DVB Logo
Home
Lead Story
အမြဲတမ်းရာထူး အာဏာရှင်လက္ခဏာနဲ့ ကမ္ဘာ့အလားအလာ
DVB
·
March 27, 2018
အမြဲတမ်းရာထူး အာဏာရှင်လက္ခဏာနဲ့ ကမ္ဘာ့အလားအလာ
Donate to DVB

ဒီကနေ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ နာမည်ကြီးလာတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တယောက် သူ့ရဲ့ ကမ္ဘာ့လွှမ်းခြုံစီးပွားရေး မူဝါဒတွေ၊ နိုင်ငံတွင်း အဂတိလိုက်စားမှု အမြစ်ပြတ်ရေး ဆောင်ရွက်ချက်တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရင်း တရုတ်ကွန်မြူနစ်ပါတီတွင်းမှာ သြဇာအာဏာ တက်လာခဲ့တာကိုတော့ အထင်အရှား တွေ့လာခဲ့ရပါတယ်။

ရှီကျင့်ဖျင်ဟာ ဆင်ဟွာတက္ကသိုလ်ထွက် ဓာတုအင်ဂျင်နီယာတယောက် ဖြစ်သလို ဖခင်က တရုတ်ကွန်မြူနစ်ပါတီကို တည်ထောင်ခဲ့သူတဦး ဖြစ်ပြီး ဒုတိယဝန်ကြီးချုပ် တယောက်ရဲ့ သားတယောက် ဖြစ်ခဲ့တဲ့အတွက် သူ့ရဲ့ ငယ်စဉ်ဘဝဟာ အခွင့်ထူးခံ မင်းသားတပါးလို နေထိုင်ခဲ့ရ၊ ပညာသင်ကြားခွင့် ရခဲ့သူတယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဖခင်ဟာ နာမည်ကျော် တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးမတိုင်ခင် ၁၉၆၂ ခုနှစ် ပါတီသန့်စင်ရေးမှာ ဖယ်ရှားခံခဲ့ရပြီး အသက် ၁၅ နှစ်သာ ရှိသေးတဲ့ ရှီဟာ ပြန်လည်ပညာပေးမှု အစီအစဉ်အရ အလှမ်းဝေးလှတဲ့ ဆင်းရဲသား ရွာလေးတရွာမှာ အလုပ်ကြမ်းလုပ်ဖို့ စေလွှတ်ခံခဲ့ရပြီး ၇ နှစ်တာ အလုပ်ကြမ်း လုပ်ခဲ့ရပါတယ်။

အဲဒီ သူ့ရဲ့အတွေ့အကြုံဟာ သူ့ရဲ့သမိုင်းမှာ ကြီးကြီးမားမား အလေးထားခံခဲ့ရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ သူ့အဖေကို အဲဒီလို တရုတ်ကွန်မြူနစ်ပါတီက အရေးယူ အပြစ်ပေးခံခဲ့ရသူ၊ ကိုယ်တိုင်လည်း ခံခဲ့ရပေမယ့် ရှီက တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်ရမယ့်အစား တရုတ်ကွန်မြူနစ်ပါတီကို ဝင်ရောက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ သူ့အဖေရဲ့ သမိုင်းအရ သူဟာ အကြိမ်ကြိမ် ပယ်ချ ငြင်းဆန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၁၉၇၄ ခုနှစ်အရောက်မှာ သူ့ကို ပါတီက လက်ခံခဲ့တဲ့အတွက် သူဟာ ပါတီတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့တဲ့အတွက် ဟူဘေးပြည်နယ်ရဲ့ ဒေသပါတီ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရပြီး နောက်ပိုင်းမှာ တခြားနေရာဒေသတွေမှာ ပိုမိုကြီးမားတဲ့ ပါတီရာထူး နေရာတွေကို ခန့်အပ် တာဝန်ပေးခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ တရုတ်ပြည်ရဲ့ ဒုတိယ စီးပွားရေး ဗဟိုအချက်အချာမြို့ဖြစ်တဲ့ ရှန်ဟိုင်းပါတီ အကြီးအကဲအဖြစ် ခန့်အပ် တာဝန်ပေးတာကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ လူသိများ ထင်ရှားတဲ့ အဆိုတော် ပင်းလီယွမ်နဲ့ လက်ထပ်ခဲ့ပြီးချိန်မှာတော့ သူ့ရှေ့က တရုတ်သမ္မတတွေရဲ့ ဇနီးတွေဟာ အစဉ်အလာအရ ခပ်လျှိုလျှိုနေခဲ့ရပေမယ့် သူတို့စုံတွဲကိုတော့ သတင်းမီဒီယာတွေက တရုတ်ပြည်ရဲ့ အထင်ရှားဆုံး သမ္မတ ဇနီးမောင်နှံအဖြစ် ဖော်ပြတာကို ခံခဲ့ရပါတယ်။

