
ပြည်တွင်းမှာ PV (အလည်အပတ် ပတ်စ်ပို့) သက်တမ်းတိုးတဲ့အခါ စည်းကမ်းချက်တွေ ပိုတင်း ကျပ်လာပါတယ်။
ပြည်ပမှာ ၆ လအထက် နေထိုင်ခဲ့သူတွေကို ဘာကြောင့် နေထိုင်ခဲ့လဲဆိုတဲ့ အကြောင်းပြချက်နဲ့ တနှစ်အထက် နေထိုင်ခဲ့သူတွေကို နှစ်အလိုက် တွက်ချက်ကာ အခွန် ပေးဆောင်ခိုင်းနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း PV (အလည်အပတ် ပတ်စ်ပို့) ကနေ PV to PV သက်တမ်းတိုးတာ၊ ဒါမှမဟုတ် PJ (အလုပ်အကိုင် ပတ်စ်ပို့) နဲ့ တခြား ပတ်စ်ပို့အမျိုးအစား သက်တမ်းတိုးရာမှာ စည်းကမ်းချက် တွေ ပိုမိုတင်းကျပ်လာတယ်လို့ ပတ်စ်ပို့အကျိုးဆောင်တွေနဲ့ လျှောက်ထားသူတွေဆီကနေ သိရပါတယ်။
စက်တင်ဘာ ၁၀ ရက်ကစလို့ လက်ရှိ PV ပတ်စ်ပို့ သက်တမ်းတိုးရာမှာ ပြည်ပမှာ တနှစ်နဲ့အထက် နေထိုင်ခဲ့သူတွေကို ဘာကြောင့် ပြည်ပမှာ နေထိုင်ခဲ့တာလဲဆိုတဲ့ အကြောင်းပြချက်ကို မေးမြန်း လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပမှာ ၆ လနဲ့အထက် နေထိုင်ခဲ့သူတွေကို အလုပ်လုပ်တယ်လို့ သတ်မှတ်ပြီး အခွန်ဆောင်ဖို့ တောင်းဆိုတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှ ပတ်စ်ပို့ အကျိုးဆောင်တယောက်က “လက်ရှိအချိန်ထိတော့ သက်တမ်းတိုးလို့ အဆင်ပြေတယ်။ ဒါပေမဲ့ ပြန်လာတိုးသူများရင် PV ၅ နှစ် သက်တမ်း မပေးတော့ဘဲ တနှစ် သက်တမ်းရှိ စာအုပ်ပဲ ထုတ်ပေးတော့မှာ စိုးရတယ်။ PV to PV သက်တမ်းတိုးရင် အိမ်ထောင်စု၊ မှတ်ပုံတင်၊ UID စမတ်ကတ်၊ PV စာအုပ်ဟောင်း အဓိကလိုမယ်၊ အခုလက်ရှိ အခွန်ပါ ဆောင်ရမယ်။ PV နဲ့ ပြည်ပမှာဆို အလုပ်လုပ်နေတာလား၊ ကျောင်းတက်နေလား၊ မှီခိုလား အကြောင်းပြချက်မေးရင် ပြောနိုင်ရမယ်။ အခုချိန် PV အလုပ်လုပ်နေသူဆို ပြန်လာ မတိုးသင့်သေးဘူး။ အလုပ်လုပ်နေတာလို့ သိရင် နောက်ထွက်လာမယ့် PV စာအုပ်ကို ၅ နှစ် မပေးဘဲ တနှစ်သက်တမ်းရှိ စာအုပ်ကို ထုတ်ပေးမှာ စိုးရိမ်ရတာ။ အခု တိုးသူတွေ ရှိတယ် နည်းသေးတယ်။ ခုရက်ထဲ ပေါ်လစီ ပြောင်းမို့ ခဏစောင့်ကြည့်နေကြတာ” လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေမှာတော့ သာမန်နိုင်ငံကူးလက်မှတ်ကို သက်တမ်း ၅ နှစ် သတ်မှတ်ထားပြီး သက်တမ်းမကုန်ခင် ၆ လအတွင်း သက်တမ်းတိုးလျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံကူးလက်မှတ်လျှောက်ထားရာမှာ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနဲ့ UID အပါအဝင် သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ တင်ပြရမယ်လို့လည်း ဥပဒေမှာ ပါရှိပါတယ်။
