ်။”

“အရင်အစိုးရလက်ထဲမှာ၊ အဲလိုနဲ့ အချိန်ကြာလာတဲ့အခါမှာ ကျမတို့ကတော့ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲကတော့ လုပ်ဖို့လိုလာပြီဆိုပြီးတော့မှ ကြိုးစားလာတဲ့အချိန်မှာ UPDJCရဲ့ ၈ ကြိမ်မြောက်အစည်းအဝေးမှာ အဆင့်သင့်ဖြစ်သောနေရာဒေသတွေမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့မှ နိုင်ငံတော်အတိုင်ပင်ခံက ပြောလာတယ်။ အဲဒါနဲ့ နေရာဒေသတွေမှာ အဆင်သင့်ဖြစ်တယ်ဆိုတာ ဘာကိုပြောလဲ၊ ဥပမာအနိုင်ရပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ စီအက်စ်အို တွေ စုပေါင်းပြီးတော့မှ ဖြစ်မြောက်ရေးကော်မီတီတွေဖွဲ့တယ်။ အစိုးရနဲ့ အဆင်သင့်ဖြစ်အောင် လုပ်တယ်။ စသည်အားဖြင့် အဆင်သင့်ဖြစ်တယ်ဆိုရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပလို့ရတယ်ဆိုပြီး ကျမတို့က နားလည်ထားခဲ့တယ်။”

“ဒါပေမယ့် အဲလိုနားလည်ထားမှုကတော့ အဆင်မချောခဲ့ဘူး။ တဖြည်းဖြည်းနဲ့ လူထုတွေ့ ဆုံပွဲတောင် လုပ်လို့မရတဲ့အနေအထားမျိုးဖြစ်လာတယ်။ UPDJC မှာ ဆွေးနွေးပြန်တော့လည်း အဆင်မပြေဘူး။ JICM မှာဆွေးနွေးလည်းအဆင်မပြေဘူး။ အဲလိုမျိုးဖြစ်လာတော့ အခုဆိုလို့ရှိရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့တာဟာ ၂၀၁၇ခု ဖေဖော်ဝါရီလ ၂၁ ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃၀ရက် ၂၀၁၇ ခုမှာ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲမလုပ်နိုင်သော်လည်း လူထုတွေ့ဆုံပွဲတွေလုပ်ပြီးတော့ ပြည်ထောင်စု ငြိမ်ချမ်းရေးညီလာခံမှာ တင်မယ်ဆိုပြီး စိတ်ကိုလျော့ပြီး အပြုသဘောနဲ့ ကြိုးစားပါတယ်။ အဲလိုကြိုးစားတော့လည်း လူထုတွေ့ဆုံပွဲလုပ်ဖို့အတွက် အဆင်မပြေဖြစ်လာတယ်။”

“ဒါဆိုလို့ရှိရင် အင်မတန်မှ အခက်အခဲဖြစ်တယ်။ ကျမတို့ကအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မီတီ နောက်ပြီး လူထုတွေ့ဆုံပွဲကျင်းပရေးကော်မီတီတွေက ဖွဲ့စည်းထားတာဟာ အနိုင်ရပါတီခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းခဲ့တယ်။ နောက်ပြီး အထင်ကရ စီအက်စ်အိုတွေကခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းခဲ့တာပေါ့။ အဲလို ဖွဲ့စည်းခဲ့သော်လည်း အချိန်ကြာ လာသည်နှင့်အမျှ ကျမတို့မှာ အထစ်အငေါ့တွေ အများကြီးဖြစ်လာတယ်။ ဘာကိုအကြောင်းလဲ ဆိုရင် ရခိုင်ပြည် ဘူးသီးတောင် မောင်တောပြဿနာ ရခိုင်ပြည်တည်ငြိမ်မှုမရှိတဲ့ အနေအထား တွေကို အကြောင်းပြပြီးတော့ ကျမတို့က လုပ်ခွင့်မရဘူး။ အဲလိုမျိုးဖြစ်နေတော့ ကျမတို့က လူထုကို ညာနေလို့တော့မရဘူး။ ကျမတို့အပေါ် စောင့်မျော်နေကြတဲ့ ပြည်သူလူတွေကို ကျမတို့ ပွင်ပွင့်လင်းလင်းပြောဖို့လိုတယ်။ ပြီးရင် ဒီကော်မီတီမှာပါနေတဲ့လူတွေကို လွတ်လွတ်လပ်လပ် သူတို့လုပ်ချင်ရာအလုပ်တွေကို လုပ်လို့ရတယ်ဆိုတဲ့အနေအထား ဖြစ်ဖို့လိုတယ်။  အဲဒါကြောင့်မို့ အချိန်မစွဲသင့်တော့ဘူး။ မရရင်ဖျက်လိုက်၊ နောက်အခွင့်အရေးရလာအောင် ကြိုးစားရလာတဲ့အခါမှာ ပြန်လုပ်ဆိုတဲ့ပုံစံရှိပါတယ်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရခြင်းသည် အေအန်ပီကြောင့် မဟုတ်ဘူး။ ကျမ စောမြရာဇာလင်းကြောင့်မဟုတ်ဘူး။ အစိုးရမပေးလို့ မရတာဖြစ်တယ်။

