DVB Logo
Home
မြန်မာသတင်း
ဆန့်ကျင်ဘက်အဖွဲ့အစည်းတချို့က တပ်မတော်ကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေဟုကာချုပ်ပြော
DVB
·
March 27, 2018
ဆန့်ကျင်ဘက်အဖွဲ့အစည်းတချို့က တပ်မတော်ကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေဟုကာချုပ်ပြော
Donate to DVB

 

နိုင်ငံအကူးအပြောင်းကာလမှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းအချို့က တပ်မတော်ကို နည်းမျိုးစုံနဲ့ တိုက်ခိုက်လာလို့ တပ်တွင်းစည်းလုံးညီညွတ်ရေးတည်ဆောက်ရမယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ကပြောကြားလိုက်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၇၃ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားလိုက်တာပါ။

“နိုင်ငံအကူးအပြောင်းကာလမှာ တပ်မတော်ကို နိုင်ငံရေးသိက္ခာကျအောင်၊ ပြည်သူ ယုံကြည်မှုပျက်အောင်၊ တပ်မတော်သားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် ဆန့်ကျင်ဘက်အဖွဲ့အစည်းအချို့က နည်းလမ်းမျိုးစုံနဲ့ ထိုးနှက်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် အဲဒီထိုးနှက်တိုက်ခိုက်မှုတွေကို ဆင်ခြင်သုံးသပ်ပြီး တပ်တွင်း စည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားကြရမှာဖြစ်ပါတယ်”

အခြေအမြစ်မရှိတဲ့ စည်းကမ်းမဲ့ပြောဆိုရေးသားမှုတွေဟာ အမုန်းတရားကိုဖြစ်စေပြီး နိုင်ငံရဲ့ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေတဲ့အပြင် နိုင်ငံတည်ဆောက်ရေးမှာလည်း အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။

ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒီနေ့ခေတ် ဆက်သွယ်ရေးကွန်ရက်တွေမှာ သတင်းအချက်အလက် တွေဟာပေါက်ကွဲလုမတတ် များပြားလာတာကြောင့် တပ်မတော်သားတွေအနေနဲ့ အသိတရား လက်ကိုင်ထားပြီး ခွဲခြားစိတ်ဖြာတတ် ဖို့လိုတယ်လို့လည်းတပ်မတော်အကြီးအကဲက ပြောပါတယ်။

“လွတ်လပ်ရေးရပြီးစကာလမှာလည်း နိုင်ငံရေးပါတီတွေရဲ့ လက်ကိုင်တုတ်တွေဟာ သူတို့ရဲ့ အာဏာလွန်ဆွဲပွဲမှာ အနိုင်ရရှိရေးအတွက် တို့တပ်မတော်ကို အသုံးချဖို့ တပ်မတော်အတွင်း လမ်းကြောင်းအမျိုးမျိုးက သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ကြတာ တွေ့ရလိမ့်မယ်။ ဒါကြောင့် တို့တပ်မတော်ကို ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျ ဆင်းအောင် အခြေအမြစ်မရှိတဲ့ ပြောဆိုရေးသားမှုတွေကို သတိတရား၊ အသိတရားတွေနဲ့ ယှဉ်ပြီး တုံ့ပြန်သွား ရမယ် ”

တပ်တွင်းစည်းလုံးညီညွတ်ရေးတည်ဆောက်သလို တပ်ပြင် စည်းရုံးရေးဆောင်ရွက်ရာမှာ လည်း စစ်သည်တော်ကျင့်ဝတ်နဲ့အညီ နေထိုင်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းမှန်သမျှကို ဆောင်ရွက်ပေးရမယ်၊ ဘာသာရေးနဲ့ပတ်သက်တဲ့ အထင်အမြင်လွဲမှားအောင် ပြောဆိုပြုမူနေတာတွေကို ထိန်းသိမ်းရမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013