DVB Logo
Home
မြန်မာသတင်း
ရေထွက်သယံဇာတ ထိန်းသိမ်းရေးလုပ်ကြရန် ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန တိုက်တွန်း
DVB
·
March 25, 2018
ရေထွက်သယံဇာတ ထိန်းသိမ်းရေးလုပ်ကြရန် ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန တိုက်တွန်း
Donate to DVB

 

ရာသီဥတုဖောက်ပြန်ခြင်းနဲ့ စည်းကမ်းမဲ့ဖမ်းဆီးမှုတွေကြောင့် ရေထွက်ပစ္စည်းသယံဇာတ တွေ လျော့နည်းလာနေပြီး ရေလုပ်ငန်းရှင်များအနေနဲ့ အသိစိတ်ဓာတ်ရှိရှိ ထိန်းသိမ်းကြဖို့ ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းဦးက တိုက်တွန်းလိုက်ပါတယ်။

“ငါးလုပ်ငန်းဖွံ့ဖြိုးတယ်ဆိုပြီးတော့ ဒီလိုပဲ စည်းကမ်းမဲ့ဖမ်းဆီးမှုတွေ၊ ဥပဒေလိုက်နာမှု နည်းနေရင် တချိန်မှာ ဆုံးရှုံးမှုကြုံသွားမယ်၊ နောက်ဆုံး ငါးဖမ်းဆီးမှုမရတော့ရင် ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးပြီးတော့ လူနေမှုဘ၀ပါ ထိခိုက်လာနိုင်မှာဖြစ်တဲ့အတွက် ဒီသယံဇာတ ထိန်းသိမ်းရေးကို အသိစိတ်ဓာတ်ရှိရှိ ရေလုပ်ငန်းရှင်တွေက ငါတို့ထိန်းသိမ်းသင့်တယ်ဆိုတဲ့ အသိစိတ်ရှိ ဖို့လိုပါတယ်။ တခြားနိုင်ငံတွေမှာ Community Base ဆိုတာရှိတယ်၊ ရွာတွေကနေ ကိုယ့်ဒေသ ကို ကိုယ်ထိန်းသိမ်းတဲ့စနစ်ကိုသွားနေပြီ၊ ခု အဲ့လိုမရှိသေးဘူး၊ ကိုယ်ရကိုယ်ယူဆိုတဲ့ စိတ်မျိုးပဲသေး၊ ထိန်းသိမ်းချင်စိတ်မရှိသေးတာတောင် မဖြစ်မနေထိန်းသိမ်းမှသာလျှင် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှာပါ '' လို့ ဦးဇော်မင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံအပြင် အခြားနိုင်ငံတွေမှာလည်း လျော့နည်းလာနေပြီး ငါးဦးစီးဌာနအနေနဲ့ သယံဇာတထိန်းသိမ်းရေးဆောင်ရွက်နေပေမယ့် နိုင်ငံတကာမှာ မွေးမြူထုတ်လုပ်တဲ့စနစ်ကို သွားနေပြီဖြစ်တယ်လို့ သူက ဆက်လက်ပြောကြားပါတယ်။

ဦးဇော်မင်းဦးက ''မွေးမြူထုတ်လုပ်တဲ့ စနစ်ကသာလျှင် ပိုပြီးတော့ သယံဇာတကို ထိန်းသိမ်းဖို့ ဖြစ်စေတာ။ ဒါပေမယ့် ကျနော်တို့ဒေသတွေမှာက ပင်လယ်ပြင်ထဲကနေပြီးတော့ ငါးရတာ များနေချိန် မွေးမြူရေးကို လုံးဝစိတ်မ၀င်စားဘူး၊ အချိန်တန် သွားဖမ်းရင်ရတာပဲလေ၊ မွေးစရာမှ မလိုဘဲဖြစ်နေသေးတယ်။ ဘာလို့ရှားလာလဲဆိုတော့ နိုင်ငံတကာ သယံဇာတရှိမှုနဲ့ ဖမ်းဆီးမှုက ဖမ်းဆီးမှုက ပိုများနေတယ်။ ရှိသင့်တာထက်ပိုများနေတယ်၊ ဒါကို ကန့်သတ် နိုင်တဲ့အခြေအနေ ခုထိမရှိသေးဘူး။ ကန့်သတ်မယ်လုပ်တိုင်း လုပ်ငန်းရှင်တွေရဲ့အခက်အခဲတွေကို လှည့်ကြည့်ရင်းနဲ့ ကန့်သတ်ခြင်းအခြေအနေမရှိသေးဘဲနဲ့ တကယ့်သယံဇာတ ထုတ်ယူသုံးစွဲမှုပမာဏနဲ့ နှစ်တိုင်းမှာ ပိုထုတ်နေတယ်၊ ပိုလျော့လေဖြစ်နေတယ်။ လုပ်ငန်းရှင်တွေရဲ့အခက်အခဲ၊ လူမှုစီးပွားဘ၀တွေကိုလှည့်ကြည့်ရင်း သံသရာလည်နေသေးတယ်လို့ ပြောလို့ရတယ် '' လို့ သူက ပြောပါတယ်။

အခုနှစ်မှာတော့ ငါးလုပ်ငန်းဦးစီးဌာနက မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ)နဲ့ ပုဒ်မ ၂၃ တို့မှာအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကိုကျင့်သုံးပြီးတော့ ငါး/ပုဇွန်ပေါက်ပွားတဲ့ ရာသီပိတ်ချိန်မှာ ငါးနဲ့ သက်ရှိသယံဇာတများထိန်းသိမ်းနိုင်ဖို့အတွက် မြန်မာ့ပင်လယ်ပြင် အတွင်းမှာရှိတဲ့ ပြည်တွင်းပြည်ပရေယာဉ်ငါးဖမ်းရေယာဉ်တွေကို ငါးမဖမ်းရကာလနဲ့ ငါးမဖမ်းရ ဧရိယာအဖြစ် သတ်မှတ်ထားပြီးလည်းဖြစ်ပါတယ်။

ချောင်းတောင်ကျေးရွာနေ ရေလုပ်ငန်းရှင်တစ်ဦးက ''ခုလတွေမှာ ငါးအထွက်နှုန်းကျနေလို့ ပင်လယ်သိပ်မထွက်ကြဘူး၊ ရေငန်ငါးဈေးတွေက ထက်ဝက်နီးပါးလောက်ဈေးတက်နေတယ်၊ မွေးမြူရေးစနစ်ကိုသွားဖို့အတွက် သက်ဆိုင်တဲ့တာဝန်ရှိသူတွေက အောက်ခြေအထိ အဆင်း ပြီးတော့ နည်းပညာပိုင်းအရ၊ ငွေကြေးပိုင်းအရ ကူညီပံ့ပိုးခြင်းတွေကို ပွင့်လင်းမြင်သာစွာ လုပ်မှာသာ အောင်မြင်နိုင်မှာပါ '' လို့ မှတ်ချက်ပြုပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနက ငါးမျိုးစိတ်များမပျောက်ဆုံးစေရေးနဲ့ ထုတ်ယူစားသုံးနိုင်ရေးတို့ အတွက် နှစ်စဉ်မိုးတွင်းကာလတွေမှာ စပါးခင်းစတဲ့ သဘာဝရေပြင်တွေမှာ တလားဗီးယား၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်းငါးမျိုးပေါင်း ငါးသောင်းကျော်ခန့်ကို နှစ်စဉ်ထည့်သွင်းပေးလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

 

ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013