DVB Logo
Home
မြန်မာသတင်း
ဖောက်ထွင်းမှုသံသယရှိသူအားနှိပ်စက်ခဲ့သည့် ရဲစခန်းမှူးအပါအဝင်ရဲ ၄ ဦးကို ဖမ်းဆီး
DVB
·
March 26, 2018
ဖောက်ထွင်းမှုသံသယရှိသူအားနှိပ်စက်ခဲ့သည့် ရဲစခန်းမှူးအပါအဝင်ရဲ ၄ ဦးကို ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၊ ဒေါင်ချောင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ သိန်းပေါင်း ၄၀၀ ကျော် ဖောက်ထွင်းမှုနဲ့ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို  နည်းမျိုးစုံသုံးနှိပ်စက်ခဲ့တဲ့ လပွတ္တာမြို့နယ် ပိုးလောင်းရဲကင်းစခန်းက စခန်းမှူးရဲအုပ်ကျော်ကျော်နိုင်နဲ့ ရဲတပ်သား ၃ ဦးကို မနေ့က ဖမ်းဆီးလိုက်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သိပါတယ်။

ဒေါင်ချောင်းကျေးရွာမှာနေထိုင်တဲ့ ဦးချစ်ခင်၊ ဒေါ်ယဉ်ယဉ်သန့်တို့နေအိမ်မှာ ဇန်န၀ါရီလ အတွင်းက ဖောက်ထွင်းခိုးယူမှုဖြစ်ပွားခဲ့ပြီး အဲဒီအမှုနဲ့ပတ်သက်ပြီး အိမ်နီးချင်းဖြစ်တဲ့ ကိုခင်မောင်လတ်ကို သံသယတရားခံအဖြစ် ဖေဖော်ဝါရီ ၂၁ ရက်မှာ ပိုးလောင်းနယ်မြေ ရဲစခန်းက ဖမ်းဆီးခဲ့ပြီး ချုပ်ရင်ရမာန်ရယူခြင်းမရှိပဲ မတ်လ ၁၅ ရက်နေ့မှာလည်း အိမ်နီးချင်းဖြစ်တဲ့ ကိုစိုးမြတ်အောင်ကို သံသယ တရားခံအဖြစ် ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။

သူတို့ ၂ ဦးကို ဖောက်ထွင်းမှုနဲ့ပတ်သတ်ပြီး စစ်ဆေးမေးမြန်းရာမှာတော့ ပလက်စတစ် ကော်ဗူးတွေမီးရှို့ပြီး ကော်ရည်ပူအစက်တွေကို ယောင်္ကျားအင်္ဂါနဲ့ ပေါင်သားတွေကိုလောင်းချတာ၊ လက်ထိပ် နောက်ပြန်ခတ်ပြီး ထုပ်တန်းမှာတွဲလောင်း ဆွဲထားတာ၊ မျက်နှာကို လက်ဝါး၊ ကတ္တီပါ ဖိနပ်တွေနဲ့ အချက်ပေါင်းများစွာ ရိုက်နှက်တာ၊ ယောင်္ကျားအင်္ဂါကို ဆေးလိပ်မီးနဲ့တို့တာ၊ ယောက်ျား အင်္ဂါ အမွှေးတွေကို ဆွဲနုတ်နှိပ်စက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ညှဉ်းပန်းနှိပ်စက်ခံရသူ ကိုစိုးမြတ်အောင် က ပြောပါတယ်။

နှိပ်စက်မှုတွေကို မခံနိုင်တဲ့ အဆုံး ကိုခင်မောင်လတ်က ဝန်ခံထွက်ဆိုခဲ့ပြီး ပစ္စည်းပြမယ် ဆိုကာ ရွာပြန်လာတဲ့အချိန်မှာတော့ ပျောက်ဆုံးပစ္စည်းတွေ ရှာမတွေ့ပဲမိန်းမဖြစ်သူကို ရာအိမ်မှူး ခေါ်ခိုင်းကာ ပုဆိုးချွတ် ဒဏ်ရာတွေပြခဲ့တာကြောင့် ဒေါင်ချောင်းရွာသားတွေက လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူးအပါအဝင် အဆင့်ဆင့်တိုင်ကြားခဲ့ပြီး အခုတော့့ဒီအမှုကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကောင်စီကနေ စစ်ဆေးသွားတော့မှာဖြစ်တယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုင်ရာ စုံစမ်းရေးအဖွဲ့ဝင် ဦးဇော်ရမ်းကပြောပါတယ်။

“ရဲစည်းကမ်းကျင့်ဝတ်ထဲမှာလည်း ပါပါတယ် တရားခံကိုဒီလိုညှဉ်းပန်း နှိပ်စက်လို့မရပါဘူး။ ဒီလိုပြုလုပ်တဲ့အတွက်လည်း ရဲစည်းကမ်းနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမှာပါ။ ရဲတပ်ဖွဲ့အနေနဲ့ကတော့ ဥပဒေနဲ့မညီဘူး ရဲစည်းကမ်းဖောက်ဖျက်တယ်ဆိုလို့ရှိရင် အဆင့်မရွေး အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၁၃ ခုနှစ်ကလည်း ပုသိမ်တဖက်ကမ်း သင်္ဘောကျဉ်း နယ်မြေရဲစခန်းမှာ ခိုးမှုတခုရဲ့ သံသယရှိသူ မသန်းသန်းအေးကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနှိပ်စက်စစ်ဆေးတာကို မခံနိုင်တဲ့အဆုံး ပစ္စည်းလိုက်ပြမယ်ဆိုပြီး လှေပေါ်အရောက်မှာ လက်ထိပ်နောက်ပြန်ခတ်အနေအထားနဲ့ ရေထဲခုန်ချ အဆုံးစီရင်ခဲ့လို့ သင်္ဘောကျင်း နယ်မြေရဲစခန်းကတာဝန်ရှိသူတွေကို ထောင်ဒဏ်နဲ့ ရာထူးလျော့ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013