DVB Logo
Home
မြန်မာသတင်း
စန္ဒရားတင်ဝင်းလှိုင်၏ ပြောကြားချက်များ မမှန်ကန်ကြောင်း ပြန်ကြားရေး ရှင်းလင်းထုတ်ပြန်
DVB
·
March 27, 2018
စန္ဒရားတင်ဝင်းလှိုင်၏ ပြောကြားချက်များ မမှန်ကန်ကြောင်း ပြန်ကြားရေး ရှင်းလင်းထုတ်ပြန်
Donate to DVB

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ စန္ဒရား(ဦး)တင်ဝင်းလှိုင်က မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာန (MRTV) နဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာတွေဟာ မှန်ကန်ခြင်းမရှိကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာပါတယ်။

မတ်လ ၂၃ ရက်က ရန်ကုန်မှာကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲမှာ  အကောင်းဆုံးတေးဂီတဆု အကယ်ဒမီရရှိခဲ့တဲ့ စန္ဒရား(ဦး)တင်ဝင်းလှိုင်က ကျေးဇူးတင်စကား ပြောကြားရာမှာ MRTV နဲ့ ပြန်ကြားရေးဝန်ကြီးတို့နဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားခဲ့တာပါ။

စန္ဒရား(ဦး)တင်ဝင်းလှိုင်ရဲ့ ပြောကြားချက်တွေထဲက ၎င်း၏ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ် မလွှင့်နိုင်သည်မှာ ၁ နှစ်ရှိပြီ” ဟု ပြောကြားချက်မှာ လုံးဝမှန်ကန်ခြင်းမရှိကြောင်းနဲ့ ပိုက်ဆံမပေးရင် ဘယ်ဝန်ကြီးဌာနမှာမှ မရဘူးဆိုတဲ့စကားနဲ့ ပတ်သက်ပြီး လုံးဝလက်မခံနိုင်ဘူးလို့ မတ်လ ၂၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ပြန်ကြားရေးကြေညာချက်မှာ ဖော်ပြပါတယ်။

“သီချင်းခွေကူးရာမှာ ပိုက်ဆံအရမ်းပေးရတယ်၊ ရေအရမ်းလျှံရတယ်၊ ပိုက်ဆံမပေးရင် လူအဟောင်းတွေနဲ့ ဘယ်ဝန်ကြီးဌာနမှာမှ မရဘူး၊ ပိုက်ဆံပေးရတာချည်းပဲ” ဟူသော ပြောကြားချက်မှာ အဖွဲ့အစည်းတခုကိုသာမက နိုင်ငံတော်အစိုးရ တရပ်လုံး၏ ဝန်ကြီးဌာနများကို သိမ်းကျုံးပုတ်ခတ် စွပ်စွဲပြောကြားချက် ဖြစ်နေပါသည်။ အကယ်၍ ပိုက်ဆံပေးရသည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာန (သို့မဟုတ်) အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အပါအဝင် အထက်အဖွဲ့အစည်း အဆင့်ဆင့်ကို တိုင်ကြားနိုင်ပါသည်။ တိုင်ကြားမှုများကိုလည်း စိစစ်ပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ယေဘုယျဆန်သော စွပ်စွဲချက်ဖြင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ အားလုံးကို အခြေအမြစ်မရှိ ပုတ်ခတ်စွပ်စွဲ ပြောဆိုခြင်းမျိုးကို လုံးဝလက်ခံနိုင်မည်မဟုတ်ပါ။”

ဒါ့အပြင် “ပြည်ထောင်စုဝန်ကြီးနား ကပ်လို့မရဘူး” ဆိုတဲ့ ပြောဆိုချက် မှန်ကန်ခြင်းမရှိကြောင်း၊ ဝန်ကြီးဌာနက တာဝန်ရှိသူတွေအနေနဲ့ တွေ့ဆုံမှုကို ပိတ်ပင်တားဆီး မျက်ကွယ်ပြုခဲ့ခြင်း လုံးဝမရှိတဲ့အပြင် တပ်မတော်မှ နယ်ဘက်သို့ လွှဲပြောင်း အမှုထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီးလည်း မတရားစွပ်စွဲ ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ လုံးဝသင့်လျော်မှု မရှိဘူးလို့ ဆိုပါတယ်။

အဆိုပါဝန်ထမ်းတွေဟာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ တာဝန်ထမ်းဆောင်ခြင်း မရှိပါက မထမ်းဆောင်တဲ့သူတွေကို အမည်နဲ့တကွ တိကျစွာ ဖော်ထုတ်၍ တိုင်ကြားနိုင်တယ်၊ ဒီလို ယေဘုယျဆန်တဲ့  စွပ်စွဲချက်နဲ့ နယ်ဘက်တာဝန် လွှဲပြောင်းထမ်းဆောင်တဲ့ တပ်မတော်သားအားလုံးကို ပုတ်ခတ်စွပ်စွဲပြောဆိုခြင်းဟာ အခြေအမြစ်မရှိတဲ့ ပြောကြားချက်သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စန္ဒရား(ဦး)တင်ဝင်းလှိုင်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး မမှန်ကန်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းတွေက အိတ်ဖွင့်ပေးစာရေးသားကာ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီကိစ္စ သတင်းစာရှင်းလင်းပွဲတွေပြုလုပ် ရှင်းလင်းမယ့်အကြောင်းနဲ့  မမှန်မကန် ပြောကြားခဲ့တာတွေနဲ့ ဒီပြောကြားခဲ့မှုအပေါ် အခြေခံပြီး မမှန်မကန် ထပ်ဆင့်စွပ်စွဲချက်တွေကို လုပ်ဆောင်နေကြတဲ့ သက်ဆိုင်သူတွေကို တည်ဆဲဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ပြန်ကြားရေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013