အဲဒီလို အသိအမှတ်ပြုခံခဲ့ရတာဟာ အရင်က တရုတ်ကွန်မြူနစ်ပါတီဝင်တွေရဲ့ သက်ကြီးရွယ်အိုလွှမ်းမိုးတဲ့ ပါတီထိပ်ပိုင်းတွေမှာ သူ့ထက်ငယ်ရွယ်သူ စွမ်းဆောင်နိုင်သူတွေကို အစားထိုးနိုင်ခဲ့သလို နိုင်ငံတကာ စီးပွားရေးအခင်းအကျင်းမှာ တရုတ်ပြည်ရဲ့ အခန်းကဏ္ဍကို ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်ရေးကို အစဉ်တစိုက် ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရပါတယ်။

ရှီဟာ သူပြောခဲ့တဲ့ “တရုတ်နိုင်ငံရဲ့ မဟာပြန်လည်ဆန်းသစ်ရေး” ကို သူ့ရဲ့ “တရုတ်အိပ်မက်” အမြင်နဲ့ အင်တိုက်အားတိုက် ကြိုးစားအားထုတ်လာခဲ့တာကို တွေ့ရပါတယ်။ သူ့ရဲ့ သမ္မတသက်တမ်းအတွင်းမှာ တောင်တရုတ်ပင်လယ်ဒေသကို လွှမ်းမိုးထိန်းချုပ်နိုင်ရေး စဉ်ဆက်မပြတ် လုပ်ဆောင်ပြီး ကမ္ဘာတဝန်းရဲ့ အာရုံစူးစိုက်မှု ရရှိရေးကို ယုံကြည်စူးနစ် ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာရဲ့ ဆန့်ကျင်မှုတွေ အင်နဲ့အားနဲ့ ရှိလာခဲ့ပေမယ့် တောင်တရုတ်ပင်လယ်ဟာ သမိုင်းအရကိုက တရုတ်နိုင်ငံရဲ့ ပိုင်ဆိုင်မှုနယ်ပယ်သာ ဖြစ်တယ်ဆိုတဲ့ အဆိုကို ကျားကုတ်ကျားခဲ ကိုင်စွဲ အန်တုခဲ့ပါတယ်။

နိုင်ငံပိုင်သတင်းမီဒီယာတွေကအစ ဒါဟာ တရုတ်နိုင်ငံ ခေါင်းဆောင်ကြီး မော်လို ပုဂ္ဂိုလ်ကိုးကွယ်မှု ထူထောင်ဖို့ ကြိုးစားလာတာ၊0 မျိုးချစ်အမျိုးသားရေးဝါဒ ပြန်လည် ခေါင်းထောင်လာအောင် လုပ်ဆောင်နေတာသာ ဖြစ်တယ်လို့ ဝေဖန် ပြောဆိုလာခဲ့ကြပါတယ်။