လူထုတွေ့ဆုံပွဲတွေကျင်းပလို့မရဘူးဆိုတာ အဓိက ဘယ်သူက တားဆီးတာလဲ။

“ အစိုးရကဖြစ်တယ်။ တပ်မတော်ကလည်း ဖြစ်ပါတယ်။ သူတို့တွေကတော့ စိုးရိမ်ကြ တယ်။ ရခိုင်ပြည်ရဲ့အနေအထားတွေအပေါ်မှာပေါ့လေ။ ဥပမာ ထိန်းချုပ်နယ်မြေတို့ တပ်ဖက်က ပြောလာတာရှိတယ်။ ကျမတို့ အန်စီအေထိုးခဲ့စဉ်က ထိန်းချုပ်နယ်မြေမှာ ကျင်းပရမယ်။ ဌာနချုပ် ရှိတဲ့နေရာမှာ ကျင်းရမယ်ဆိုတာမျိုးမရှိဘူး။ ရခိုင်ပြည်သူလူထုရှိတဲ့နေရာမှာ ကျင်းပရမှာပေါ့။ ”

အခုလူထုတွေ့ဆုံပွဲလည်း ကျင်းပခွင့်လည်းမရဘူး။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးကော်မီတီကို ဖျက်သိမ်းလိုက်တယ်ဆိုတော့ အန်စီအေစာချုပ်ပါတိုင်း ဆက်လက် အကောင်အထည်ဖော်မယ့်နေရာမှာ ဘယ်လိုမျိုးအခက်အခဲဖြစ်သွားမလဲ။

“အခက်အခဲရှိပါတယ်။ အဲဒါကို တိုင်းရင်းသားခေါင်းဆောင်တွေက ဘယ်လိုစဉ်းစား မလဲတော့ ကျမသိဘူး။ ကျမတို့အဖွဲ့မှာလည်းပဲ ပါတီအနေနဲ့ စာတမ်းတင်ခွင့်ရတယ်ဆိုရင် စာတမ်းတင်ဖို့ဟာကို ဘယ်လိုစဉ်းစားမလဲ။ ပါတီတခုထဲတင်တဲ့ စာတမ်းကို မဖြစ်ချင်ဘူး။ ပြည်သူ လူထုတရပ်လုံးရဲ့ဆန္ဒနဲ့အညီ ရေးဆွဲတဲ့စာတမ်းပေါ်မှာပဲ ကျမတို့ဖြစ်ချင်တယ်။ အဲဒါကြောင့်မို့လို့ လည်း ကျမတို့က လူထုတွေ့ဆုံပွဲကိုအနည်းဆုံးလုပ်ပြီးတော့မှပဲ လုပ်မယ်ဆိုပြီး စဉ်းစားခဲ့ တာဖြစ်ပါတယ်။”

ဒီလိုဖျက်သိမ်းလိုက်တဲ့အခါကျတော့ အန်စီအေကိုလက်မှတ်ထိုးထားတာကို ဘယ်လို ဆက်လုပ်သွားမလဲ။

“အဲဒါကိုကတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းပေါင်းစုံက ဘယ်လိုသွားကြမလဲဆိုတဲ့ ကဏ္ဍတခုရှိမယ်။ အစိုးရဖက်က အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်မျိုးကို ဘယ်လောက်ထိ ရှိလာမလဲ၊ ဒါပေမယ့် ဒီနေ့အထိကတော့ ဘာမှ မထူးခြားဘူး။ ”

ဒီလိုအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်မရတာက သိသလောက်ဆိုရင်တော့ ရခိုင်နဲ့ ရှမ်းပြည်တပ်မတော်  အာစီအက်စ်အက်စ် ဖြစ်တယ်။

“အာစီအက်စ်အက်စ်နဲ့ရခိုင်နဲ့က မတူဘူး။ အာစီအက်စ်အက်စ်ကိုကျတော့ လုပ်နိုင်တဲ့ အနေအထား တခုခုရအောင် အတတ်နိုင်ဆုံးအစိုးရက လိုက်လျောပေးမယ်ဆိုတာမျိုး၊ ရခိုင်ကို ကျတော့ လုံးဝ လုံးဝကို ချိုးနှိမ်ထားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်။ ကျမတို့က ဘာအကြောင်းပြ ချက်လဲမေးတယ်။ မေးတော့လည်း ရခိုင်ပြည်တည်ငြိမ်မှုမရှိတာကိုပဲ အကြောင်းပြတာဖြစ်တယ်။ ဒါကိုတော့ ကျမတို့ က သင့်တော်တဲ့အကြောင်းပြချက်တခုဖြစ်တယ်လို့ မထင်ဘူး။ ဘာဖြစ်လဲဆို ရင်မောင်တောဒေသပြဿနာဟာ အခုမှ ဖြစ်လာတဲ့ပြဿနာမဟုတ်သလို အနာဂတ်မှာလည်း လွယ်လွယ်ကူကူနဲ့ ဖြေရှင်းလို့ ပြီးသွားမယ့် ပြဿနာမျိုးမဟုတ်ဘူး။ အဲဒါကတော့ ရှင်းတယ်။ ”

ဒါဆိုရင်တော့ အခုလက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိသွားမလဲ။

“ဘယ်လိုသက်ရောက်မှုရှိသွားမလဲဆိုတာကိုတော့ မပြောနိုင်ဘူး။ ကိုယ်တို့ရဲ့အနေ အထားအရဆိုရင်တော့ အခက်အခဲရှိတယ်။ ရှေ့ကိုသွားဖိုရာအတွက်တော့ အင်မတန်မှ စိတ်ပျက် စရာရှိတယ်။ ပါတီတွင်းမှာလည်း ဆွေးနွေးတိုင်ပင်ရဦးမယ်။ ပြောရမယ်ဆိုလို့ရှိရင်တော့ ကျမတို့က မရောင်ရာဆီလူး၊  နယ်စပ်ပြဿနာကို ထည့်သွင်းပြီးမှပဲ စဉ်းစားလို့တော့ မသင့်တော် ဘူး။ လမ်းကြောင်းက ၂ ခုဖြစ်တယ်။ ၁၉၄၂ခုနှစ်ကနေ အကြီးအကျယ်ဖြစ်လာတဲ့ နယ်စပ်ပြဿနာပေါ့လေ။ အဲဒါကိုက ဘယ်အစိုးရပဲတက်တက် အမြဲတမ်းစဉ်းစားပြီးတော့မှ အမြဲတမ်း ဖြေရှင်းနေရမယ့် ပြဿနာဖြစ်တယ်။ အခုကမ္ဘာကြီးကပြောနေတဲ့ R2P  ပေါ့။ စဉ်းစားစရာရှိပေမယ့်လို့ ဒီကိစ္စက ဘယ်သောအခါ ပြီးမလဲဆိုတာ ပြဿနာရှိတယ်။ ပြီးရင်လုပ်မလား မလုပ်တော့ဘူးလားဆိုတာလည်း ပြဿနာရှိတယ်။ အဲဒါကြောင့် နယ်စပ်ပြဿနာက သီးခြားပြဿနာ ဖြစ်တယ်။ ကျမတို့သွားနေတာက အန်စီအေ လမ်းကြောင်းက အန်စီအေ သီးခြားပြဿနာ ဖြစ်တယ်။ ဒီလိုပဲ ကျမတို့က မြင်တယ်။ ”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013