DVB Logo
Home
မြန်မာသတင်း
လင်းတ လောက်တော့ ငှက်တိုင်းလှပါတယ်ဆိုတဲ့ သမ္မတလောင်းဦးဝင်းမြင့်ရဲ့ ဘဝပုံရိပ် (ရုပ်သံ)
DVB
·
March 26, 2018
လင်းတ လောက်တော့ ငှက်တိုင်းလှပါတယ်ဆိုတဲ့ သမ္မတလောင်းဦးဝင်းမြင့်ရဲ့ ဘဝပုံရိပ် (ရုပ်သံ)
Donate to DVB


မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့ ၁၀ ယောက်မြောက် သမ္မတကို ရွေးချယ်တင်မြှောက်တော့မှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က ဒုသမ္မတအဖြစ် ရွေးချယ်ထားတဲ့ ဦးဝင်းမြင့်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူစဉ်က လွှတ်တော်ထဲမှာ ပြတ်ပြတ်သားသား ပြောဆိုတတ်သူ ဖြစ်ပြီး လက်ရှိ ဒုသမ္မတ ၃ ဦးထဲမှာ သမ္မတဖြစ်ဖို့ ရေပန်းအစားဆုံးသူ ဖြစ်နေတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ အရည်အချင်းနဲ့ ပြည့်စုံခြင်း ရှိ၊ မရှိကိုတော့  စိစစ်ရေးအဖွဲ့က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဖို့ အစီအစဉ်ရှိပြီး သမ္မတရွေးချယ်ပွဲကိုတော့ လာမယ့် ၂၈ ရက်နေ့လောက်မှာ ရွေးချယ်မှာ ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်ဟာ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ သမ္မတရာထူးတာဝန်ကနေ နုတ်ထွက်သွားသလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ခဲ့တာပါ။

လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာ ပါဝင်ခဲ့သလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်ဟောင်းဖြစ်တဲ့ ဦးတီခွန်မြတ်ကို ရွေးချယ်ခဲ့ပါတယ်။

ဦးထင်ကျော်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကနေ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဦးဝင်းမြင့်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့လို့ အစိုးရအဖွဲ့မှာ အားကောင်းသွားနိုင်ပေမယ့် လွှတ်တော်မှာတော့ အားနည်းသွားနိုင်တယ်လို့ အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေကြောင့် နိုင်ငံတော်သမ္မတနေရာ မရယူနိုင်တဲ့ အခြေအနေမှာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် နိုင်ငံတော်သမ္မတရာထူး ဘယ်သူ ဖြစ်လာမလဲ ဆိုတာကို  ပြည်သူတွေက ရွေးကောက်ပွဲမတိုင်ခင်က သိချင်ခဲ့ကြပါတယ်။

အဲဒီရွေးကောက်ပွဲကြီးမတိုင်ခင် DVB Debate  ရွေးကောက်ပွဲ အထူးအစီအစဉ်မှာ ဦးဝင်းမြင့်ဟာ တက်ရောက်ဆွေးနွေးသူနေရက ပါဝင်ခဲ့သူပြီး သမ္မတနဲ့ ပတ်သက်ပြီး သူ ပြောဆိုခဲ့တဲ့ ဠင်းတ လောက်တော့ ငှက်တိုင်းလှပါတယ်ဆိုတဲ့ တုံ့ပြန်ချက်ဟာ လူအများ သဘောကျတဲ့ စကားလုံးတခု အဲဒီအချိန်က ဖြစ်ခဲ့တာပါ။

သူ့ရဲ့ ဘဝဖြတ်သန်းမှုတွေကို ကြည့်မယ်ဆိုရင် ဦးဝင်းမြင့်ဟာ ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ မွေးပြီး ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ညောင်ချောင်းကျေးရွာဇာတိ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကနေ ဘူမိဗေဒဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး  တရားရုံးချုပ်ရှေ့နေ တယောက်လည်း ဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲတုန်းက ဦးဝင်းမြင့်ဟာ ဓနုဖြူမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သလို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပုသိမ်မြို့နယ်က ဝင်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ လွှတ်တော်လုပ်ငန်းဆိုင်ရာ ကော်မတီ အတွင်းရေးမှူး၊ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးချမ်းရေးကော်မတီ အတွင်းရေးမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ တာမွေမြို့နယ်က ဝင်ပြိုင်အနိုင်ရခဲ့လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ တာဝန် မထမ်းဆောင်ခင် အချိန်တုန်းက ရန်ကုန်တိုင်းဒေသကြီး  တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် မဂ္ဂင်လမ်းမှာ နေထိုင်ခဲ့ပါတယ်။

