DVB Logo
Home
မြန်မာသတင်း
ခရမ်းလွန်ရောင်ခြည်မြင့်မားနေသဖြင့် နေရောင်တိုက်ရိုက်ထိတွေ့မှုရှောင်ရန် သတိပေး
DVB
·
March 27, 2018
ခရမ်းလွန်ရောင်ခြည်မြင့်မားနေသဖြင့် နေရောင်တိုက်ရိုက်ထိတွေ့မှုရှောင်ရန် သတိပေး
Donate to DVB

 

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ ဒီနေ့အတွက် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားအဆင့်မှာ ရှိနိုင်ပြီး ကျန်ဒေသတွေမှာတော့ လွန်ကဲတဲ့ အဆင့်မှာ ရှိနိုင်တယ်လို့  မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ရင် နေလောင်တာ၊ အသားအရောင် ညိုမည်းတာ ဖြစ်စေနိုင်ပြီး ကြာရှည် ထိတွေ့မယ်ဆိုရင်တော့ မျက်စိတိမ်စွဲတာ၊ အရေပြားကင်ဆာဖြစ်တာ၊ အရွယ်မတိုင်ခင် ရင့်ရော်တာနဲ့ ခုခံအားကျဆင်းတာတွေ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကလည်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ခရမ်းလွန်ရောင်ခြည် ကျရောက်တာ မြင့်မားတဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအချိန်အတွင်းမှာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာကိုရှောင်ပြီး အပြင်ထွက်ဖို့ လိုအပ်ရင်လည်း လုံလုံခြုံခြုံဝတ်ဖို့ အကြံပြုထားပါတယ်။

အဝတ်လွတ်နေတဲ့ နေရာတွေကို သနပ်ခါးထူထူလိမ်းတာ၊ နေရောင်ဒဏ်ကို အနည်းဆုံး ၁၅ ဆ အထိ ခံနိုင်ရည်ရှိတဲ့ နေရောင်ခံ ခရင်မ်တမျိုးမျိုးကို အပြင်မထွက်ခင် ၁၅ မိနစ်လောက် ကြိုလိမ်းပြီး နေရောင်ထဲမှာ ၂ နာရီကြာတိုင်း ထပ်လိမ်းတာတွေ လုပ်သင့်တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ ခရမ်းလွန်ရောင်ခြည်ဟာ မျက်စိကိုလည်း ထိခိုက်နိုင်တာကြောင့် နေကာမျက်မှန် တပ်ဆင်ဖို့လည်း အကြံပြုထားပါတယ်။

ဆီးချို၊နှလုံးရောဂါရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေဟာ ခရမ်းလွန်ရောင်ခြည် အန္တရာယ်ဒဏ်ကို ပိုပြီးခံစားရတတ်တာကြောင့် အထူးဂရုပြုကာကွယ်ဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013