ဒါပေမယ့် ရှီ တရုတ်နိုင်ငံသမ္မတ ဖြစ်လာပြီးနောက်ပိုင်း အလေးအနက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ ပါတီထိပ်ပိုင်း တာဝန်ရှိသူတွေကအစ အောက်ခြေ ပါတီတာဝန်ရှိသူတွေအထိ လူတသန်းကျော်ကို အရေးယူ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ကိစ္စအတွက်ကတော့ ရှီတယောက် အမှတ်ရခဲ့သလို နိုင်ငံတကာရဲ့ အလေးထား ချီးကျူးမှုကို ခံခဲ့ရပါတယ်။

ဒါပေမယ့် လေ့လာသူတချို့ကတော့ ဒီစီမံချက်ဟာ သူ့ကို ဆန့်ကျင်သူတွေကို အမြစ်ဖြတ် ဖယ်ရှားဖို့ ရည်ရွယ်တာဖြစ်သလို သူ့ရဲ့ သြဇာအာဏာ တည်ဆောင်ရေးကို ပိုပြီး အခိုင်အမာတည်ဆောက်ဖို့ လုပ်ငန်းစဉ်တွေထဲက တခုသာ ဖြစ်တယ်လို့ ယူဆကြပါတယ်။ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု ဘဝမြင့်တက်ရေးအတွက် စေတနာနဲ့ ဆောင်ရွက်မှုတွေကို ထောက်ခံရမှာ ဖြစ်ပါတယ်။ ရှီရဲ့ ကြီးမားတဲ့ ကမ္ဘာ့လွှမ်းခြုံ စီးပွားရေးမဟာဗျူဟာကြီးဖြစ်တဲ့ “ရပ်ဝန်းတခု လမ်းတသွယ်” ပိုးလမ်းမသစ်စီမံကိန်းကြီးဟာ နိုင်ငံတကာရဲ့ အာရုံကျမှုကို ရရှိအောင် တင်ပြနိုင်၊ စည်းရုံးနိုင်ခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။

တပြိုင်နက်တည်းမှာပဲ သမ္မတ ရှီလက်ထက် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှိပ်ကွပ်မှုတွေဟာလည်း နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ဝေဖန်ရှုတ်ချစရာတွေအဖြစ် တွေ့လာရပါတယ်။ ဥပမာ အွန်လိုင်းဆင်ဆာ ပိတ်ပင်မှုတွေ တိုးများလာမှုတွေနဲ့ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို ဖမ်းဆီးအရေးယူ ထောင်ချတာတွေ များပြားလာမှုတွေကို လူ့အခွင့်အရေး ရှေ့နေတွေက ထောက်ပြနေကြပါတယ်။ သူတို့က မစ္စတာရှီဟာ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကြီး မော် လက်ထက်ကစလို့ အာဏာရှင်အကျဆုံး ခေါင်းဆောင်တယောက် ဖြစ်တယ်လို့ ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။

သူတို့ရဲ့ ဝေဖန်ထောက်ပြမှု အများစုဟာလည်း မှန်ကန်တယ်လို့ ပြောလို့ရပါတယ်။ အစက တရုတ်ပြည်သူလူထုက တိုင်းပြုပြည်ပြု နိုင်ငံခေါင်းဆောင်တယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ ရှီဟာ ၂၀၁၇ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီက မဲပေး ထောက်ခံခဲ့ရတဲ့ “ခေတ်သစ်နဲ့အညီ တရုတ်စရိုက်သဘာဝနဲ့ ကိုက်ညီတဲ့ ရှီကျင့်ဖျင်ရဲ့ ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်” ကို တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းလာအောင် လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဝင်တွေက တခဲနက် မဲပေးလာအောင် ရှီ ဘာတွေလုပ်ဆောင်ခဲ့သလဲ ဆိုတာကို တရုတ်ပြည်သူတွေကိုယ်တိုင်က နားလည်သိမြင်ကြရဲ့လားဆိုပြီး မေးလာရင်တော့ မသေချာဘူးလို့ပဲ ပြောရမှာပါပဲ။