ဦးဝင်းမြင့်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ချိန်တုန်းက လွှတ်တော် အမတ်တွေကို မာမာထန်ထန်နဲ့ အားမနာတမ်း ကိုင်တွယ်ခဲ့လို့ အမြဲတမ်း မျက်နှာထားတင်းနေတဲ့ ဥက္ကဋ္ဌကြီးလို့ ဝေဖန်ခံခဲ့ရပေမယ့် တောင်သူလယ်သမားတွေရဲ့အရေးနဲ့ လယ်ယာမြေသိမ်းယူခြင်း ကိစ္စတွေမှာတော့ ပြတ်ပြတ်သားသား လုပ်ကိုင်ခဲ့လို့ ပြည်သူတွေရဲ့ အသိအမှတ်ပြုခြင်းကိုလည်း ခံခဲ့ရတဲ့သူ တယောက် ဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် လူထုတွေ့ဆုံပွဲတွေ လုပ်ခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ တရားဥပဒေစိုးမိုးရေး အကြောင်းတွေကို ပြောဆိုခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလ ၈ ရက်က သူ့မဲဆန္ဒနယ်ဖြစ်တဲ့ တာမွေမြို့က လူထုနဲ့တွေ့ဆုံချိန်မှာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ ပြည်သူတွေကို ဖိနှိပ်ဖို့ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိ အုပ်ချုပ်ရေးစနစ်ဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြစ်လို့ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်ပြီး ငြိမ်ဝပ်ပိပြားအောင် လုပ်ဖို့ မဟုတ်ဘဲ မိဘပြည်သူလို တလေးတစားနဲ့ နိုင်ငံ့ဝန်ထမ်းစည်းကမ်း ၁၂ ရပ်နဲ့ အညီ လုပ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဦးဝင်းမြင့် လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့အချိန်ကစပြီး ပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေဟာ ပြည်သူလူထုနဲ့ ဒီမိုကရေစီအခွင့်အရေး ရရှိရေးတွေကို ဦးစားပေး ပြောဆိုခဲ့လို့ သမ္မတာဝန် ထမ်းတဲ့အချိန်မှာ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ဥပဒေပြုရေးလွှတ်တော်ကို စောင့်ကြည့်လေ့လာနေတဲ့ ဦးတင်ကျော်အေးက သုံးသပ်ပြောပါတယ်။

အန်အယ်လ်ဒီ အစိုးရအနေနဲ့ အစိုးရဖွဲ့ပြီးတဲ့အချိန်မှာ တပ်မတော်နဲ့ အဆင်ပြေစေဖို့ကို ဦးစားပေး လုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် ဒီမိုကရေစီအင်အားစုတွေနဲ့ ဝေးကွာသွားခဲ့ပြီး ရင်ကြားစေ့ရေး တဖက်သက် ပေါ်လစီက ဒီမိုကရေစီ ညီညွတ်ရေးကို ပြိုကွဲစေတယ်လို့ ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်ကတော့ ဝေဖန်ထောက်ပြပါတယ်။

ဦးဝင်းမြင့်အနေနဲ့ သမ္မတဖြစ်လာခဲ့ပါက တပ်နဲ့ ဆက်ဆံရေးပျက်မှာ စိုးရိမ်ပြီး လုပ်သင့်တာကို မလုပ်ဘဲ အလျှော့ပေးခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အားမလိုအားမရဖြစ်မှုတွေနဲ့ အန်အယ်လ်ဒီအပေါ် ယုံကြည်မှု နည်းလာမယ်လို့လည်း ဝေဖန်သူတွေ ရှိပါတယ်။

မြန်မာဒီမိုကရေစီအကူးအပြောင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရုန်းကန်နေရတဲ့ အတွက် ထင်သလောက် ခရီးမပေါက်နိုင်ဘူးလို့ ဝေဖန်မှုတွေရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တဲ့အတွက် အန်အယ်လ်ဒီအစိုးရလက်ထက် တက်လာတဲ့ သမ္မတဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေမယ်လို့ ဝေဖန်တာတွေကလည်း ရှိနေတာပါ။

လက်ရှိအစိုးရ သက်တမ်း ၂ နှစ်ကျော် ကာလမှာ မြန်မာ့ငြိမ်းချမ်းရေးဟာ ထင်သလောက် ခရီးမပေါက်နိုင်သေးသလို စီးပွားရေးတိုးတက်မှုတွေကလည်း နှေးကွေးနေတယ်လို့ နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာ အမြင်တွေ ရှိနေပါတယ်။

ဒီလိုအခြေအနေကို နည်းမှန်လမ်းမှန်နဲ့ ရွေးချယ်ခံရမယ့် သမ္မတအသစ်က ကျော်လွှားနိုင်မလား ဆိုတာကတော့ မြန်မာပြည်သူတွေကရော ကမ္ဘာကပါ စိတ်ဝင်တစား စောင့်ကြည့်နေမှာကတော့ အသေအချာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013