တဖက်မှာတော့ ပြည်ပမှာ ၆ လနဲ့အထက် နေထိုင်သူတွေကို အခွန်ကိစ္စ မဖြစ်မနေ ဆောင်ရွက် ခိုင်းတယ်လို့ လျှောက်ထားသူတွေက ပြောပါတယ်။
အခွန်တွက်ချက်ရာမှာလည်း ပြည်ပမှာ အလုပ်လုပ်ကိုင်မှု ရှိ၊ မရှိထက် နေထိုင်ခဲ့တဲ့ကာလနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ အခြေခံလစာကို အခြေခံတွက်ချက်တာမျိုး ဖြစ်ပါတယ်။
PV ပတ်စ်ပို့ ကိုင်ဆောင်ထားသူ CDM ဝန်ထမ်းတယောက်က “အခု လောလောဆယ် ကျနော်တို့ လည်း PV ပဲပေါ့နော်။ ဒါကတော့ သူတို့ (စစ်အုပ်စု) က ပြည်ပမှာ ရှိတဲ့ လူတွေကိုတောင်မှ ပြည်ပမှာရှိတဲ့ သူတို့သံရုံးတွေကတဆင့် တင်းကျပ်ထားတာဆိုတော့ သူတို့ဘက်ကနေ ဒါကို တနှစ်ပဲ ပေးမယ်ဆိုလို့ရှိရင်လည်း ကိုယ်တွေဘက်က ဘာမှ ငြင်းဆန်လို့ မရဘူးပေါ့နော်။ အဲတော့ တနှစ်ပဲ ရရ အခြေအနေ အမျိုးမျိုးပေါ့နော်။ သူတို့တင်းကျပ်လိုက်ပြီဆိုရင် ပြည်ပရောက်နေတဲ့သူတွေ မှန်သမျှ ပြည်တွင်းမှာပဲလုပ်လုပ် ပြည်ပမှာပဲလုပ်လုပ် အားလုံး အခြေအနေကတော့ အကျပ်အတည်းတွေကြားမှာပဲ ဖြစ်သွားမှာပေါ့နော်။ အများကြီးတော့ အထူးအထွေ မျှော်လင့်စရာ တော့ မရှိဘူး။ သူတို့လုပ်တဲ့ လမ်းစဉ်ကိုပဲ နောက်က လိုက်ရမှာပေါ့။ အခုကတော့ ဒီအခြေအနေမျိုး ဖြစ်နေတယ်” လို့ ပြောပါတယ်။
ပြည်တွင်းမှာ PV (အလည်အပတ် ပတ်စ်ပို့) သက်တမ်းတိုးသူတွေအတွက် အခုလို စည်းကမ်း တင်းကျပ်လာတာနဲ့အတူ ပြည်ပရောက် PV ကိုင်ဆောင်သူတွေအတွက်လည်း နိုင်ငံကူး လက်မှတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလဲလာနေပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံးမှာ ဩဂုတ် ၁၉ ရက်ကစပြီး PV သက်တမ်း တိုးတာနဲ့ စာအုပ်လဲလှယ်တာတွေကို နေပြည်တော် ခွင့်ပြုချက်ရမှ ဆက်လက် လုပ်ဆောင်ပေးမှာပါ။ PV ကနေ PJ၊ PE စတဲ့ ပတ်စ်ပို့အမျိုးအစား ပြောင်းလဲလိုသူတွေအနေနဲ့ နေပြည်တော်ဘက်က စစ်ဆေးခွင့်ပြုချက် ရယူဖို့ လိုအပ်ပြီး အနည်းဆုံး ၂ လနီးပါး စောင့်ဆိုင်းရမှာပါ။
ဒါ့အပြင် စင်ကာပူ၊ ဩစတြေးလျ၊ နယူးဇီလန်အပါအဝင် အနောက်နိုင်ငံတချို့မှာလည်း PV ပတ်စ်ပို့ သက်တမ်းတိုးတာနဲ့ အမျိုးအစားပြောင်းလဲတာတွေကို ပိုမိုတင်းကျပ်နေပါတယ်။