ဒါကလည်း တရုတ်နိုင်ငံတွင်းမှာ ရှိနေတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ လူပုဂ္ဂိုလ် တဦးချင်းဆိုင်ရာ လွတ်လပ်ခွင့်တွေအရ ပြောရတာ ဖြစ်ပါတယ်။ အခြေခံ တရုတ်ပြည်သူလူထုကြီးအတွက် သတင်းမီဒီယာဆိုင်ရာ လွတ်လပ်ခွင့်၊ သတင်းတွေကို သိရှိခွင့်၊ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု စတာတွေနဲ့ ပတ်သက်ပါတယ်။ အာဏာကို ပါတီအရရော အစိုးရအနေနဲ့ပါ တဦးတည်းက ရာထူးနေရာ ရယူထားတဲ့ သူတယောက်ကို မဖောက်ပြန်တော့ဘူး၊ သူဟာ တသက်လုံး နိုင်ငံအကျိုး ပြည်သူလူထု အကျိုးကို  ကိုယ်ကျိုးစီးပွားထက် ပိုပြီးလုပ်ဆောင်မယ့်သူလို့ ဘယ်သူက အာမခံနိုင်မှာပါလဲ။

လူတွေဟာ ဖောက်ပြန်တတ်တယ် ဆိုတာက အမှန်တရားပါ။ အထူးသဖြင့် ပညာတတ်တွေဟာ ဖောက်ပြန်တတ်တယ်ဆိုတဲ့ နိုင်ငံရေး အဆုံးအမလည်း ရှိနေပြန်တော့ တရုတ်ပြည်သူလူထုနဲ့ တိုးတက်တဲ့ ပညာတတ်လူငယ်တွေ သတိကြီးကြီး ရှိသင့်တယ်လို့ ထင်ပါတယ်။ တရုတ်ပြည်တင်မက နိုင်ငံတကာမှာလည်း အတူတူပါပဲ။

ဒီအချိန်မှာပဲ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်က မတ်လ ၁၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရုတ်နိုင်ငံ သမ္မတတယောက်အတွက် ကန့်သတ်ထားတဲ့ ၅ နှစ်သက်တမ်း ၂ ကြိမ် ရွေးချယ်ခံ တာဝန်ထမ်းဆောင်ခွင့်ကို ပယ်ဖျက်လိုက်ပြီး သမ္မတသက်တမ်းကို  အကန့်အသတ်မဲ့ ထမ်းဆောင်ခွင့်ပေးဖို့ မဲပေး ဆုံးဖြတ်ခဲ့တဲ့အတွက် လက်ရှိ ရေပန်းစား လူကြိုက်များနေတယ်လို့ ပြောရမယ့် သမ္မတ ရှီကျင့်ဖျင်တယောက် မသေမချင်း သမ္မတအဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ရသွားပြီလို့ ပြောရမှာပါပဲ။

အဲဒီလိုမျိုး ဖြစ်သင့်ပါရဲ့လား။ အစက သမ္မတသက်တမ်းကို ဖွဲ့စည်းပုံအရ ကန့်သတ်ထားတာက မှားယွင်းလို့ပါလား။ ပြည်သူ့ကိုယ်စားလှယ် ဆိုသူတွေက အဲဒီလို ဘာလို့ မဲပေးခဲ့ကြတာပါလဲ။ သမ္မတ ရှီကျင့်ဖျင်ရဲ့ အရှိန်အဝါ သြဇာကို မလွန်ဆန်ရဲကြလို့ပါလား။ သူတို့ရထားတဲ့ နေရာတွေကနေ အဖြုတ်ခံရမှာကို စိုးရိမ်စရာ အခြေအနေ ရှိလာနေလို့ပါလား။

အဲဒီလိုများ ဖြစ်လာပြီ ဆိုရင်တော့ တရုတ်နိုင်ငံသာမကပဲ နိုင်ငံတကာကိုပါ ရိုက်ခတ် အန္တရာယ်ပေးလာနိုင်တယ်လို့ ပြောရမှာပါပဲ။

အာဏာရှင်စနစ် အမြစ်တခု မြေပြင်မှာ ပြန်စွဲလာတာပဲ ဖြစ်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်။      ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013