
ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် အမှတ် ၄၅ ခြေလျင်တပ်ရင်း ဝိဖားဝဒီရန်းဆစ်စခန်းမှာ လွန်ခဲ့တဲ့ ၉ နှစ်က တပ်သားတယောက် တပ်စည်းကမ်း မလိုက်နာမှု၊ အထက်အမိန့်ဖီဆန်မှုနဲ့ ပြင်းထန်စွာ ပြစ်ဒဏ်ပေးခံရပြီး သေဆုံးသွားခဲ့ပါတယ်။
သားဖြစ်သူ တပ်သား “ယုဒ်ထကီနန်” သေဆုံးခဲ့ရတဲ့အပေါ် မိခင်ဖြစ်သူက မကျေနပ်ဘဲ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ၉ နှစ်တိုင် တရားရင်ဆိုင်လာခဲ့တာမှာ ၂၀၂၆ ဇွန်လ ၂၉ ရက်နေ့မှာတော့ ကာကွယ်ရေးဝန်ကြီးဌာန၊ ကြည်းတပ်နဲ့ ကျူးလွန်သူ တပ်သား ၁၁ ယောက်တို့အနေနဲ့ ယုဒ်ထကီနန်ရဲ့ မိခင်ကို ငွေတိုး တနှစ် ၅ ရာခိုင်နှုန်းနဲ့ပါ ဘတ်ငွေ ၄,၁၃၁,၀၀၀ (လေးသန်းကျော်) ပေးလျော်ဖို့ ထိုင်းနိုင်ငံ တရားမမှုဆိုင်ရာတရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ ၂၀၁၇ မတ် ၂၇ ရက်က တပ်သားသစ် ယုဒ်ထကီနန်ဟာ တပ်စည်းကမ်း ချိုးဖောက်တာ၊ အထက်လူကြီးရဲ့ အမိန့်ကို မလိုက်နာဘဲ ဖီဆန်တယ်ဆိုပြီး တာဝန်ရှိသူတွေက ထောင်ဒဏ် ၁၅ ရက် ကျခံဖို့ အပြစ်ပေးကာ သူ့ကိုအချုပ်ထဲ ထည့်လိုက်တယ်၊ အချုပ်ထဲမှာ ပုံစံအမျိုးမျိုးနဲ့ ထပ်မံရိုက်နှက်ဆုံးမခံရတယ်၊ မျက်နှာအနေအထား မမှတ်မိလောက်အောင် ဖူးရောင်သည်ထိ အရိုက်ခံရတယ်၊ မိခင်နဲ့ ဆက်သွယ်ခွင့်ရတော့ သူက အမေ စိတ်မကောင်းမှာစိုးလို့ အိမ်သာထဲ ချော်လဲတာလို့ လိမ်ပြောခဲ့ပါတယ်။
အဲဒီညတညလုံး သူ့ကို သံကြိုးနဲ့ချည်ကာ ထပ်မံနှိပ်စက်တယ်၊ နောက်နေ့တွေမှာ အပြင်ကို ဆွဲထုတ်လာပြီး ဒဏ်ရာတွေ ဆေးမကုဘဲ နေပူလှန်းထားပါတယ်။ နေပူဒဏ်မခံနိုင်လို့ တပ်သားက လဲကျသွားတယ်၊ ဒါပေမဲ့ နေပူထဲမှာပဲ လဲလျောင်းအနေအထားနဲ့ ပစ်ထားခံခဲ့ရပါတယ်။
မတ် ၃၁ ရက်နေ့မှာ ယုဒ်ထကီနန်ဟာ ကိုယ်ပူချိန်မြင့်ပြီး အဖျားဝင်လာခဲ့တယ်၊ အဲဒီတော့မှ ဝိဖာဝဒီ တပ်တွင်းဆေးခန်းကို ပို့တယ်၊ တပ်ဆေးခန်းမှာ မသက်သာတာကြောင့် စူရတ်ဌာနီ ဆေးရုံကြီးမှာ ပြောင်းပြီးကုသတယ်၊ နောက်ဆုံးတော့ သူဟာ အဲဒီဆေးရုံကြီးမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဆေးစစ်ချက်အရ သူဟာ ၅ ရက်တာ နှိပ်စက်ခံထားရတာကြောင့် ပြင်းထန်တဲ့ ဒဏ်ရာတွေ၊ ကျောက်ကပ် ပျက်စီးတာ၊ သွေးအဆိပ်သင့်တာတွေနဲ့ သေဆုံးသွားရတာလို့ ဆိုပါတယ်။
တပ်ထဲက တရားလွန်ဆုံးမအပြစ်ပေးတာကြောင့် သားဖြစ်သူ သေဆုံးရတာဆိုပြီး မိခင်ဖြစ်သူ မယ့်ရေးနူးက လူ့အခွင့်အရေးဆိုင်ရာရှေ့နေတွေနဲ့ တိုင်ပင်ကာ သားအတွက် တရားမျှတမှုရရေး ဆောင်ရွက်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ်အထိရောက်အောင် တိုင်ကြားခဲ့ပါတယ်။
စစ်ခုံရုံးက အမှုစစ်ဆေးပြီး သူ့ကို သေဆုံးသည်ထိ ရိုက်နှက်ခဲ့တဲ့ အရာရှိနဲ့ တပ်သား စုစုပေါင်း ၁၁ ယောက်ကို သူတို့ ကျူးလွန်ခဲ့တဲ့ လုပ်ရပ် အကြီး အသေးကို လိုက်ပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၆ နှစ်ထိ အသီးသီးချမှတ်ခဲ့ပါတယ်။ ကျူးလွန်သူတွေက မိခင် မယ့်ရေးနူးကို လာရောက်ရှိခိုးတောင်းပန်ခဲ့တယ်။ မယ့်ရေးနူးက သူ့အနေနဲ့ ခွင့်လွှတ်ပေးမဲ့ ကံတရားအရတော့ မိမိပြုသမျှ မိမိပြန် ခံရမယ်လို့ ပြောခဲ့ပါတယ်။
အဲဒီနောက် နစ်နာကြေးတွေ ရရှိဖို့ နှစ်ရှည်လများ တရားရင်ဆိုင် တောင်းဆိုလာတာမှာ ကာကွယ်ရေးဝန်ကြီးဌာနက ၁ ယောက်၊ ကြည်းတပ်မတော်က ၁ ဦးယောက်၊ အရာရှိနဲ့ တပ်သား ၁၁ ယောက်၊ ပေါင်း ၁၃ ယောက်တို့အနေနဲ့ မိခင် မယ့်ရေးနူးကို ဘတ် ၄ သန်းကျော် စုပေါင်းပေးလျော်ဖို့ စီရင်ချက်ချလိုက်တာ ဖြစ်ပါတယ်။
Source: Thairath News











