DVB Logo
Home
မြန်မာသတင်း
စက်ရုံလုံခြုံရေးနှင့် ဆန္ဒပြအလုပ်သမားများ ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
May 30, 2012
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ၁ မှာရှိတဲ့  တော်ဝင်မြန်မာ ဇာထိုးပန်ထိုး စက်ရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ စက်ရုံတာဝန်ရှိသူတွေအကြား ဒီနေ့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံရှေ့မှာ လစာတိုးမြှင့်ရေး ဆန္ဒပြနေတဲ့ အလုပ်သမားတွေထဲက အမျိုးသမီး ၃ ယောက်ကို စက်ရုံလုံခြုံရေးက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။

အခင်းဖြစ်ပွားရပုံနဲ့ ပတ်သက်ပြီး ကျူးလွန်ခံရတဲ့ မအေးမြက “ပထမဆုံး ဂိတ်စောင့် အဒေါ်ကြီး တယောက် ထွက်လာပြီးတော့ သမီးတို့ကို လမ်းဖယ်ပေးဖို့ ပြောပါတယ်။ လူထွက်ရင် ဖယ်ပေးမယ် ပစ္စည်းပုံးတွေ ဘာတွေ သယ်ခွင့် မရှိဘူးလို့ သမီးတို့က ပြောတဲ့အချိန်မှာ အဲဒီ အဒေါ်ကြီးက ပြန်ဝင်သွားပြီးတော့ ဂိတ်စောင့် ဦးမောင်နိုင် အပြင်ကို ထွက်လာပါတယ်။ မိန်းကလေးတွေ စားသောက်နေတဲ့ ထမင်းဝိုင်းကို တက်နင်းပြီးတော့ သွားပါတယ်။ ပြီးတော့ နောက်က ကျော်ဇင်ထက် ဆိုတဲ့သူက ဇာပုံးတပုံးကို ထမ်းပြီးတော့ အပြင်ကို ထွက်လာပါတယ်။ ထွက်လာတဲ့အထိ မသဲဖြူမာက အပြင်ကို ဇာပုံးပေးထွက်လို့ မရဘူး။ လူထွက်ချင်ရင် ထွက်ဆိုပြီးတော့ ဇာပုံးကို လှမ်းဆွဲလိုက်တယ်။ လှမ်းဆွဲတဲ့အချိန်မှာ အဲဒီအစ်ကိုက ပုံးကို ပစ်ချပြီးတော့ မသဲဖြူမာရဲ့ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပါတယ်။ ဆုပ်ကိုင်ပြီးတော့ သူတို့ ၂ ယောက် သတ်ပုတ်နေကြပါတယ်။

“သတ်ပုတ်နေတဲ့အချိန်မှာ သမီးက ဝင်ဆွဲတယ်။ ဝင်ဆွဲတဲ့အချိန်မှာ ပထမဆုံးထွက်လာတဲ့ ဦးမောင်နိုင်ကနေပြီးတော့ မသဲဖြူမာရဲ့ နောက်ကနေ ဆံပင်ကို ရစ်ပြီးတော့ ပါးရိုက်လိုက်ပါတယ်။ ပါးရိုက်တဲ့အချိန်မှာ ပြည့်စုံမွှေးကနေပြီးတော့ သူ့ကို မလုပ်ဖို့တားတော့ ပြည်စုံမွှေး ကို ခြေထောက် နဲ့ စောင့်ကန်လိုက်ပါတယ်။ မသဲဖြူက မြေပေါ် ဖင်ထိုင်လဲကျသွားပါတယ်။  အဲဒီနှစ်ယောက်က သမီး ဝိုင်းဆွဲနေလို့ ဆိုပြီး သမီးအင်္ကျီကိုခါးကနေ သိုင်းပြီးတော့ ရင်ဘတ်ရောက်တဲ့အထိ စုတ်ဖြဲလိုက်တယ်။ အဲဒီမှာ ဦးမောင်နိုင်က သမီးကို တွန်းလှဲလိုက်တယ်။ သမီးမြေပြင်ပေါ် ပက်လက် လဲသွားတယ်ပေါ့နော်။”

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စက်ရုံတာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရပါဘူး။ တော်ဝင်မြန်မာ စက်ရုံမှာ အလုပ်သမား ၂ ထောင်လောက်ရှိပြီး ၁ ထောင်က အခြေခံ လစာ ၃ သောင်းတိုးပေးဖို့၊ တနင်္ဂနွေမှာ အလုပ်ပိတ်ပေးဖို့နဲ့ စနေနေ့မှာ ၄ နာရီခွဲပဲ အလုပ်ဆင်းရရေး အတွက် ပြီးခဲ့တဲ့ စနေနေ့က စတင် ဆန္ဒပြခဲ့ကြတာပါ။

စက်ရုံ လုံခြုံရေးတွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး လှိုင်သာယာရဲစခန်းကို သွားရောက် အမှုဖွင့်ထားတယ် လို့ ပြောပါတယ်။

လှိုင်သာယာစက်မှုဇုန် အမှတ် ၁ မှာရှိတဲ့ Hall Mark အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ လောက်က လည်း လစာတိုးမြှင့်ရေး  ဆက်လက် ဆန္ဒပြနေကြပါတယ်။

အလားတူ လှိုင်သာယာစက်မှုဇုန်တွေမှာရှိတဲ့ မြန်မာစန္ဒီ၊ အက်စကွဲ၊ နယူးနဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ ဟာ မေ ၂၉ ရက်နေ့ကစပြီး အခြေခံ လစာတိုးမြှင့်ရေး ဆက်လက် ဆန္ဒပြနေကြပါတယ်။

အလုပ်သမား ၁၂၀၀ လောက်ရှိတဲ့ မြန်မာစန္ဒီဖိနပ်စက်ရုံက အလုပ်သမားတွေကတော့ သူတို့အနေနဲ့ အခြေခံ လစာ ၁၈,၀၀၀ ကနေ ၃၀,၀၀၀ အထိ တိုးပေးဖို့ ဆန္ဒပြတာလို့ အလုပ်သမား တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013